(မိုးမခ) အောက်တိုဘာ ၁၇ ၊ ၂၀၂၄
တပ်ထဲ တိုင်ပတ်ချက်။
မအလက တရုတ်က အိမ်မွေးတိရစ္ဆာန်စာရင်း သွင်းပေးမယ် ဆိုတော့ ပျော်နေတာ။
တရုတ်မှာ ခွေးဆိုးကြီးဘဝကနေ အိမ်မွေးခွေးအဖြစ် မှတ်ပုံတင်သွားလုပ်ရမယ် ဆိုတော့ သူဟာ ခွေးလိမ္မာ ဖြစ်ကြောင်း နေရာတကာ မအိပ်မစား လှည့်ပွားရင်း ခေါ်သွားရမယ့် ကောင်နဲ့ ထားခဲ့ရမယ့်ကောင်စာရင်းက ဖျက်လိုက် သွင်းလိုက်နဲ့ မပြီးနိုင် အရီးမြိုင် ဖြစ်နေသတဲ့။
သူ သွားတုန်း အာဏာထပ်သိမ်းသွားနိုင်တဲ့ ကောင်တွေ စာရင်းပြုစုခိုင်းနေလို့ အတော်ရှုပ်နေကြသတဲ့။ သူကလည်း သူ့မိန်းမ ခေါသနီမတောင် မယုံ ဆိုတော့ ပြဿနာလေ။ စာရင်းထွက်လာရင် ခေါ်သွားခံရမလား၊ ဖမ်းချုပ်ခံရမလား မသိနိုင်ဘူးလေ။ ကုလားဖန်ထိုးပေးမယ့် ကောင်ကလည်းအများသား မဟုတ်လား။
သန်းရွှေကြီးတုန်းကတော့ သူ နိုင်ငံခြားသွားရင် ကတော်တွေအကုန် မသွားတာဘဲ။ အဲမှာ ကျန်ရစ်တဲ့ကောင်တွေက လေယာဉ်ပျက်ကျပါစေချည်း ဆုတောင်းတာ။ မော်ဒယ်အမြင့်တွေ စီးချင်နေကြတာကိုး။ အဲတုန်းကတော့ ကြိုင်ကြီး နောက်ကနေ ကတော်တွေ ဈေးဝယ်လိုက်ကြရတာလေ။ ခုဖြစ်နေတာက ထားခဲ့ရမယ့်ကောင်တွေကိုလည်း လုံးလုံးမယုံ၊ သူ့ခြေ သူ့လက်ထက် သွက်မယ့်သူတွေချည်း မဟုတ်လား။ ကိုယ့်လက်ထဲ မရောက်ခင်သာ ငြိမ်နေကြတာ။ အကုန်လုံးက ကြောင်တွေချည်း။ မကုတ်မချင်း လက်သည်းမထုတ်ကြ။ အပြန် ဘယ်လေဆိပ်မှ ဆင်းမရတော့ဘူးဆိုရင် ပွဲသိမ်းပြီ။ အာ့ကြောင့် မအလ ငို၍ ရယ်၍ မရသော မျက်နှာကြီးနဲ့ တောပြော တောင်ပြောတွေ လှည့်ဖောနေတာ။ သရေကြိုး ကြင်စိုးအဖြစ်က ထီပေါက်ပြီး လက်မှတ်ပျောက်နိုင်တဲ့ကိန်းကိုး။ တရုတ်ပြည်လိုဟာကြီးကို သွားချင်လိုက်တာလဲ ငမ်းငမ်းတက်။ အကြောင်းမဟုတ်ရင် ခေါင်းပြုတ်သွားနိုင်တာဆိုတော့ အရမ်းအရမ်းတွက်နေရ။ သွားနေတုန်း စစ်ဌာနချုပ်တွေကလည်း လှုပ်နိုင် ပြုတ်နိုင်၊ ထဘီမနိုင် ပဝါမနိုင်နဲ့ ခေါင်းက ပန်းခိုင် ပြုတ်ရချည့်အဖြစ်။
ဒီလို ဒိုးနေတုန်း အာဏာသိမ်းရတာလောက် လွယ်တာ ဘာရှိမတုံး။ သတိလက်လွတ်ရင် ငှက်တောင်ကျွတ်သွားနိုင်တာ ဆိုတော့ ကြင်စိုး ပြာမယ်ဆို ပြာပလေ။ ရှီကျင့်ဖျင်ဘောလည်း ပြေးလျက်ချင်၊ ပလ္လင်လည်း အလုမခံနိုင် ဘယ်ကောင့် ကိုင်ရမှန်းလည်း မသိ ဘယ်ငတိမဆို အစွယ်လေးတွေ မမြင်အောင် ဖုံးထား ခွေးသားကြိုက်တဲ့ခွေးတွေချည်း ဆိုတော့ လစ်တဲ့နေရာဆွဲ ပွဲတော်တည်ကြမှာ။
တပ်မတော်အတွင်းမှာလည်း ဒီပြည်သူ လှည့်သတ်အခြေအနေကြီးကို ရပ်တန့် ပြောင်းလဲပစ်ချင်သူတွေ ရှိတယ်လေ။ သူတို့ကလည်း အခွင့်အလမ်းစောင့်နေကြတာ။ မဟုတ်ရင် တိုင်းပြည်လည်း ကုန် တပ်လည်း ကုန်တော့မှာ။ တိုင်းပြည်က ပြန်တည်တာ မကြာပေမယ့် ဒီတပ်ကတော့ ပြန်တည်စရာ မရှိတော့။ ရှိတဲ့တပ် ဘယ်လိုမြဲအောင် နည်းလမ်းရှာမလဲဘဲ ရှိတော့တာ။ နိုင်ငံရေးကိုတော့ မျက်စတောင်ပစ်လို့မရတဲ့အခြေ ဆိုက်သွားပြီ မဟုတ်လား။ ရွှေထီး ပြန်ဆောင်းဖို့ထား၊ သေခရီး အမြန်မဂျောင်းဖို့ဘဲ မောင်းနှင်ရတော့မှာ။ အာဏာသိမ်းစစ်မျိုးဆက်က ကျိုးပျက်သွားပြီ။ အရင်လို လိမ်ချင်တိုင်း လိမ်လို့ရတဲ့ခေတ် မဟုတ်တော့။ သတင်းနည်းပညာခေတ်မှာ လူဖြစ်လာကြပြီဆိုတော့ ဂျင်းကျွေးတဲ့ သတင်း ရေးလို့မရတော့။ ခုဆို ဗိုလ်သင်တန်းလည်း တက်မယ့်သူမရှိ၊ လျှောက်သမျှ ပြန်မလှန်ရဲ၊ ရှိတာလေးနဲ့ သင်တန်းတခုလုံး ဖွင့်ပေးထားရတော့တာ။ ရိုးရိုးစစ်သားကတော့ အိမ်ပေါ်တက် လူဓားပြတိုက်နေရတော့တာသာကြည့်။
နိုင်ငံရေးအာဏာရဖို့ မဟုတ်ဘဲ တပ်က တပ်ကို ကယ်တင်ဖို့ပဲ သိမ်းရတော့မှာ။ ဒီလို သိမ်းတာကိုတော့ လူထုကလည်း ကြိုဆိုမှာ။ ပလ္လင်သူခိုး ငကြင်စိုး ရှီကျင့်ဖျင်ဘော သွားမတုန်း တရားချမရအတူတူ ဓားပြရတော့မှာ။ အဲဒါကြောင့် သရေကြိုးတကောင် မသွားဘဲလည်း မနေရဲ သွားလည်း သေပွဲဖြစ်နိုင်သမို့ ခွေးအို အရိုးနင်နေတာတဲ့။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar