ylliX - Online Advertising Network
ပုလောနှင့် ခမောက်ကြီးတွင် စစ်ကောင်စီတပ်က နေအိမ် ၁၅ လုံးကျော် မီးရှို့ဖျက်ဆီး - Dawei Watch

ပုလောနှင့် ခမောက်ကြီးတွင် စစ်ကောင်စီတပ်က နေအိမ် ၁၅ လုံးကျော် မီးရှို့ဖျက်ဆီး – Dawei Watch


ပုလောမြို့နယ်နှင့် ကော့သောင်း၊ ခမောက်ကြီးမြို့နယ်တို့တွင် နိုဝင်ဘာလ ၁ ရက်နေ့မှ ၃ ရက်နေ့အထိ ၃ ရက်အတွင်း နေအိမ်နှင့် ဥယျာဥ်ခြံတဲ ၁၅ လုံးကျော်ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများထံကသိရသည်။

ပုလောမြို့နယ် နန်းတောင်အုပ်စု ကျောင်းနိမ့်ရွာတွင် နိုဝင်ဘာလ ၃ ရက်က ခလရ ၂၈၅ မှထွက်လာသည့် အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီ စစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ခဲ့သည်ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁ ပြန်ကြားရေး တာဝန်ရှိသူက ပြောသည် ။

ယင်းတိုက်ပွဲဖြစ်နေစဥ် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသည့် ကျောင်းနိမ့်ရွာ အဝင်မှ နေအိမ် ဆယ်လုံးကို စစ်ကောင်စီတပ်သားများ မီးရှို့ခဲ့ပြီး ရှစ်လုံး လုံးဝပျက်စီးသွားကြောင်း၊ ကျန်နှစ်လုံးမှာ အနည်းငယ်ပျက်စီးခဲ့သည်ဟု မြေပြင်ရှိ တော်လှန်ရေးရဲဘော်များကဆိုသည်။

“စစ်ကြောင်းက ဘုန်းကြီးကျောင်းမှာတပ်စွဲထားတယ်။ ဝင်လာတဲ့နေ့ (နိုဝင်ဘာ ၃) က စစ်ကြောင်းက အိမ်တွေကိုမီးရှို့နေရင်းနဲ့ တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီဘက်ကတော့ တစ်ဆယ်လောက် ထိခိုက်ဒဏ်ရာရတာမျိုးမြင်ရတယ်။ ကျွန်တော်တို့ဘက်မှာတော့ အထိအခိုက်မရှိခဲ့ဘူး” ဟု မြိတ်ခရိုင် တပ်ရင်း ၁ ပြန်ကြားရေး တာဝန်ရှိသူကပြောသည်။

ယခု ကျောင်းနိမ့်ရွာသို့ ဝင်လာသည့် စစ်ကြောင်း တွင် ခလရ ၂၈၅ တပ်ရင်းမှ စစ်ကောင်စီတပ်သားများအပြင် အောက်တိုဘာလ ၁၄ ရက်ကတည်းက ပြည်ထောင်စုလမ်းမ ပြန်လည်ထိန်းချုပ်ရေး ရည်ရွယ်ချက်ဖြင့် ပုလောမြို့နယ်ကို စစ်ကြောင်းထိုးနေသည့် စစ်ကြောင်းမှ စစ်ကောင်စီတပ်သားအချို့လည်း ပါဝင်သည်ဟု ၎င်းကဆိုသည်။

ယနေ့ နိုဝင်ဘာလ ၅ ရက်အထိ စစ်ကောင်စီစစ်ကြောင်းသည် ထားဝယ်-မြိတ်ကားလမ်းမပေါ်ရှိ ကြဲ ၊ ဇရပ်ဆိပ် စသည့် ကျေးရွာများတွင် ဆက်ရှိနေပြီး အချိန်မရွေး တိုက်ပွဲ ဖြစ်ပွားနိုင်သဖြင့် စစ်ကြောင်းအနီးရှိနေသည့် ပုလောမြို့နယ်မှ ကျေးရွာအချို့ စစ်ဘေးရှောင်နေရသည်မှာ ရက် ၂၀ ကျော်လာပြီဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများနှင့် စစ်ဘေးရှောင် ကူညီပေးနေသူများထံက သိရသည်။

နိုဝင်ဘာလ ၁ ရက် နှင့် ၂ ရက်ကလည်း ကော့သောင်း၊ ခမောက်ကြီးမြို့နယ် မလိဝမ်းဒေသတွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီစစ်ကြောင်းက ဂေါရင်းချောင်းအနီးရှိ ဥယျာဥ်ခြံများအတွင်းမှ ဥယျာဥ်တဲ(နေအိမ်) ငါးလုံးထက်မနည်းကိုလည်း မီးရှို့ခဲ့သည်ဟု ဒေသခံများကပြောပြသည်။

စစ်ကောင်စီ က ခမောက်ကြီးမြို့နယ် ၊ မလိဝမ်းဒေသကို အောက်တိုဘာလ ၂၈ ရက်မှ သတင်းမေးမြန်းခဲ့သည့် နိုဝင်ဘာလ ၅ ရက်အထိ စစ်ကြောင်းထိုးနေဆဲဖြစ်ပြီး အဖမ်းခံထားရသူများလည်းရှိကြောင်း ကော့သောင်း ပကဖထံကသိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *