The Eur Asian Times
အရေးပါသော ပေကျင်းအခြေစိုက် ထုတ်လုပ်ရေးနေရာတခု၌ ဒုံးလွှတ်စင်သစ် ၆၀ နီးပါးကို ဂြိုလ်တုဓာတ်ပုံသစ်များက ဖမ်းယူရရှိခြင်းနှင့်အတူ တရုတ်၏ DF-26 တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် (IRBMs) များ သိုလှောင်မှုက သိသိသာသာ ကြီးထွားလျက် ရှိသည်။
Umbra ဂြိုဟ်တုဖြင့် ၂၀၂၄ စက်တင်ဘာ ၉ ရက်က ရိုက်ယူထားသော synthetic aperture radar (SAR) ရေဒါဓာတ်ပုံတွင် ပေကျင်း ကျင်းဟန် လျှပ်စစ်ဓာတုစက်ရုံ၏ နေရာသစ်၌ ထားရှိထားသော DF-26 ဒုံးကျည်ပစ်စင် TELs ၅၉ ကို တွေ့ရှိရကြောင်း Janes ကာကွယ်ရေးကုမ္ပဏီမှ သုတေသီများအရ သိရသည်။
၂၀၂၃ မှ ၂၀၂၄ အထိ ပုဂ္ဂလိကဂြိုဟ်တုဓာတ်ပုံများကို အခြေပြုသော သတင်းများကလည်း အဆိုပါ စက်ရုံသည် ၂၀၂၀-၂၁ ၌ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဒုံးကျည်တပ်ဖွဲ့( PLARF )သို့ နောက်ဆုံး ဒုံးကျည်များ ပေးပို့ပြီးနောက်ပိုင်း အနည်းဆုံး DF-26 TELs ၇၂ ခုကို တပ်ဆင်ခဲ့ကြောင်း ညွှန်ပြနေသည်။
အသစ် ထုတ်လုပ်သော အဆိုပါ TELs များက 36-TEL တပ်မဟာ နှစ်ရပ်၌ အပြည့်အဝ တပ်ဆင်ထောက်ပံ့မည်ဖြစ်ရာ တရုတ်၏ ဒုံးကျည်အင်အားစုအား သိသိသာသာ မြှင့်တင်ပေးသည်။
ယခုကဲ့သို့ TELs ဒုံးလွှတ်စင်များ တိုးထုတ်ခြင်းသည် တာလတ်ပစ် ပဲ့ထိန်းဒုံးကျည် အင်အားစုကို မြှင့်တင်မည်ဟု တရုတ်၏ ကတိကဝတ်မှ ရောင်ပြန်ဟပ်ခြင်းပဲ ဖြစ်ကာ ယင်းက အင်ဒို-ပစိဖိတ်တွင် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များအတွက် စိုးရိမ်ပူပန်စရာပဲ ဖြစ်သည်။
ယခု ဂြိုဟ်တုဓာတ်ပုံများမှ တွေ့ရှိမှုသည် မကြာသေးခင်က “နျူကလီးယား စိန်ခေါ်မှု၊ မဟာဗျူဟာ ပြိုင်ဘက်များနှင့် ဒေသတွင်း ယှဉ်ဘက်များ၏ ကြီးထွားလာသော စွမ်းရည်” ဆိုသော အစီရင်ခံစာပါ အချက်များနှင့်လည်း ညီညွတ်နေသည်။ အဆိုပါ အစီရင်ခံစာက တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA )ဒုံးကျည်တပ်ဖွဲ့သည် ရွေ့လျား DF-26 တာလတ်ပစ်ပဲ့ထိန်းဒုံးကျည်များ သိုလှောင်မှု တိုးချဲ့ခြင်းအား ဆက်လက်လုပ်ဆောင်နေကြောင်း မှတ်ချက်ချထားသည်။
အဆိုပါ ဒုံးကျည်များသည် မြေပြင်ပစ်မှတ်များအပေါ် နျူကလီးယားနှင့် သမရိုးကျ ပစ်မှတ်တိကျ တိုက်ခိုက်မှုများနှင့် ရေတပ်ပစ်မှတ်များကို သမရိုးကျ တိုက်ခိုက်မှုများအား စွမ်းဆောင်နိုင်စွမ်း ရှိသည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန( DoD )ကလည်း ၎င်း၏ ၂၀၂၂ နှစ်ကုန်အထိ ဖြစ်ထွန်းမှုများအား လွှမ်းခြုံသော ၂၀၂၃ တရုတ်စစ်စွမ်းရည်အစီရင်ခံစာတွင် PLARF သည ၎င်း၏ DF-26 သိုလှောင်မှုကို တသမတ်တည်း ချဲ့ထွင်နေကာ ယင်းအချိန်အထိ ခန့်မှန်း IRBM ဒုံးလွှတ်စင် ၂၅၀ ခန့် ရှိနိုင်သည်ဟု မှတ်ချက်ချထားသည်။
အဆိုပါ DoD ၏ စာရင်းတွင် ပေကျင်းစက်ရုံမှ TELs ဒုံးလွှတ်စင်များလည်း ပါဝင်ဖွယ် ရှိသည်ဟု အမေရိကန်သိပ္ပံပညာရှင်များအသင်း FAS က ယူဆသည်။
သို့ရာတွင် SAR နှင့် ၂၀၂၂ မှ အခြားသော လစဉ် ဓာတ်ပုံအချက်အလက်များက ညွှန်ပြနေသည်မှာ မကြာသေးသော လများထိတိုင်အောင် မြင်သာထင်သာရှိသော DF-26 တပ်ဆင်မှု အရိပ်လက္ခဏာများက ဆက်စပ်အားဖြင့် နည်းပါးသည်ကို ညွှန်ပြရာ ဖြစ်ထွန်းတိုးတက်မှုများနှင့် သိုလှောင်မှုတို့၏ အတိုင်းအတာနှင့် ပတ်သက်ပြီး မေးခွန်းများ ဖြစ်ပေါ်စေသည်။
ဂြိုဟ်တုပုံရိပ်များကို ကိုးကားပြီး Janes မှ ပညာရှင်များက PLARF တပ်မဟာ အနည်းဆုံး ခုနစ်ခုတွင် DF-26 IRBM တပ်ဆင်ပြီးကြောင်း ထုတ်ဖော်ပြောဆိုသည်။ ထို တပ်ဆင်ထားသည့် တပ်မဟာများမှ ကျင်းရွှီမှ ကောလာအထိ မဟာဗျူဟာ တည်နေရာများတလျှောက်က တပ်များ ပါဝင်ရာ ဒေသအား လွှမ်းခြုံနိုင်ရေး ရည်ရွယ်သည့် တရုတ်၏ မဟာဗျူဟာကို မီးမောင်းထိုးပြသနေသည်။
သို့ရာတွင် တရုတ်၏ ဒုံးကျည်တပ်ဖွဲ့ ဖွဲ့စည်းပုံအတွင်း DF-21 စနစ်ဟောင်းတွင် အစားထိုးခြင်း သို့မဟုတ် အပြည့်အဝ စစ်ဆင်နိုင်မှု စွမ်းရည်သို့ ရောက်ရှိရေးအတွက် TELs များကို ရှိပြီးသား DF-26 တပ်မဟာများသို့ ထောက်ကူပံ့ပိုးမလားဆိုခြင်းကို သုတေသီများက ကျိန်းသေစွာ မဆိုနိုင်ကြပေ။
အောက်တိုဘာ ၁၇ ရက်က အန်ဟွေ့ပြည်နယ်ရှိ PLARF တပ်ဖွဲ့တဖွဲ့အား တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်ကြည့်ရှုစစ်ဆေးသည့်နောက် မကြာသေးသည့်အချိန်အတွင်း “ဂူအမ်အမြန်ပို့ကုန် (Guam Express) ဟုလည်း အမည်ရထားသော DF-26 ဒုံးကျည်အား စိတ်ဝင်စားမှုများ မြင့်တက်လာကြခြင်း ဖြစ်သည်။
ဒုတိယကမ္ဘာစစ် ပြီးဆုံးခြင်း အထိမ်းအမှတ် တရုတ်၏ ၂၀၁၅ စစ်ရေးပြသမှု၌ ပထမဆုံး ထုတ်ပြလာသော DF-26 ဒုံးကျည်သည် တရုတ်၏ လက်နက်သိုက်အတွင်း ပို၍ ခံ့ညားလောက်သော လက်ဝယ်ပိုင်မှုအဖြစ် ရုတ်ခြည်း ထွက်ပေါ်လာခဲ့သည်။
သမရိုးကျနှင့် နျူကလီးယားထိပ်ဖူးကြား မြန်မြန်ဆန်ဆန် ပြောင်းလဲအသုံးပြုနိုင်သော ယင်း ဒုံးကျည်စနစ်ကို မြေပြင်နှင့် ရေတပ်ပစ်မှတ်များ နှစ်ရပ်စလုံးအား တိကျသော တိုက်ခိုက်မှုအတွက် ဒီဇိုင်းထုတ်ထားသည်။ China Aerospace Science and Technology Corporation (CASC) မှ ထုတ်လုပ်သော DF-26 သည် အကွာအဝေး မိုင် ၃,၁၀၀ ကျော်အထိ ရောက်ရှိသည်။
အဆိုပါ ကျယ်ပြန့်သော အတိုင်းအတာကြောင့် အင်ဒို-ပစိဖိတ်တလွှားက အရေးပါသော အမေရိကန် စစ်ရေးစခန်းများကို ပစ်မှတ်ထားတိုင်စွမ်း ရှိခြင်းဖြင့် မဟာဗျူဟာ လက်ဝယ်ပိုင်ဆိုင်မှု ရှိထားခြင်းပဲ ဖြစ်သည်။ ထိုသို့ ပစ်မှတ်ထားနိုင်သည့် အမေရိကန် စစ်ရေးစခန်းများတွင် ချာမော်ရိုဒေသခံများ အခေါ်အားဖြင့် “ကျွန်ုပ်တို့ အပိုင်” ဟု အဓိပ္ပာယ်ရသော ဂူအမ်ကျွမ်းက အဓိကစခန်းများလည်း အပါအဝင် ဖြစ်သည်။
DF-26 ဒုံးကျည်၏ ကုန်မြေနှင့် ရေတပ်စစ်သင်္ဘောများအား ပစ်မှတ်ထားနိုင်သည့် နှစ်မျိုးစုံ စွမ်းဆောင်နိုင်ရည် ဂယက်သည် အမေရိကန် ကာကွယ်ရေး မဟာဗျူဟာ ပညာရှင်များအတွက် အဓိက တပ်လှန့်မှုပဲ ဖြစ်သည်။ ဖြစ်လာနိုင်သော ပဋိပက္ခတခု၌ အမေရိကန်သည် ဒေသတွင်း အင်အားကို ထုတ်ပြရန် တိုက်ခိုက်ရေး ရေယာဉ်အုပ် နောက်ခံပြုထားသော ၎င်း၏ လေယာဉ်တင်သင်္ဘောအုပ်စုကို အလွန်အကျွံ မှီခိုရလိမ့်မည် ဖြစ်သည်။
သို့ရာတွင် DF-26 ၏ ချိန်ထိုးပစ်မှတ်အား ပြောင်းနိုင်စွမ်းသည် အဓိက ခြိမ်းခြောက်မှု တရပ် ဖြစ်လာပြီး အမေရိကန်ရေတပ်၏ သာလွန်လက်ရုံးအတွက် အမှတ်သညာဖြစ်သည့် အလွန်အရေးပါသော လေယာဉ်တင်သင်္ဘောများအတွက် အဓိက ခြိမ်းခြောက်မှု ဖြစ်လာသည်။
DF-26 ၏ ထိရောက်မှုအစွမ်းနှင့် ပတ်သက်ပြီး အချို့သော ပညာရှင်များက သံသယရှိကြောင်း ဖော်ပြကြပြီး သတိထားစရာ ခြိမ်းခြောက်မှုဖြစ်သော်လည်း ချဲ့ကားထားခြင်းလည်း ဖြစ်နိုင်သည်ဟု ဆိုကြသည်။ တရုတ်စစ်တပ်က ထို ဒုံးကျည်များ သိုလှောင်မှုကို တိုးချဲ့မည့် မျှော်မှန်းချက်က ဒုံးကျည်၏ စွမ်းဆောင်ရည်အပေါ် အလွန် ယုံကြည်ထားကြောင်းကို ပြသနေသည်။
ယခု နောက်ဆုံး အစီရင်ခံစာက ဖော်ပြထားသည့်အတိုင်း တရုတ်က ၎င်း၏ DF-26 သိုလှောင်မှုအား တိုးချဲ့ခြင်းကို တစိုက်မတ်မတ် လုပ်ဆောင်နေခဲ့ပါက ယင်းသည် ပဋိပက္ခဖြစ်စဉ်၌ PLARF ၏ မဟာဗျူဟာ ကြံရွယ်ချက်များအပေါ် မီးမောင်းထိုးပြလိုက်ခြင်းပဲ ဖြစ်ပေမည်။
အမေရိကန်ရေတပ် ရေငုပ်သင်္ဘော တပ်မှူးဟောင်း တွမ်ရှုဂတ်က မဟာဗျူဟာအရ တွက်ချက်မှုတွင် “သံသယ ရှိမနေပါနဲ့၊ ပင်လယ်စစ်ပွဲတရပ်မှာ PLA ဟာ အစားထိုးဖို့အတွက် ဒေါ်လာဘီလီယံများစွာ ကုန်ကျမယ့် ဖျက်သင်္ဘောတစင်းအတွက် တစင်းမှ ဒေါ်လာ သန်း ၂၀ လောက်ပဲ စရိတ်ရှိနိုင်တဲ့ ဒုံးကျည်တစင်း ဒါမှမဟုတ် နှစ်စင်း၊ သုံးစင်းလောက်ကို ပျော်ပျော်ကြီး ပစ်လွှတ်မှာပဲ ဖြစ်တယ်”ဟု မီးမောင်းထိုး ပြောဆိုထားသည်။