(မိုးမခ) အောက်တိုဘာ ၂၂ ၊ ၂၀၂၄
ပြိုဆင်းနေတဲ့ စာနာခြင်းနံဘေး
ယိုင်နဲ့နဲ့ ဗို့အား မေတ္တာဓာတ်တွေ
အတောမသတ်နိုင်တဲ့ လောဘဆိုတာ
အသေသတ်ခြင်းနဲ့ ယှဉ်တွဲနေတဲ့
ဘေထွက်ဆိုးကျိုးတစ်မျိုး
အရိုးကို အရိုးနဲ့ ပြန်ထိုးလို့
တွန်းလှန်ရတဲ့ ခေတ်ထဲ
လက်ဆစ်တွေ နာကျင်ရ
နှလုံးသားအစစ်တွေ ကြေကွဲရ
ဝိညာဉ်တော် အပိုင်းအစများ
တစ်စစီ လွင့်ပါးရ
ထာဝရ မြေစာပင်တွေက
အုတ်ကြို အုတ်ကြားထဲ
မြေဩဇာမရ အာဟာရပြတ်လပ်
မြက်ပင်စိမ်းစိမ်းတွေနဲ့
ချည်တဲ့ ကြိုးက ဆွေးမြည့်ယိုယွင်းခဲ့ရ
ကြေကြေညက်ညက် ထွန်ယက်မရတဲ့
အရိုင်းမြေပြင်ကို
ရှိသမျှ အသွေးသွန်းလို့ ပြုပြင်ရပေါ့
သန်းခေါင်ထက် ညက ပိုနက်လာတဲ့အခါ
အချိန်အခါမဟုတ် အိပ်တန်းပြန်ရတဲ့
အသိုက်မြုံ အပျက်အစီးကြားက ကြယ်စုန်းတွေ
အသွားစေသူ တစ်စုံတစ်ဦးက
ကမ္ဘာမကြေသော စစ်ပွဲဆီသို့
ပစ်လွှတ်ခံရတဲ့ မြားတစ်စင်းအဖြစ်
ညို့မှိုင်းနေတဲ့ တောင်တန်းတွေက
မျက်ရည်တွေရဲ့ အနိဌာရုံကပ်တစ်ခု
အသက်ကို အသက်နဲ့
အလဲအထပ် လုပ်ရတဲ့ ပွဲတော်ထဲ
တည့်ခင်းထားတဲ့ အသွေးနဲ့ အသားက
အောက်မေ့ဖွယ်ရာ ယဇ်ပုလ္လင်တစ်ခုလို
ဆုတ်လည်း ရူးရ
စားလည်း ရူးရ
တရားသော လမ်းဆိုတာ
သေခြင်းနဲ့ တွဲကပ်ထားတဲ့
အဆက်အထုံးများနဲ့ နီးရာအရပ်မှာ ။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar