(မိုးမခ) အောက်တိုဘာ ၃၀ ၊ ၂၀၂၄
တမြို့ပြီးတမြို့ အသိမ်းခံနေရသလို၊ နောက်ထပ် တိုင်းစစ်ဌာချုပ်ကြီးတခုလည်း ပါလုပါခင် ဖြစ်နေတဲ့ ကာလမျိုးမှာတောင် ကြင်စိုးက ပြုံးလိုက် ရယ်လိုက်နဲ့ ဆိုတော့၊ ဘေးနားကလူတွေ စိတ်ထဲ သို့လော သို့လော ဖြစ်လာကြတယ်။ အင်း၊ အရင်လို ယဉ်ယဉ်လေး ရူးနေတာကနေ၊ အခုတော့ သွက်သွက်ခါအောင် ရူးသွားခဲ့ပြီလား ဆိုပြီး တွေးစပြုကုန်ကြတယ်။
ဘယ်လိုပဲရူးရူး ကြင်စိုးက အရူးပါး၊ အဲဒီ’ သို့လော’အုပ်စုထဲ မဲလုံးလည်း ပါနေတာကို သူက သတိထားမိတယ်။
‘တပည့်ကျော်ကြီး မဲလုံး၊ မင်း ငါ ဘာဖြစ်နေတာလဲလို့ တွေးနေတယ် မဟုတ်လား’
မဲလုံးက စကားမှားသွားမှာစိုးလို့၊ ဘာမှပြန်မဖြေ။ ဒါပေမဲ့ ဆက်ပြောပါဦး ဘပုရဲ့ ဆိုတဲ့ စူးစမ်းအကြည့်နဲ့ ကြင်စိုးကို ပြန်ကြည့်လိုက်တယ်။
‘မင်း စဉ်းစားကြည့်ကွာ၊ တနိုင်ငံလုံး ရှိရှိသမျှလူတွေ အို ..ကွာ၊ ကလေးရော ခွေးရော ဝိုင်းဆဲခံနေရတဲ့ ငါ့ဘဝ ဘယ်လို စိတ်ချမ်းသာနိုင်မှာလဲ၊ အင်း..ခွေးကတော့ မဆဲပါဘူး၊ စကားအဖြစ်ပြောတာပါ။ ခွေးတွေက ဒေါသပဲထွက်မှာ၊ သူတို့နဲ့ အနှိုင်းခံရလို့ ဆိုပြီး’
ထုံးစံအတိုင်း အစည်းအဝေးများမှာ စကားပြောသလို၊ ဟိုရောက် ဒီရောက် စိတ်ကစဉ့်ကလျားနဲ့ပဲ လိုရင်းမရောက်ဘဲ ပြောနေတာမို့၊ မဲလုံး စိတ်ရှည်ရှည်နဲ့ ကြင်စိုးအပြောကို ဆက်စောင့်နေတယ်။
‘ရူးရူးမိုက်မိုက်နဲ့ အာဏာသိမ်းကြတာချင်း အတူတူ ငါ့အလှည့်ကျမှ တပြည်လုံး ရွံရှာမုန်းတီးကြတာ အထွတ်အထိပ် ရောက်ကုန်ကြတယ်၊ နောက်ဆိုရင် ဘယ်သူကမှ သူတို့မွေးတဲ့ ကလေးတွေကို၊ ငါ့နာမည်ရင်းအတိုင်း မအလ လို့ နာမည်မှည့်ကြမှာ မဟုတ်ဘူး။ အကယ်ဒမီ အပေးခံရတဲ့ မင်းသားနာမည်မျိုး ဖြစ်ဖို့ဆိုတာ ဝေလာဝေး’
‘စိတ်ကအတော်လေး ဆင်းရဲနေတာ၊ အခု Miss ပြိုင်ပွဲပြီးမှ ငါ့ရဲ့ အမူအကျင့်တွေကို ဆက်ခံနမူနာယူကြတဲ့သူတွေ တွေ့လာရမှ၊ ငါ့မှာ ပြုံးနိုင် ရယ်နိုင်တော့တယ်၊ ငါ့ကို စံနမူနာထားကြတဲ့ မျိုးဆက်သစ်လေးတွေ ရှိပါသေးလား ဆိုပြီး ပေါ့၊ ဒါက ခဏ အာရုံလွှဲလိုက်နိုင်တာအပြင် ငါ့အတွက် ထပ်ရလိုက်တဲ့ အမြတ်ကွ’
အဲဒီကျမှ မဲလုံး သဘောပေါက်သွားတယ်။ Miss ပွဲအပြီးမှာပဲ သူ့ကို မင်း အိမ်မပြန်တော့နဲ့၊ ဒီနေ့ညစာငါနဲ့ အတူစား သွားဆိုပြီး အပျော်လွန်ခဲ့တဲ့ ကြင်စိုးကို ပြန်အမှတ်ရသွားလို့။ ထမင်းစားနေတုန်းလည်း ပါးစပ်က ခဏခဏ ရွတ် နေသေးတယ်။ ‘ငါ့ကိုနမူနာယူကြတဲ့ အရှုံးကို လက်မခံနိုင်တဲ့သူတွေလည်း ရှိပါသေးတယ်ကွ’ ဆိုပြီးပေါ့။
ပြီးတော့ ကြင်စိုးက အဆက်အစပ်မရှိ စကားကို ဆက်ပြောနေတယ်။ ‘အခွင့်အရေးဆိုတာ ၂ ခါမရနိုင်ဘူးကွ၊ ရအောင် ယူတတ်ရတယ်’
ကြင်စိုး ပါးစပ်က အဲဒီလိုထွက်လာတိုင်း မဲလုံးတို့တတွေ ကျောချမ်းကြပါတယ်။ သိကြတဲ့အတိုင်း အမြဲလိုလို မှန်းချက်နဲ့ နှမ်းထွက်မကိုက်တဲ့ ကြင်စိုး၊ အခုတော့ သိကြတဲ့အတိုင်း ခွေးရူးအိုကြီး နှာနုဖြတ်ရိုက်ခံရသလိုလို၊ အမြီးဖြတ်ပြီး လည်မျိုပဲ နင်းခံရသလိုလို နေ့ရော ညပါ ခံနေရတဲ့ ဒုက္ခမျိုးစုံက မသေး။
အခုလည်း လုပ်လာပြန်ပြီ။ သူ့အတွေးနဲ့သူကတော့ ဟုတ်လို့။ ကြည့်လေ Miss ပြိုင်ပွဲစနက်နဲ့ ဟိုနေရာမှာ ပန်ထွာ ဘုရင်မ ဒီနေရာမှာ ပန်ထွာဘုရင်မ ဆိုတဲ့အသံတွေ ပွစိပွစိ ကြားရတာနဲ့ပဲ၊ သူ့ကိုသာ ပန်ထွာဘုရင်မ ဝင်စားလို့ ထင်ကြ မြင်ကြရင် ပြည်သူတွေကြား သူလည်း အတော့်ကို ရေပန်းစားနေမှာပဲလို့ တွေးမိတယ်ဆိုပြီး မဲလုံးကို ပြောပြနေတာ။
မဲလုံးကလည်း စိတ်ထဲရှိတဲ့အတိုင်း ‘ဘပု ပြောတာတော့ မဆိုးပါဘူး၊ တခုပဲ ရှိတယ်၊ ဘပု ဖြတ်ဖောက်ချုပ်လုပ်ဖို့ တော့ လိုလိမ့်မယ်’လို့ ပြန်ပြောလိုက်တယ်။ ဟုတ်တယ်လေ၊ ဟိုက ပန်ထွာဘုရင်မပါဆိုမှ။
စတင်းဒတ်အာမီကြီးကို ခေါင်းဆောင်နေပေမယ့်၊ ဒေါ်စိန်အေးကျောင်းတုန်းက ဇာတ်သွင်းတာ ခံထားရသူပီပီ ဖြတ်ဖေါက်ချုပ်ကိစ္စက ကြင်စိုးအတွက် နည်းနည်းလေးမှ ပြဿနာမရှိ။ ခက်တာက သူသာ ဘုန်းကညာတပါး လုံး ရာ ကပြားသွားရင်ဖြင့် ရှိစုမဲ့စု ထောက်ခံကြသူတွေ ဒလ ဟော လျော့သွားနိုင်တာကို စဉ်းစားမိပြီး၊ တခြားနည်း လမ်း ရှာမှတော့ ဖြစ်မယ်လို့ တွေးနေမိတယ်။
သိပ်တော့မကြာလိုက်ဘူး။ ကြင်စိုးခေါင်းထဲ အကြံတခုပေါ်လာတယ်။ ပြောရိုးပြောစဉ် ခေါင်းထဲကလို့သာ ပြော ရတာပါ၊ တကယ်က ကြင်စိုးကို ခေါင်းမပါတဲ့ကောင်လို့ပဲ အားလုံးက သတ်မှတ်ထားကြတာ။ ဒါနဲ့ပဲကြင်စိုးက မဲလုံးနဲ့ ဆက်တိုင်ပင်တယ်။
‘မဲလုံး၊ ငါတို့နိုင်ငံမှာ ရာဇဝင်တွေ သမိုင်းတွေနဲ့ ပတ်သက်ရင် သူ ပြောတာမှန်သမျှ လူအများက လက်ခံကြတာမျိုးဆို မင်း ဘယ်သူ့ကို ပြေးမြင်သလဲ’
မဲလုံး ခဏစဉ်းစားလိုက်တယ်၊ ပြီးတော့ ‘အင်း သမိုင်းဆရာကြီး ဦးသန်းထွန်းလို့ပဲ ပြောရမှာပေါ့ ဘပု’လို့ ပြန်ဖြေတယ်။
အင်း ဟုတ်ပြီ၊ ဒါဆိုရင် ဒီလိုလုပ်ကြရမယ်ဆိုပြီး ကြင်စိုး စဉ်းစားလိုက်တယ်။ ရာဇဝင်ထဲမှာ ပန်ထွာဘုရင်မ မဟုတ်ဘဲ ပန်ထွာဘုရင်ကြီးလို့ ပြင်နိုင်ခဲ့ရင် ငါ ဖြတ်ဖေါက်ချုပ် လုပ်ဖို့ မလိုတော့ဘူးပေါ့၊ ငါကပဲ ရာဇဝင်ထဲက ပန်ထွာဘုရင်ကြီး ဝင်စားသလိုလို သတင်းလွှင့်လိုက်ရုံပဲ၊ အနည်းဆုံးတော့ ရေပေါ်ဆီတွေ၊ အူကြောင်ကျားတွေ၊ မနူးမနပ်တွေက ငါ့ကို ဝိုင်းပြီး ဘုတ်ကြ (အဲလေ) မြှောက်ကြမှာ ဆိုပြီးဆက်တွေးနေတယ်။ မဲလုံးကိုလည်း ဒီအကြောင်း ရှင်းပြလိုက်တယ်။
‘ဒီတော့ မင်း တာဝန်က မင်းပြောတဲ့ သမိုင်းက ဆရာကြီးဦးသန်းထွန်းကို ရအောင်ရှာပြီးခေါ်ခဲ့၊ ငါ့အကြံ သူ့ကို ပြောပြမယ်’
မဲလုံး အတော်ကြီး စိတ်ညစ်သွားတယ်၊ နလပိန်းတုံး ကြင်စိုးက ဆရာကြီး ဦးသန်းထွန်းက ဘာလဲဆိုတာလည်း ကောင်းကောင်းမသိ၊ သမိုင်းက ဆရာကြီးလို့ ပြောလိုပြော၊ ဒီတော့ ရှိသေးလား၊ မရှိတော့ဘူးလား ဆိုတာမျိုးက ပိုဝေးပေါ့။
‘ဘပု ဆရာကြီးက မရှိ….’
မဲလုံး စကားတောင် မဆုံးလိုက်၊’ မရှိရင် ရှိတဲ့နေရာ လိုက်ရှာပြီး မရ ရအောင် ခေါ်လာခဲ့၊ ပါမလာခဲ့ရင် မင်းကို အမ်း စစ်ဌာချုပ်ဘက်ကို ပြောင်းလိုက်မယ်၊ ရေဘူးပေါက်တာ မလိုချင်ဘူး၊ ရေဘူးထဲ ဘီယာရှိနေဖို့ပဲ မြင်ချင်တယ်’
ကြင်စိုးစကားမှား ပြောတာတော့ မဟုတ်၊ အခုနောင်ပိုင်း စိတ်ညစ်ညစ်နဲ့ သူ့စားပွဲရှေ့က ရေဘူးထဲ ဘီယာတွေချည်း ထည့်ပြီး လှိမ့်သောက်နေတာဆိုတော့ ဒီလိုပဲ ပြောရတာပေါ့။
မဲလုံးပြဿနာ အကြီးအကျယ် တက်ပါလေရော၊ မရှိတော့တဲ့ သမိုင်းပါမောက္ခဆရာကြီး ဒေါက်တာသန်းထွန်းကို ဘယ်လို သွားရှာရမှာလဲ။ ဒါပေမဲ့ ရအောင်ရှာရမှာဖြစ်တဲ့အတွက် ထုံးစံအတိုင်း ကလိန်ကကျစ်ဉာဏ်တွေနဲ့ အကြံထုတ်ရပါတော့တယ်။ ပြီးတော့ သူ့လူတွေနဲ့ တိုင်ပင်တယ်။
‘အေး ရအောင်သာခေါ်ခဲ့၊ သမိုင်းဘက်က ဆရာကြီး ဦးသန်းထွန်း ဆိုပြီးရော၊ သူ့ဘာသာ ပယောဂဆရာကြီး ဖြစ်ဖြစ် ဘာဖြစ်ဖြစ်၊ ပြီးတော့ ပြောလိုက် ကြားသမျှကို ဟုတ်ကဲ့သာ ပြော၊ လုပ်ပေးမယ်၊ ဖြစ်စေရမယ်သာ ပြော၊ ခါတိုင်း လူနာ လိုက်ကြည့်ခထက် ၁၀ ဆ ပိုပေးမယ်လို့။ အရေးကြီးတာက ဘပုမှန်း၊ ငါတို့မှန်းတော့ မသိစေနဲ့နော်’
နောက်ဆုံးတော့ တွေ့ကရာ သမိုင်းဘက်က ဆရာကြီးဦးသန်းထွန်းကိုပဲ ပင့်လာခဲ့ခိုင်းလိုက်တယ်။ သူက ပယောဂကုတဲ့ ဆရာကြီး ဆိုတော့ ကြိမ်လုံးလေး တကိုင်ကိုင်နဲ့ ပါလာခဲ့တာပေါ့။ ပယောဂဆရာကြီးနဲ့ ဇာတ်တိုက်ထားရသလို တိုက်ပုံအဖြူဝတ်ပြီး ထိုင်စောင့်နေတဲ့ ဘပုကိုလည်း တဖက်လှည့်နဲ့ နားချရပြန်တယ်။
ဘပုမှန်းမသိအောင် ရုပ်ဖျက်လိုက်ဦး၊ တတိုင်းပြည်လုံးက အသိအမှတ်မပြုကြလည်း၊ ကိုယ့်ဘာသာ နိုင်ငံအကြီးအကဲ သတ်မှတ်ထားတဲ့သူက သမိုင်းအချက်အလက်တွေ ဟိုပြောင်း ဒီပြောင်းလုပ်တာ မသင့်တော်ဘူး၊ တခြားသူတယောက် အနေနဲ့ ဆွေးနွေးညှိနှိုင်းတဲ့ပုံစံ ဖမ်းရမယ်ပေါ့။
ဒီလိုနဲ့ပဲ၊ သမိုင်းကဆရာကြီး ဦးသန်းထွန်းလို့ ကြင်စိုး နားလည်ထားတဲ့ သမိုင်းဘက်က ပယောဂဆရာကြီး ဦးသန်းထွန်းနဲ့ ရုပ်ဖျက်ထားတဲ့ တိုက်ပုံဖြူဝတ် ကြင်စိုးတို့နှစ်ဦး၊ တမင်တကာ အလင်းရောင်ခပ်မှိန်မှိန် ပြုလုပ်ထားတဲ့ အခန်းထဲက စားပွဲရှည်ကြီးထိပ် တဖက်တချက်မှာ ထိုင်ပြီး စကားပြောကြတယ်။
‘ချစ်ခင်လေးစားရပါသော သမိုင်းက ဆရာကြီးဦးသန်းထွန်းခင်ဗျား‘ လို့ အစချီလိုက်ရင်ပဲ ပယောဂဆရာကြီးက ဘာကြောင့်မှန်းမသိဘဲ ကြိမ်လုံးကို ခပ်တင်းတင်း ဆုပ်မိသွားတယ်။ ဒီလေသံမျိုး ကြားဖူးသလိုလို ဆိုပြီးလည်း စိတ်ထဲက ထင်သွားတယ်။ ကြင်စိုးက ဆက်ပြောနေတယ်။
ပယောဂဆရာကြီးကလည်း ဒီတိုက်ပုံဖြူကောင်က ဘာ့ကြောင့် ဗိဿနိုးတွေ၊ ပန်ထွာတွေ လျှောက်ပြောနေတာလဲ ဆိုပြီး စဉ်းစားနေတယ်။ ဟုတ်ပါတယ်၊ ဖြစ်စေရမယ်လို့သာ ပြောလိုက်၊ လူနာကြည့်ခ ၁၀ဆ ရမယ်ဆိုလို့သာ လိုက်ခဲ့ရတာ၊ သိပ်တော့ ဇာတ်ရည်မလည်ဘူး။ အင်း၊ ဒီကောင်က တော်တော်လေကြောရှည်တဲ့ကောင်ပဲ လို့ လည်း တွေးမိတယ်။
‘ကျနော့်အနေနဲ့ ထပ်မံအသိပေး ပြောကြားလိုတာကတော့’ ဆိုပြီး ကြင်စိုး အဆုံးသတ်ခါနီးမှာတော့ ပယောဂ ဆရာကြီး ငိုက်နေရာက ရုတ်တရက် နိုးလာတယ်။ နေဦး နေဦး ဒီကောင့်ဟန်ပန်နဲ့ လေယူလေသိမ်းကြည့်ရတာ ဟို သားရေကြိုး၊ မွေရိုး၊ မအလကောင်နဲ့တောင် ဆင်နေသလိုပဲလို့လည်း ခေါင်းထဲပေါ်လာတယ်။ အဲဒီ မွေရိုးကောင် စကားပြောတာ နားထောင်ရင်း၊ အိမ်က တီဗီကြီး ရိုက်ခွဲပစ်လိုက်တာကိုလည်း ပြန်သတိရပြီး နှမြောလာတယ်၊ ခွေးမသား မွေရိုး သူ့ကြောင့်။
ပြန်စဉ်းစားရင်း ဒေါသနဲ့ အသားတောင် တဆတ်ဆတ် တုန်လာတယ်။ အဲဒီမွေရိုးကောင်အကြောင်း ခေါင်းထဲ ရောက်လာတိုင်း ပျို့အန်ချင်သလိုလိုနဲ့ အော်ဂလီဆန်လေ့ရှိတယ်။တခုခုကို ပေါက်ခွဲကန်ကျောက် ရိုက်နှက်ပစ်ချင် တဲ့ စိတ်တွေလည်း ပေါ်လာတတ်တယ်။
‘ဒါ့ကြောင့်မို့ ဗိဿနိုးသမိုင်း ပြင်ဆင်ရေး လုပ်ငန်းကြီးကို နိုင်ငံတော်ရဲ့ အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် ခံယူပြီး ‘ပြည်သူအားလုံး ပါဝင်လို့ သမိုင်းပြင်ဆင်ကြပါစို့’ ဆောင်ပုဒ်နဲ့အညီ တိုင်းရင်းသားပြည်သူတရပ်လုံးနဲ့အတူ သမိုင်းက ဆရာကြီးဦးသန်းထွန်းကလည်း အင်တိုက်အားတိုက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်း နှိုးဆော်ရင်း နိဂုံးချုပ်အပ်ပါတယ်’
အဲဒီလို ကြင်စိုးလည်းပြောပြီးရော သောက်ကျိုးနည်း၊ မွေရိုးကောင်နဲ့ တထပ်တည်း တူလွန်းသကွာလို့ တွေးမိပြီး စိတ်ကို သူ ဘယ်လိုမှ ထိန်းလို့မရတော့ဘူး။ ပူဇော်ခတွေ ဘာတွေ ဘယ်လောက်ရမယ်ဆိုတာလည်း မတွေးနိုင်တော့ဘူး။ စိတ်ထဲမှာ အဲဒီမွေရိုး တိုက်ပုံဖြူကောင်ကို ပယ်ပယ်နယ်နယ် ဆော်ပစ်ချင်စိတ်ပဲ တဖွားဖွား ပေါက် လာတယ်။ ဒီကောင် ပယောဂ အတုံးလိုက်အတစ်လိုက် ဝင်နေတဲ့ကောင်ပဲ ဖြစ်ရမယ်လို့လည်း တွေးမိလာတယ်။
ဒါနဲ့ပဲ တဘက်စားပွဲထိပ်ဆီ အပြေးသွားပြီး၊ လက်ထဲက ကိုင်ထားတဲ့ ကြိမ်လုံးနဲ့ အားရပါးရ ကြင်စိုးကို ဖင်လှန် ရိုက်ပါလေတော့တယ်။ ကြင်စိုး တင်မကဘူး၊ အခန်းပြင်က စောင့်နေကြတဲ့ လုံခြုံရေးတွေလည်း အငိုက်မိသွားကြတယ်။ နောက်မှ သတိဝင်ပြီး ဝင်ဆွဲကြပြုကြတဲ့အခါမှာတော့ ကြင်စိုးခမျာ သူ့တင်ပါးကို ပွတ်ရင်း၊ ကြမ်းပြင်ပေါ် လေးဘက်ထောက် လဲကျနေပြီ။
ပယောဂဆရာကြီးကို ဘယ်လိုဖြစ်ပျက်ရတာလဲလို့ ဝိုင်းမေးမြန်းကြတော့ မင်းတို့ တိုက်ပုံဖြူကောင်က ပယောဂဝင်နေတဲ့ အပမှီနေတဲ့ကောင် ဖြစ်မယ်၊ ငါလည်း စိတ်ကို ထိန်းမရဘူး၊ ပျင်းရိပျင်းတွဲ လေသံနဲ့ ဘာတွေပြောနေမှန်းလဲ မသိဘူး၊ ငါ့စိတ်ထဲ ဟိုတပြည်လုံးဝိုင်းဆဲနေကြတဲ့ မွေရိုးကောင်ကိုပဲ မြင်ယောင်လာပြီး ကြိမ်လုံးနဲ့ အသေဆော်ချင်စိတ်တွေ ထိန်းမနိုင်သိမ်းမရ ပေါ်လာလို့ ဆိုပြီး ပြန်ဖြေတယ်။
ကြင်စိုးလည်း နောင်ကြဉ်သွားတဲ့ ပုံပါပဲ။ ‘အင်းလေ တကယ့်ပညာရှင်တွေဆိုတာက အဲဒီလိုပဲ၊ သူတို့ကို ဖိအားပေးလို့ မရဘူး၊ မပြင်ချင်ရင်လည်း ရှိပါစေတော့ကွာ’လို့ အရှက်ပြေပြောရင်း၊ ကျွတ်သွားတဲ့ ပုဆိုးကို ပြန်ဝတ်ရှာတယ်။ စိတ်ထဲကတော့ ဘယ်ကျေနပ်ပါ့မလဲ။
ဘာပဲဖြစ်ဖြစ် ကြင်စိုး ဖြစ်ချင်သလို လိုက်မလုပ်ခဲ့တဲ့ ပယောဂဆရာကြီးကိုတော့ ကျေးဇူးတင်ရမယ်။ နို့မို့ကတော့ တီဗီဖန်သားပြင်မှာ တိုက်ပုံအဖြူမဝတ်တော့ဘဲ သင်းခွေချပ်ကောင်ပုံလိုလို ဝတ်စုံဝတ်ပြီး၊ လက်ညှိုးတထိုးထိုး မျက်လုံးတပြူးပြူးနဲ့ စစ်မာန်ဝင့်ချီ မိန့်ခွန်းပြောနေတဲ့ ပန်ထွာဘုရင်ထီး ကြင်စိုးကို ကြည့်ရင်း တတိုင်းပြည်လုံး အကုသိုလ်ပွား စိတ်ဆင်းရဲနေကြရမှာမို့လို့ပါ။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar