ylliX - Online Advertising Network
လေးကေ့ကော်က အမြှောက်ကုန်း KNU နဲ့ ပူးပေါင်းအဖွဲ့သိမ်း၊ ဓားပြတိုက်မှု လုယက် သတ်ဖြတ်မှုတွေ မကြာခဏဖြစ်ပွားနေတဲ့ မန္တလေးမြို့

လေးကေ့ကော်က အမြှောက်ကုန်း KNU နဲ့ ပူးပေါင်းအဖွဲ့သိမ်း၊ ဓားပြတိုက်မှု လုယက် သတ်ဖြတ်မှုတွေ မကြာခဏဖြစ်ပွားနေတဲ့ မန္တလေးမြို့


(မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၂၄⁨⁨⁨⁨⁨⁨

လေးကေ့ကော်က အမြှောက်ကုန်း KNU နဲ့ ပူးပေါင်းအဖွဲ့သိမ်း၊ ဓားပြတိုက်မှု လုယက် သတ်ဖြတ်မှုတွေ မကြာခဏဖြစ်ပွားနေတဲ့ မန္တလေးမြို့

ကရင်ပြည်နယ် မြဝတီမြို့အနီးက လေးကေ့ကော် အမြှောက်ကုန်း (စွယ်တော်ကုန်း) ကို KNU တပ်နဲ့ ပူးပေါင်းအဖွဲ့တွေက ၃ လကျော်ကြာ တိုက်ခိုက်ပြီးနောက် အောက်တိုဘာလ ၁၇ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တယ်လို့ သိမ်းယူခဲ့တဲ့ လက်နက်ကိုင် အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အပေါ် မူတည်ပြီး သတင်းဌာနတွေက ဖေါ်ပြထားကြပါတယ်။

၂၀၂၁ ခုနှစ်ဆန်းမှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီ လက်ထက်မတိုင်ခင် ဆယ်စုနှစ်နဲ့ချီ စစ်တပ်ရဲ့ နယ်စပ်ဒေသတလျှောက် ဗျူဟာမြောက် စခန်းတွေ၊ ခြေကုပ်စခန်းတွေ အများအပြားရှိခဲ့ပေမယ့် စစ်အာဏာသိမ်းပြီးနောက် KNU နဲ့ PDF တပ်ရင်းတွေက တိုက်ခိုက်သိမ်းယူခဲ့တာကြောင့် စခန်းအတော်များများ လက်လွှတ်ဆုံးရှုံးခဲ့ရပြီး အခု လေးကေ့ကော် အနီးက အမြှောက်ကုန်းက မြဝတီနဲ့ တောင်ဘက် နယ်စပ်မှာရှိတဲ့ ဘုရားသုံးဆူအကြားက နောက်ဆုံးစခန်းကုန်း တခုဖြစ်လာခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီး ၁၀ လခန့်အကြာ ဒီဇင်ဘာလလယ်မှာ စစ်ကောင်စီက လေးကေ့ကော် ဒေသကို စတင်တိုက်ခိုက်ခဲ့ရာက ၃ နှစ်နီးပါးအကြာမှာတော့ လေးကေ့ကော် ဒေသမှာ စစ်ကောင်စီခြေကုပ်စခန်း၊ စစ်ရေးအရ အရေးပါတဲ့ ဗျူဟာစခန်းတခုမျှ မကျန်တော့တဲ့ အနေအထားလည်း ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်နှစ် အစပိုင်းမှာ KNU နယ်မြေတွေကို ထိုးစစ်ဆင်ခဲ့ပြီးနောက် ကရင်ပြည်နယ်နဲ့ ထိုင်းနယ်စပ်တလျှောက်မှာ စစ်တပ်က ဗျူဟာအရ အရေးပါတဲ့ ခြေကုပ်စခန်းတွေ၊ အမြှောက်ထိုင်တဲ့စခန်း စသဖြင့် နေရာယူအခြေစိုက်ခဲ့တာ ဆယ်စုနှစ်နဲ့ချီ ရှိခဲ့ရာက စစ်အာဏာသိမ်းပြီးနောက် တိုင်းရင်းသား နဲ့ PDF လက်နက်ကိုင် အဖွဲ့တွေ အင်အားကောင်းလာချိန်၊ စစ်တပ်အနေနဲ့ တနိုင်ငံလုံးအနှံ့အပြား စစ်မျက်နှာဖွင့် ခုခံတိုက်ခိုက်နေရတဲ့ အနေအထားမှာ အခုလို နယ်စပ်တလျှောက်က စစ်စခန်းတွေကို လက်လွှတ်ဆုံးရှုံးလာရတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ၊ ဧပြီလတွေမှာ KNU နဲ့ PDF တပ်တွေ သိမ်းယူဖို့ သင်္ဃန်းညီနောင်နဲ့ တပ်ရင်းစခန်း အများအပြားကို သိမ်းယူပြီး မြဝတီမြို့ကိုသိမ်းယူဖို့ လုပ်ဆောင်ခဲ့ကြပေမယ့် BGF ကနေ အမည်ပြောင်းထားတဲ့ စောချစ်သူ ဦးဆောင်တဲ့ ကရင်လက်နက်ကိုင်အဖွဲ့ရဲ့ ကြားဝင် လုပ်ဆောင်မှုကြောင့် မြဝတီမြို့ကို စစ်ကောင်စီဘက်က ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့ပြီး KNU နဲ့ PDF ထိုးစစ်တွေ တကျော့ရပ်နားခဲ့ပြီးနောက် လအတန်ကြာမှာ အခုလို လေးကေ့ကော်က အမြှောက်ကုန်း စခန်းကိုသိမ်းယူခဲ့တာ ဖြစ်ပါတယ်။

မတ်လ နဲ့ ဧပြီလတွေမှာ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ သင်္ဃန်းညီနောင် တဝိုက်က တပ်ရင်းစခန်းတွေကို စစ်ကောင်စီအနေနဲ့ ပြန်လည်ရယူဖို့ကြိုးစားပေမယ့် ၆ လကျော်ကြာလာသည့်တိုင် မအောင်မြင်သေးတာ တွေ့ရမှာဖြစ်ပါတယ်။ ဧပြီလနှောင်းပိုင်းနဲ့ မေလဆန်းမှာ KNU နဲ့ PDF တွေ တစိတ်တပိုင်း သိမ်းယူထားတဲ့ ကော့ကရိတ်မြို့ကို စစ်ကောင်စီက ပြန်လည်သိမ်းယူနိုင်ခဲ့ပေမယ့် မြဝတီမြို့ နယ် သင်္ဃန်းညီနောင်တဝိုက်က စခန်းတွေကိုတော့ ပြန်လည် သိမ်းယူနိုင်ခြင်း မရှိသေးတာ တွေ့ရပါတယ်။ ယမန်နှစ် အောက်တိုဘာလကုန်မှာ ၁၀၂၇ စစ်ဆင်ရေး ရှမ်းမြောက်မှာ စတင်တာနဲ့ တပြိုင်နက်တည်း ကရင်ပြည်နယ်မှာလည်း စစ်ကောင်စီတပ်တွေကို ဖိအားပေးတိုက်ခိုက်တာတွေ KNU နဲ့ PDF ပူးပေါင်းတပ်တွေက လုပ်ဆောင်ခဲ့ပြီး အချို့သော မြို့ငယ်တွေနဲ့ တပ်စခန်းတွေကို သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့အဖို့ နောက်ထပ် သတင်းအကြောင်းအရာ တခုက ရွှေဆိုင်၊ ရွှေသန့်စင်တဲ့ လုပ်ငန်းနဲ့ ဘဏ်တို့လို တန်ဖိုးပမာဏများတဲ့ ငွေနဲ့ ရွှေတွေ ရနိုင်တဲ့ ရွှေဆိုင်၊ ဘဏ်တို့ကို လက်နက်ကိုင်ဆောင်သူတွေက မကြာခဏ ဓားပြတိုက်တာတွေ သီတင်းပတ်တိုင်းလိုလို ဖြစ်ပွားနေတာ တွေ့ရပါတယ်။ အောက်တိုဘာ ၁၇ ရက်နေ့ကလည်း မန္တလေးမြို့မှာ ကားပစ္စည်းဆိုင်တဆိုင်ကို ဓားကိုင်ဆောင်ထားတဲ့ လူတစုက မုန့်ဟင်းခါး လာပို့တဲ့ ဟန်ဆောင်ကာ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ လူတဦးမက ရှိတဲ့ ကားပစ္စည်းရောင်းတဲ့ဆိုင်ကို ဓားယူဆောင်လာတဲ့ လူအုပ်စုက ဓားပြတိုက်ပြီး လက်ဝတ်လက်စား ရွှေ ၄ ကျပ်သားနဲ့ ကျပ်ငွေ ၃ သိန်းယူဆောင်သွားတယ်လို့ ဆိုပါတယ်။ အခုအဖြစ်အပျက်မှာတော့ သေနတ်လို လက်နက်မျိုးနဲ့ မဟုတ်ပေမယ့် အခြားသော လုယက်မှု သတ်ဖြတ်မှုတွေ အများစုမှာ သေနတ်ကိုင်ဆောင်ကာ လုယက်တာ၊ ဓားပြတိုက်တာတွေ ဖြစ်ပွားလေ့ရှိတာဖြစ်ပါတယ်။

စစ်ကောင်စီ အနေနဲ့ ရာဇဝတ်မှု နှိမ်နှင်းရေး ဆိုတာထက် နိုင်ငံရေးအရ ဆန့်ကျင်သူ၊ လက်နက်ကိုင် ခုခံတိုက်ခိုက်သူတွေနဲ့ ဆက်နွယ်တဲ့ ကိစ္စမျိုးကိုသာ အာရုံစိုက် လုပ်ဆောင်နေခြင်းကြောင့် ရာဇဝတ်မှုတွေ ပိုမိုမြင့်တက်လာတာ လည်း ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးရေးလုပ်ဆောင်ဖို့ ဝတ္တရားရှိတဲ့ ရဲတပ်ဖွဲ့က စစ်တပ်နဲ့ အတူ ဆန့်ကျင်သူ၊ ခုခံတိုက်ခိုက်သူတွေကို စောင့်ကြည့်ဖို့ နဲ့ စစ်ကောင်စီရဲ့ ဖိနှိပ်ရေး ယန္တရားမှာ ပါဝင်ဆောင်ရွက်နေရတာတွေကြောင့် တရားဥပဒေ စိုးမိုးရေးဆိုတာ မရှိသလောက် အနေအထားအောက်မှာ လူထုတွေ အနေနဲ့ သွားလာလုပ်ကိုင် နေကြရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက လူထုအနေနဲ့ မိမိတို့ အန္တရာယ်ကို မိမိတို့ ဘာသာ သတိနဲ့ နေထိုင်ကာကွယ်ကြရမယ့် အနေအထားဖြစ်နေပြီး လက်နက်တွေက လူထုကြားထဲ ပျံ့နှံ့လာတဲ့ အနေအထားမှာ ဓါးပြတိုက်တာ လူသတ်တာတွေလည်း ပိုမိုများပြားလာတာ ဖြစ်ပါတယ်။

လူသတ်မှု၊ ဓားပြမှု၊ လုယက်မှု ကျူးလွန်ပေမယ့်လည်း ဖမ်းဆီးဖော်ထုတ်နိုင်ခြေ နည်းပါးလာတာကို သိရှိကြတာကြောင့်လည်း ရာဇဝတ်မှု ပိုမိုများပြားလာတာ တွေ့ရမှာ ဖြစ်ပါတယ်။ မိသားစုကို ကျွေးမွေးထားနိုင်ဖို့ ခက်ခဲလာတဲ့ အနေအထားကလည်း ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ စေ့ဆော်စေတဲ့ အကြောင်းတချက် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ခု နှစ်/ လပိုင်း တွေမှာဖြစ်ပွားလေ့ရှိတဲ့ ရာဇဝတ်မှုတွေက ရွှေဆိုင်တို့လို ငွေပမာဏ အများအပြား ရနိုင်တဲ့ လုပ်ငန်း၊ လူနေအိမ်တွေကို ပစ်မှတ်ထားကြတာ တွေ့ရပြီး သေချာစီစဥ် လုပ်ဆောင်ကြတဲ့ ရာဇဝတ်မှုမျိုးတွေ ဖြစ်တာတွေ့ရပါလိမ့်မယ်။

စစ်ကောင်စီ အနေနဲ့ ရာဇဝတ်မှုတွေကို ဖိဖိစီးစီး နှိမ်နှင်းတာမျိုး မတွေ့ရတဲ့ အကြောင်းအရင်းက ၄င်းကို ထောက်ခံခြင်း မပြုတဲ့ ပြည်သူလူထုကို ရာဇဝတ်မှုတွေ အများအပြားဖြစ်ပွားလာတဲ့ အခြေအနေအောက်မှာ နေထိုင်စေပြီး စစ်တပ်ကို အားကိုးလာတဲ့ အခြေအနေမျိုးကို မျှော်လင့်ထားတဲ့ သဘောလည်း ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *