ပုံအညွှန်း-စစ်ကောင်စီဂျက်လေယာဥ်များ(ဓါတ်ပုံ-AFP)။
ဓါတု
မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ရဲတပ်ဖွဲ့ရုံးနှင့် ကားပစ္စည်းအရောင်းဆိုင်များကို စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲရာ ရဲသတင်းပေးသူ၏ဇနီး သေဆုံးသွားပြီး အသက် ၈၀ အရွယ် အဘွားအိုအပါအဝင် အရပ်သား လေးဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိကြောင်း သိရသည်။
ယနေ့ (နိုဝင်ဘာလ ၁၃ ရက်) ညနေတွင် ဗုံးကြဲခံရခြင်းဖြစ်ပြီး ဒဏ်ရာရ အရပ်သားများကို ဆေးရုံသို့ပို့ဆောင်ထားရပြီး ရဲသတင်းတပ်ဖွဲ့မှ ဦးဇော်ဇော်ထွန်း၏ ဇနီးဖြစ်သူ ကျောင်းဆရာမမှာ ဦးခေါင်းလက်နက်ကြီး ကျည်စထိမှန်၍ ဆေးရုံသို့ပို့ဆောင်ရာ ဆေးရုံရောက်ရှိပြီးနောက် သေဆုံးသွားကြောင်း အမ်းမြို့ဒေသခံတဦးက ပြောသည်။
“အမှတ်( ၃ )ရပ်ကွက်က အခုချိန် လူနေအထူထပ်ဆုံးနေရာဖြစ်တယ်။တိုက်ပွဲဖြစ်တာမရှိဘူး။ ဗုံးကြဲလိုက်တဲ့နေရာအနီးအနား လူနေအိမ်အစပ်တွေကို မေးကြည့်လိုက်တာတွေ ဂျက်ဖိုက်တာတွေကြဲပြီးတာနဲ့ အပေါ်ထောင်တက်သွားတယ်တဲ့။ ထိတဲ့အထဲအဘွားအိုရယ်၊ ကလေးတယောက်လည်းပါတယ်။ အဲ့ဒီနေရာကြဲပြီး ရဲတို့ တပ်တို့ တယောက်မှရောက်လာတာမရှိဘူး”ဟု ၎င်းက မဇ္စျိမကိုပြောသည်။
တိုက်ပွဲဧရိယာမဟုတ်သည့် လူနေထူထပ်သည့် အမ်းမြို့သစ် အမှတ်(၃)ရပ်ကွက်ရှိ ရဲတပ်ဖွဲ့ မှူးရုံးအရှေ့ဘက်၊ ရုံးအနောက်ဘက်ခြမ်းကိုဇာနည် ကားပစ္စည်းအရောင်းဆိုင်နှင့် ကိုအောင်ဆန်းတည်းခိုခန်းရှေ့ ၊ ဇော်ကို ကားဝပ်ရှော့ဆိုင်ရှေ့ကို ယနေ့ (နိုဝင်ဘာလ ၁၃ ရက်) ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီ၏ ဂျက်ဖိုက်တာမှ ဗုံး လေးလုံး ပစ်ချခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လက်ရှိအခြေအနေအရ နပခ(အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်) အနီးတဝိုက်အပါအဝင် အမ်းမြို့ ခမရ(၃၇၁)၊ တပ်ထိန်းနှင့် အမ်း-ပဒါန်းကားလမ်းရှိ ပဲပဒုံစစ်ဆေးရေးဂိတ်တွင် တိုက်ပွဲပြင်းထန်နေပြီး နိုဝင်ဘာလ ၁၁ရက် ညပိုင်းက အာရက္ခတပ်တော်(AA)၏ အနီးကပ်ပစ်ခတ်မှုကြောင့် အဆိုပါဂိတ်တွင် တာဝန်ကျနေသည့် ဒုရဲအုပ်ဟန်လင်းထွန်းနှင့် စစ်ကောင်စီတပ်သား တဦး သေဆုံးသွားကြောင့် သတင်းရင်းမြစ်ထံက သိရသည်။
တိုက်ပွဲပြင်းထန်နေခြင်းကြောင့် လတ်တလော မြို့တွင်းပိတ်မိနေသည့်အရပ်သားများမှ စစ်ဘေးရှောင်ရန်အတွက် ယနေ့ နံနက်ပိုင်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တာဝန်ရှိသူတချို့ကို တင်ပြတောင်းဆိုသော်လည်း စစ်ဘေးတိမ်းရှောင်ရန်မလိုအပ်ကြောင်းနှင့် လိုအပ်သည့်လုံခြုံရေးနှင့် ရိက္ခာပစ္စည်းအထောက်အပံ့များကို ပေးမည်ဟု ပြောလွှတ်ထားကြောင်း အမ်းမြို့ခံများထံက သိရသည်။
ယင်းကဲ့သို့ ပြောဆိုသော်လည်း လက်ရှိတွင် ဆန်တပြည် ၁၅,၀၀၀ ကျပ်၊ ဓါတ်ဆီတလီတာ ၄၀,၀၀၀ ကျပ်အထိ စျေးနှုန်းမြင့်တက်သွားခြင်းကြောင့်အခက်အခဲမျိုးစုံ ကြုံတွေ့နေရကြောင်း အမ်းဒေသခံများက ဆိုသည်။
အမ်းမြို့ရှိ တပ်ရင်းတပ်ဖွဲ့ ၁၀ ခုကျော်ကို အာရက္ခတပ်တော်(AA)ကသိမ်းပိုက်ထားနိုင်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။
ယနေ့(နိုဝင်ဘာလ ၁၃ ရက်)သည် အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတို့ ၁၀၂၇ စစ်ဆင်ရေး ရခိုင်ပြည်နယ်တွင် တနှစ်ပြည့်သည့်နေ့ဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ကုန်းလမ်း ရေလမ်း အဖက်ဖက်ကို ပိတ်ဆို့ထားဆဲဖြစ်သည်။
စာတည်း – သန့်ဇော်(သန်လျင်)