ylliX - Online Advertising Network
ကယန်းအမျိုးသားတပ်မတော် Kayan National Army ဖွဲ့စည်း

ကယန်းအမျိုးသားတပ်မတော် Kayan National Army ဖွဲ့စည်း


(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၂၄⁨⁨⁨⁨⁨⁨

ကယန်းအမျိုးသားတပ်မတော် Kayan National Army ဖွဲ့စည်း 

ရှမ်းပြည်နယ်တောင်ပိုင်း နဲ့ ကရင်ပြည်နယ် မြောက်ပိုင်းတို့ကိုထိစပ်နေပြီး အနောက်ဘက်မှာတော့ မန္တလေးတိုင်း အရှေ့တောင်ဘက်နဲ့ ထိစပ်နေတဲ့ ကရင်နီပြည် (​​ယခင် ကယားပြည်နယ်) ထဲက ဒေသအချို့ဖြစ်တဲ့ လွိုင်ကော်၊ ဒီမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံနဲ့ အခြားဒေသတွေမှာ ရှိတဲ့ ကယန်းလက်နက်ကိုင် အဖွဲ့တွေကို စုစည်းပြီး ကယန်းအမျိုးသားတပ်မတော် K.N.A ဖွဲ့စည်းလိုက်တယ်လို့ အောက်တိုဘာ ၂၉ ရက်နေ့နေ့စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်လိုက်ပါတယ်။ 

ကရင်နီပြည်မှာ လက်ရှိ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ စစ်အာဏာသိမ်းမှုမတိုင်ခင် ဆယ်စုနှစ်များစွာကတည်းက လက်နက်ကိုင် တပ်ဖွဲ့အဖြစ်ရှိခဲ့တဲ့ KNPP/KA ရှိနေပြီး စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် လမ်းစဥ်ကို ကိုင်စွဲကာ အသစ်ထပ်မံဖွဲ့စည်းခဲ့ကြတဲ့ Karenni Nationalities Defense Force ကရင်နီအမျိုးသားများကာကွယ်ရေး တပ်မတော် တို့က တပ်ဖွဲ့ဝင်အင်အား အများအပြား ရှိတဲ့အဖွဲ့တွေ အဖြစ် သိရှိထားကြပါတယ်။ စစ်အာဏာ မသိမ်းမီကတည်းက ရှိခဲ့ကြတဲ့ နောက်ထပ် လက်နက်ကိုင် အဖွဲ့တွေကတော့ ယခင်စစ်အစိုးရလက်ထက် အပစ်ရပ်အဖွဲ့တွေ ဖြစ်ခဲ့ပြီး ၂၀၀၉/၂၀၁၀ ခုနှစ်တွေမှာ နယ်ခြားစောင့်တပ် အသွင်ပြောင်းခဲ့တဲ့ ကလလတ ကရင်နီလူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး နဲ့ ကယန်းပြည်သစ်တပ်ပါတီ/ကယန်းပြည်သစ် တပ်မတော် တို့ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့ကြတဲ့ မြို့နာမည်နဲ့ အခြားသော PDF တွေ အဖွဲ့ငယ် တချို့ရှိတာ ဖြစ်ပါတယ်။ 

ကရင်နီပြည်က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို လက်နက်ကိုင် ဆန့်ကျင်တဲ့ အင်အားစုအသစ်တွေ ဖွဲ့စည်းပြီး အစောဆုံး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ဒေသဖြစ်သလို လက်နက်ကိုင် လမ်းစဥ်ကို ကိုင်စွဲပြီး အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်လိုကြတဲ့ ပြည်တွင်းကလူငယ်တွေ၊ CDM လှုပ်ရှားမှုလုပ်လို့ စစ်ကောင်စီက ဖမ်းဆီးဖို့ ကြိုးစားတာကြောင့် တိမ်းရှောင်ရတဲ့ CDM ဝန်ထမ်းတွေ၊ အခြားသော တက်ကြွလှုပ်ရှားသူ အများအပြား ဦးတည်သွားရောက်ကြတဲ့ ဒေသတခု အဖြစ်သိရှိခဲ့ကြပြီး မိမိတို့နဲ့ နီးစပ်ရာ အစုအဖွဲ့တွေက လက်နက်ကိုင် အဖွဲ့ငယ်တွေ ဖွဲ့စည်းကာ လှုပ်ရှားကြတဲ့ ဒေသတခုအဖြစ်လည်း သိရှိကြပါတယ်။ အခြားသော တိုင်းရင်းသား ဒေသတွေထက် လွတ်လပ်တဲ့ အနေအထားမျိုး ရှိကာ အထက်ကလို တိမ်းရှောင်လာတဲ့ CDM တွေ၊ လက်နက်ကိုင်တိုက်ခိုက်ဖို့ ရည်ရွယ် ခိုလှုံလာသူတွေကို ဒေသခံတွေအနေနဲ့လည်း ရင်းနှီးစွာ လိုလားစွာ ကြိုဆိုလက်ခံခဲ့တဲ့ ဒေသတခုလို့ဆိုရင် မှားမယ် မထင်ပါဘူး။ 

ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက် အသစ်ပေါ်ထွက်လာတဲ့  KNDF နဲ့ အရင့်အရင်ကတည်းက တည်ရှိခဲ့တဲ့ အစဥ်အလာရှိတဲ့ ကရင်နီလက်နက်ကိုင် အဖွဲ့ KNPP အကြား ပူးပေါင်းဆောင်ရွက်မှု ရှိနှင့်ပြီးဖြစ်ကာ အခြားသော လက်နက်ကိုင်အဖွဲ့တွေ ဖြစ်တဲ့ ကလလတ၊ ကယန်းပြည်သစ်ပါတီ တို့လို တပ်ဖွဲ့တွေအကြား တိုက်ခိုက်မှုဖြစ်ပွားတာမျိုးမရှိဘဲ စစ်အာဏာရှင်တပ်နဲ့လည်း ပူးပေါင်းဆောင်ရွက်တာမျိုး မတွေ့ရဘူးလို့ သတင်းတွေ လေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။ 

အခုပေါ်ထွက်လာတဲ့ ကယန်းအမျိုးသား တပ်မတော်က ရည်ညွှန်းထားတဲ့ မြို့ ၄ မြို့နဲ့ အခြားသောဒေသက ပြန့်ကျဲနေတဲ့ လက်နက်ကိုင် အဖွဲ့တွေကို စုစည်းကာ ဖွဲ့စည်းတယ်လို့ ဆိုထားပြီး ဒီဒေသတွေမှာ PDF အမည်နဲ့ လက်နက်ကိုင်အဖွဲ့တွေကို စုစည်းတဲ့ သဘောလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ 

IEC လို့ အတိုကောက်ခေါ်ဆိုတဲ့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီဝင် ဖြစ်သူကတော့ RFA သတင်းဌာနကို ဖြေကြားရာမှာ သံတမန်ဆန်စွာ စစ်အာဏာရှင်တိုက်ဖို့ နောက်ထပ်အင်အားစု တခုပေါ်ထွက်လာတဲ့သဘောလို့ ပြောဆိုပြီး ဘယ်လို ပူးပေါင်းလုပ်ဆောင်ကြမလဲ ဆိုတဲ့ စစ်ရေးဆိုင်ရာ လက်တွေ့အလုပ်လုပ်ကြမယ့် အပိုင်းတော့ အသေးစိတ် မသိသေးဘူးလို့ ပြောဆိုထားပါတယ်။ 

K.N.A က အမျိုးသားညီညွတ်ရေး အစိုးရ NUG ကို ပြည်ထောင်စု အစိုးရအဖြစ် အသိအမှတ်ပြုပြီး စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးအတွက် ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ ယေဘုယျအားဖြင့် ထုတ်ပြန်ချက်မှာ ဖေါ်ပြထားတာ တွေ့ရပြီး NUG နဲ့ ဘယ်လိုဆက်ဆံရေး​ရှိသလဲ ဆိုတဲ့အချက်တွေလည်း အခုအချိန်မှာ မသိရှိနိုင်သေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ကရင်နီပြည် မှာ မတူကွဲပြားတဲ့ လူမျိုးစုတွေ ရှိကြတဲ့အနက် ကယန်းလူမျိုးစုတွေကို အဓိကစုစည်းတဲ့ သဘောလို့ နားလည်ရကာ တခြားသော အင်အားကြီးမားတဲ့ KNPP/KA, KNDF တို့နဲ့ မဟာမိတ်အဖြစ်နဲ့ ပူးပေါင်း လှုပ်ရှားနိုင်လိမ့်မယ်လို့ ယေဘုယျအားဖြင် ယူဆနိုင်တဲ့ သဘောလို့ အကဲဖြတ်ရပါတယ်။

မြန်မာနိုင်ငံ အရှေ့ဘက်၊ အရှေ့မြောက်ဘက်နဲ့ အနောက်နယ်စပ်တလျှောက်က တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို သုံးသပ်ကြည့်ရင် အများစုသော အဖွဲ့တွေက နိုင်ငံရေးထက် စစ်ရေးဦးစားပေးကာ တင်းကြပ်တဲ့ ဗဟိုချုပ်ကိုင်မှု၊ အမိန့်အာဏာနဲ့ ဖွဲ့စည်းလှုပ်ရှားကြတာတွေ့ရပြီး အရှေ့တောင်ဘက်ဒေသ၊ အနောက်မြောက်ဘက်ဒေသတွေက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေထဲမှာတော့ ဒေသအလိုက်၊ မျိုးနွယ်အလိုက်၊ သို့မဟုတ် ခေါင်းဆောင်မှုအလိုက် လက်နက်ကိုင် အဖွဲ့ခွဲတွေ ထပ်မံရှိနေကြတာ တွေ့ရမှာပါ။ စစ်အာဏာရှင်ကို အနိုင်တိုက်နိုင်ဖို့ရာမှာ စစ်ရေးအရ တခုထည်းသော အမိန့်ပေးစနစ် မဟုတ်ခဲ့ရင်တောင် စုစည်းမှုရှိတဲ့ တပ်ပေါင်းစုလိုမျိုး ဖွဲ့စည်းနိုင်မှသာ မြန်မြန်ဆန်ဆန် အနိုင်ယူ တိုက်ခိုက်နိုင်လိမ့်မယ် ဆိုတဲ့ ယူဆမှုလည်း ရှိနေတာဖြစ်သလို တဖက်မှာလည်း ဒေသအလိုက် သို့မဟုတ် လူမျိုးစုငယ်တွေ အလိုက် သီးခြားလက်နက်ကိုင် အဖွဲ့ခွဲတွေ ပေါ်ထွက်လာနေတာလည်း ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်မယ့် ရည်မှန်းချက်အောက်မှာ မတူကွဲပြားခြင်းကို အသိအမှတ်ပြု လက်ခံဖို့လည်း လိုအပ်သလို တဖက်မှာလည်း လက်နက်ကိုင် တိုက်ပွဲမှာ စုစည်းမှု၊ တစုတစည်းထည်း လှုပ်ရှားနိုင်မှုက အင်အားဖြစ်စေတဲ့ အချက်ကလည်း အလေးထားရမယ့် အချက်တချက်ဖြစ်တာ ပကတိအခြေအနေ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *