ဆယ်ပေါင်တူ – သောက်ပေါ သောက်ပု၏ ’သီပေါ’ ခြောက်အိပ်မက်
(မိုးမခ) အောက်တိုဘာ ၁၈ ၊ ၂၀၂၄
ကြင်စိုးရဲ့ ရီဝေဝေအကြည့်တွေကို မခံနိုင်တော့တဲ့အဆုံး အသာခေါင်းငုံ့ မျက်လွှာချလိုက်ရတဲ့သူက ဘယ်သူမှတော့ မဟုတ်၊ မဲလုံးသာ ဖြစ်ပါတယ်။ ဟိုစိတ် ဒီစိတ်နဲ့ရယ်တော့ မဟုတ်ပါဘူး၊ ဒီရက်ပိုင်း သူ့တူတော်မောင် ‘ပြေးတော့မယ် ဂန့်ပြီ’ ဆိုပြီး ကိစ္စချောသွားတာနဲ့ ပတ်သက်ပြီး ကြင်စိုးတယောက် မဲလုံးအပေါ် ကရုဏာသက်နေမိလို့ပါ။
မဲလုံးက ‘ကျနော် အရမ်းနှမြောတယ်ဗျာ’လို့ ကြေကွဲသံတဝက်နဲ့ ပြောတော့ ‘အေးကွာ ငယ်ငယ်ပဲ ရှိသေးတယ်’ လို့ ပြန်နှစ်သိမ့်လိုက်တယ်။ မဲလုံးက ကြင်စိုးကို နားမလည်သလိုနဲ့ ပြန်ကြည့်ပြီး ‘ကျနော် နှမြောတယ် ဆိုတာက သူနဲ့ အတူ သိမ်းမိသွားတဲ့ ရေမဆေးကျောက်တွေနဲ့ ကျောက်စိမ်းလက်ကောက်နှစ်ကွင်းကို ပြောတာ၊ အဲဒါ ကျနော့်ကို ပေးမလို့ဆိုပြီး သူ လှမ်းပြောထားတဲ့ဟာတွေ ဘပုရ’ လို့ ပြန်ပြောလိုက်တယ်။
‘အဲဒါ အသာထားပါဦး၊ ဘပုက ဘာကိစ္စနဲ့ ဆိုကရေးတီးမှာ မဟာဇနက္ကတို့၊ ဝေသန္တာရာဇာတ်တော်တို့ ထည့်ပြောရတာလဲ၊ အခုအချိန်က မဟာဇနက္ကလို ဇွဲမလျှော့ကြတာ စံနမူနာယူဖို့ဆိုရင် တူမီးကိုင်ရာကနေ မြို့တွေ တက်သိမ်း ကြတဲ့အထိ လက်စွမ်းပြနေတဲ့ ပီဒီအက်ဖ်လေးတွေကိုပဲ အားလုံးက မျက်စိထဲ ပြေးမြင်ကြတာ။ နောက်ပြီးတော့ ဝေသန္တာရာဆိုတာနဲ့ သေနတ်ကအစ တင့်ကားတွေ အမြောက်တွေအထိ အလှူကြီး အတန်းကြီး ပေးနေကြတဲ့ ဘပုကိုပဲ ပြေးမြင်ကြပြီး ဟာသလုပ် ပြောနေကြတာကို သိရက်နဲ့’
အင်း မဲလုံး ပြောတာ မမှားဘူး၊ ဆက်တိုက်မှားနေတာက ငါကိုယ်တိုင်ပဲလို့ အသိဝင်မိတဲ့ ကြင်စိုးက ‘ ဒီလိုလုပ်ကွာ ငါ့အမှားတွေကို မင်း ကြိုက်သလို ထောက်ပြ၊ ပြီးတော့ ဘယ်လိုဖြစ်သင့်တယ် ဆိုပြီးပြော။ စိတ်ချ မင်းစိတ်မကောင်းဖြစ်နေတဲ့ အချိန်ဆိုတာ ငါ သိတယ်၊ ဆူပူကြိမ်းမောင်းတာ မလုပ်ဘူး၊ စိတ်ထဲရှိတဲ့အတိုင်းသာပြော’
‘စမှားတာကတော့ ဘပု အဖေနဲ့ အမေပဲ’
‘ဟာ မင်းကကွာ မရှိတော့တဲ့ ငါ့ကို မွေးခဲ့တဲ့ မိဘတွေကိုတော့ ဆွဲမထည့်ပါနဲ့’ ‘
‘ဒီလို ဘပုရဲ့ ကျနော် ပြောချင်တာက ‘မအလ’ ဆိုပြီး ဘပုမိဘတွေ နာမည်ပေးခဲ့တာကိုပါ၊ အခုတော့ ကောင်းကြသေးရဲ့လား တနိုင်ငံလုံး ပါးစပ်ဖျားမှာ မအလ မြွေရိုး၊ မအလ သားရေကြိုး ဆိုပြီး ဖြစ်ကုန်ကြတာ၊ တခြားနာမည် ရွေးခဲ့ဖို့ကောင်းတာ’
မဲလုံး ပြောတာက ဟုတ်နေတော့ ကြင်စိုး အသာငြိမ်နားထောင်နေတယ်။ ‘နာမည်နဲ့ပတ်သက်ပြီး ဆက်ပြောရဦးမယ်၊ ဘပု ဟိုရာထူး ဒီရာထူး လျှောက်လျှောက်ယူနေတာကလည်း အခုဆိုရင် နာမည်ပြောင်ကို ဖြစ်လို့’
ဇဝေဇဝါဖြစ်သွားတဲ့ ကြင်စိုးက ဆက်နားထောင်နေတယ်။
‘နစကဥက္ကဌ၊ကာချုပ်၊ ယာယီသမတ၊ဝန်ကြီးချုပ် ဆိုတော့ အတိုကောက် တလုံးစီနဲ့ ‘ဥက္ကာမကြီး’ ဖြစ်သွားရော၊ ဟို …ဇိမ်ခံ သင်္ဘောကြီးနဲ့ ခရီးသွားဖို့ပဲ ကျန်တော့တယ်’ ကြင်စိုးယောင်ယမ်းပြီး လက်နှစ်ဘက်နဲ့ သူ့တင်ပါးပေါ်ကို ကပျာကယာ အုပ်လိုက်တယ်။
မဲလုံးက အရှိန်ရပြီး ဆက်ပြောတယ်။
‘စကား ဗလောင်းဗလဲ လုပ်ဖို့က ကျနော့်အလုပ်ဗျ။ အဲဒါမျိုး ဘပုက လိုက်လိုက်လုပ်တော့ အခုကျ တသက်လုံး အပြောခံရပြီလေ၊ ပြန်စဥ်းစားကြည့် မဲသွားပေးတုန်းက ပြည်သူ့ဆန္ဒအတိုင်း ဘာညာလျှောက်ပြော၊ ခွက်ခွက်လန်အောင် ရှုံးတော့ တမျိုးပြန်ပြောနဲ့။ ဒီတော့ အရင်က ယောဂီဝတ်စုံနဲ့ ဓမ္မစကူးဆရာမလေး အခုကျ စင်ပေါ်မှာ စကတ်အကွဲနဲ့ အားထည့် သီချင်းဆိုတာနဲ့ ဘပုအဖြစ်က ဘာများကွာလို့လဲ၊ အရင်တမျိုး အခုတမျိုး အပြောင်းအလဲ မြန်လွန်းတာ တပြည်လုံး ပြောစရာကိုဖြစ်လို့’
‘ကဲ ..ထားပါတော့ကွာ၊ မင်းကလည်း ငါ့အမှားတွေ ပြောဖို့ အကွက်စောင့်နေသလိုပဲ၊ အဲဒါတွေ မပြောနဲ့တော့ ၊ အခု ငါ့အမိန့်ကို ငါ ကျောင်းအုပ်လုပ်ခဲ့တဲ့ ဒေါ်စိန်အေး ကျောင်းဆင်းတွေထဲမှာကို မနာခံချင်ကြတော့ပဲ၊ အလံဖြူပြ၊ လက်နက်ချ လုပ်နေကြတဲ့ ကိစ္စကို အကြံပေးဦး’
မဲလုံးခဏစဉ်းစားပြီး ကြင်စိုးကို ပြန်ပြောတယ်။ ’ကျနော်တို့ တချိန်လုံး ပုံစံသွင်းလာသမျှက သိပ်မတင်းကျပ်ဘူး၊ အရာမထင်ဘူးနဲ့ တူတယ်၊ ဒီတော့ အမိန့်မနာခံကြဘူး။ ‘အာ့ကျကျ ဒီလိုလုပ်ကြရအောင်’လို့ ကြင်စိုးနားကို ကပ်ပြောလိုက်တယ်။
‘အေး ကောင်းတယ်၊ ဆက်လုပ်။ အရင်က အမိန့်နာခံမှုနဲ့ ပတ်သက်ပြီး အီးတတုံးပါဆိုရင် ပြောတဲ့အတိုင်း တတုံးပဲ ပါတဲ့သူတွေကို မြှောက်စားထားတာ မလုံလောက်တော့ဘူး၊ မင်း ပြောသလို လုပ်မှဖြစ်တော့မယ်’
မဲလုံးအကြံက တခြားတော့ မဟုတ်ဘူး၊ အီးတတုံးဆို တတုံးထဲပါတဲ့သူတွေထဲကမှ တဝက်ရအောင် ပြန်သွင်းလို့ အမိန့်ပေးရင် မရမက ပြန်သွင်းကြသူတွေကိုမှ အပွင့်အခက်ကြီးကြီး နေရာကောင်းကောင်း ရွေးချယ်ပေးဖို့ပါ။ ဟုတ်တယ်လေ၊ အခုနေက အဲဒီလောက် အမိန့်နာခံတတ်အောင် ပုံစံသွင်းထားမှ တော်ရုံကျမှာ။ အဲဒီလို အမိန့်နာခံမှု ကောင်းသူတွေကိုပဲ လူယုံမွေးထားရမယ်။ ဒါမှ စိတ်ချရမှာ။
ဒါပေမဲ့ မဲလုံးရဲ့ အီးတဝက် အကြံပေးအပြီး၊ နောက်ထပ်ဘာမှ ဆက်မပြောသာတော့ဘူး။ ဘာ့ကြောင့်လဲ ဆိုတော့ ဝင်လာတဲ့ မက်ဆေ့ချ်ကို ဖတ်ပြီး ကြင်စိုးမျက်နှာ သွေးမရှိတော့သလို ဖြူဆုတ်သွားပြီး ကြောက်လန့်တကြားနဲ့ ပါးစပ်က တတွတ်တွတ်နဲ့ ဟိုရွတ်ဒီရွတ် လုပ်နေလို့ပါ။
‘ဘာဖြစ်တာလဲ ဘပု’
‘သီပေါ ကျသွားပြီတဲ့၊ သီပေါ ပါသွားပြီတဲ့’
‘ဪ… ဒါများ အဆန်းလုပ်လို့ ဘပုရယ်၊ အဲဒီလို တမြို့ပြီးတမြို့ပါ သွားတာ အခုဆို မြို့ပေါင်း ၈၀ ကျော်သွားပြီ လေ။ ကျနော် ပြောသားပဲ၊ ‘နေပြည်တော် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ’နဲ့ ‘နေပြည်တော် အထူးဒေသ’ ဘပု ဘယ်နာမည်ကြိုက်သလဲ ကြိုရွေးထားပါဆို၊ နောက်ဆိုရင် နေပြည်တော် ကွက်ကွက်လေးပဲ ကျန်တော့မှာ’
‘မင်း ဘုမသိဘမသိ ပြောမနေနဲ့၊ဒီအတိုင်းဆို ငါ့အိပ်မက်ထဲက ကြားခဲ့တဲ့အသံအတိုင်း ဖြစ်တော့မယ်နဲ့ တူတယ်’ မျက်နှာငယ်လေးနဲ့ ပြောနေတဲ့ ကြင်စိုးကိုကြည့်ပြီး မဲလုံးစိတ်ထဲ အင်း ဘပုက အယူသီးတော့ အိပ်မက်ထဲကလို ဖြစ်တော့မယ်ဆိုပြီး ကြောက်ကြောက်လန့်လန့် ဖြစ်သွားတဲ့ပုံပဲ၊ မေးတော့ကြည့်ရဦးမယ်’ လို့ တွေးလိုက်တယ်။
‘အိပ်မက်ထဲမှာ ဘာများကြားခဲ့ရလို့လဲ ဘပုရဲ့’
ရင်တုန်ပန်းတုန် ဖြစ်နေပုံရတဲ့ ကြင်စိုးခမျာ မဲလုံး အမေးကို ချက်ချင်း မဖြေနိုင်သေးပဲ၊ ရေတခွက်ကို အငမ်းမရ သောက်လိုက်တယ်။ ပြီးတော့မှ ခဏနားရင်း ဇောချွေးပြန်နေတဲ့ မျက်နှာကို တစ်ရှူးစနဲ့ အသာသုတ်ပြီး၊ လေသံ တိုးတိုးလေးနဲ့ ပြန်ပြောလိုက်တာက
‘သီပေါ ပါရင် သောက်ပု သေပီ….တဲ့’
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar