(မိုးမခ) အောက်တိုဘာ ၁၄ ၊ ၂၀၂၄
BGF ခေါင်းဆောင်စောချစ်သူ နဲ့ DKBA ခေါင်းဆောင်တချို့ကို ပြစ်ဒဏ်ခတ်အရေးယူသင့်တယ်လို့ USIP ထောက်ပြပါတယ်။
အကြောင်းကတော့ ကရင်ပြည်နယ်က အွန်လိုင်းကျားဖြန့်လုပ်ငန်းတွေ တိုက်ဖျက်ထိန်းချုပ်နိုင်ဖို့အတွက်ပါ။ အမေရိကန်အနေနဲ့ ထိုင်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုပြီး ကျားဖြန့်လုပ်ငန်းအကာအကွယ်ပေးနေတဲ့ ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် စောချစ်သူနဲ့ DKBA ခေါင်းဆောင်တချို့ကို ပြစ်ဒဏ်ခတ်အရေးယူဖို့လိုတယ်လို့ ပြောပါတယ်။
နဂါးကြီးပြီးလို့ လင်းယုန်ကြီး အလှည့်ကျလာတဲ့ ကျားဖြန့်ပြဿနာပေါ့။ မကျလို့လဲ မရတော့၊ အမေရိကန်တွေလဲ ဘီလျံချီထိနေပြီလေ။ တရုတ်က ကိုဗစ်-၁၉ ခေါ် ဝူဟန်ဗိုင်းရပ် ဖြန့်သလို ဖြန့်လိုက်တာကလား။ သူ့ဘက် သက်သာသွားတော့ ကျားဖြန့်နှိမ်နင်းတာရပ်ပြီး စစ်တပ်နဲ့ပေါင်း တခြားဘက်ကို ကျားဖြန့်အပေါင်း ပြောင်းစေလုပ်တော့တာကိုး။
အမေရိကန်အစိုးရအနေနဲ့ ထိုင်းအစိုးရနဲ့မိတ်ဖက်ဖွဲ့ကာ ထိုင်းနယ်စပ်လုံခြုံရေးကို ကာကွယ်ပြီး ကျားဖြန့်လုပ်ငန်းစင်တာအတွက် အထောက်အကူပြုတဲ့အရင်းအမြစ်တွေအားလုံးကို ဖြတ်တောက်ရမှာဖြစ်ပြီး ရာဇဝတ်လုပ်ငန်းမှာ ပါဝင်ပတ်သက်တဲ့ BGF ၊ DKBA ခေါင်းဆောင်တချို့နဲ့ တခြားလက်နက်ကိုင်အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေကိုလည်း ပြစ်ဒဏ်ပေး အရေးယူဆောင်ရွက်ရမယ်လို့ USIP က ပြောလာပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ BGF အဖွဲ့ဟာ DKBA အဖွဲ့နဲ့ မဟာမိတ်ဖွဲ့ပြီး ကျားဖြန့်လုပ်ငန်းကို နယ်မြေပြောင်းရွှေ့ကာ ပိုမိုတိုးချဲ့လုပ်ဆောင်နေတယ်လို့ USIP က ဆိုပါတယ်။
သလိုဆိုတော့ ဖထီးတို့ မရှင်းရင် စစ်တပ်က အမေရိကန်နဲ့ပေါင်းပြီး ကြားဝင်ရှင်း အမြတ်ထုတ်သွားအုံးမယ်၊ သူက နိုင်ငံတကာထွက်ပေါက်ရှာချင်နေတာလေ။ ထိုင်းဝကခသစ် လှလှထက်ထက်လေးနဲ့ ဘယ်သူ အရင်လုံးနိုင်မလဲ ကြည့်ကြတာပေါ့။
ထိုင်းဆိုလို့ ထိုင်းနိုင်ငံရောက် MOU မြန်မာအလုပ်သမား ၁ သိန်းကျော်ထံက လစဉ် လစာငွေ ၂၅ ရာခိုင်နှုန်း စစ်ကောင်စီရဲ့ဘဏ်တွေထဲ ပြန်ပို့ပေးရေး ပြည်ပအလုပ်အကိုင်အေဂျင်စီများက ဆောင်ရွက်ပေးဖို့ စစ်တပ်က အမိန့်ထုတ် ဖိအားပေးနေတယ်နော်။ သူ့အတွက်က ရတနာသိုက်ကြီးတခုဘဲ။ သူက အဲဒီသိုက်ကိုလဲ တူးချင်နေတာဆိုတော့ ထိုင်းနဲ့လုံးစရာအကွက်ရှာနေတာ။ ထိုင်းမှာက မြန်မာကလဲ လက်ညှိုးထိုးမလွဲ မဟုတ်လား။
ခေါင်းဆောင်ကြီးက ငွေမဟားဒယား ငတ်နေသလို မင်းတုန်းမြို့နယ် စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကလဲ စစ်သားပီပီ ကျေးရွာ ၅ ရွာကို ဝင်ရောက်စီးနင်းပြီး ငွေကျပ် သိန်းခုနှစ်ရာကျော် တန်ဖိုးရှိပစ္စည်းတွေနဲ့ ထဘီတွေပါ ခိုးယူလုယက်သွားသတဲ့။ စစ်သားဟူသည် ထဘီသူခိုး သရေကြိုး။
စစ်ကောင်စီအတွက် လေယာဉ်ဆီကို ဗီယက်နမ်နိုင်ငံက အဓိက တင်ပို့ရောင်းချနေလို့ တားဆီးပိတ်ပင်ရေး တိုက်တွန်းမယ်လို့ ကုလသမဂ္ဂအထူးစုံစမ်းရေးမှူးက ပြောသတဲ့။
ငယ်ငယ်က စာဖတ်တော့ တရုတ်တော်လှန်ရေးစာ ဗီယက်နမ်တော်လှန်ရေးစာတွေ ဖတ်လိုက်ရတာ။ နစ်သလိုလို နီသလိုလို ဆိုတော့လေ။ ခုကျတော့မှ ကိုယ်တို့ အဟုတ်ထင်ခဲ့တဲ့ တော်လှန်ရေးသူရဲကောင်းနှစ်ကောင် ပေါင်းပြီး ကိုယ်တွေကို ရေရေလည်လည် နွှာနေတော့တာ။ တကောင်က တိုက်လေယာဉ်ရောင်းပေး၊ တကောင်က လေယာဉ်ဆီသွင်းပေးနဲ့ ဟုတ် ဟုတ်သေးတော့။ တကယ် ငွေငတ်တဲ့ ကွန်မြူနစ်နှစ်ကောင်။
စင်ကာပူကတော့ မဆိုးဘူး။
စစ်ကောင်စီကို လက်နက်ခဲယမ်း တင်ပို့ရောင်းချမှုတချို့ကို တားဆီးလျှော့ချနိုင်ခဲ့ပြီး ဆက်လက်ပြီးလဲ လုပ်ဆောင်သွားမယ်၊ စင်ကာပူနိုင်ငံအနေနဲ့ စစ်ကောင်စီကို ပံ့ပိုးနေမှုကို ၉၀ ရာခိုင်နှုန်း ခန့်ထိလျှော့ချနိုင်ခဲ့တယ်တဲ့။ ဒါက စီးပွားရေးသမားသက်သက်ဆိုသူတွေနော်၊ သူတို့ကမှ လူစိတ်ရှိတာ။
စစ်အုပ်စုဘက်သားတွေရဲ့ ရက်စက်ပုံကလဲ ဩချလောက်တယ်။
လောင်းလုံးပကဖ ဖမ်းဆီးထားတဲ့သန်းခေါင်စာရင်းကောက်သူတွေကို CDM ဝန်ထမ်းတွေလို့ စွပ်စွဲပြီး ပြန်လွတ်လာရင်လဲ ဖမ်းဆီးဖို့ပါ လှုံ့ဆော်ပစ်တယ်။ အဖမ်းခံရရင်ကို ကိုယ့်လူ မဟုတ်တော့ဘူးဆိုတဲ့သဘော။ ခွေးဆွဲဆွဲ ကျီးထိုးထိုး လောက်ကိုက်ကိုက်ဆိုပြီး ပစ်လိုက်တော့တာ။ ဒါထဲက အသက်ရင်း တာဝန်ထမ်းတဲ့ ပြုတ်တူးမနပ်နန်းတွေက တပုံကြီးကျန်သေးတာ။
မင်းအောင်လှိုင်လဲ တပ်မှာအင်အားမရှိတော့ ပျူဘော ပြန်မထားရတော့တာ။ ဘောဝဋ်လည်တာပေါ့လေ။ ဒါ့ကြောင့် ပေါက်ကတုံးက တိုင်းမှူးကိုတောင် အထာမထားတဲ့ ကစ်ချင်ရာကစ်နေတာ။ တိုင်းမှူးလောက် မပြောနဲ့လေ၊ မအလတောင် သူကင်ချင် ကင်လိုက်တာဘဲ။
မန္တလေး ရန်ကင်းတောင်ခြေရှိ တပ်မ၃၃ လက်အောက်က တပ်ရင်းတခုမှာ စစ်ကောင်စီတပ်ကပျူစောထီးတပ်ဖွဲ့ဝင်အသစ်တွေကို လစဉ်စစ်သင်တန်းတွေ ပေးနေလောက်အောင် ပျူအားကောင်းနေတာ။ အဲသမှာ ပျူဘောမရုံတင်မက ထဘီပါချုံရတော့တာ၊ အဲဒီစစ်သင်တန်းမှာ ပျူမလေးတွေ များနေလို့တဲ့။ ဘာလိုလိုနဲ့ မင်းအောင်လှိုင်နဲ့ စစ်တပ်တောင် ပျူဘောလယ်နေပေါ့။
တေဇပိုင် ပြည်လမ်းခြံ ဒေါ်လာ သန်း ၃၀ ကျော်နဲ့ အရောင်းအဝယ်ဖြစ်သွားတယ်။ ဝယ်တဲ့ကျောက်သူဌေးဆိုတာက ဇခုန်သားအဖတဲ့။ ဒီလို အချိုအချောင်ငွေဆိုတာ သူတို့လို ပြည်သူ့စစ်တွေနဲ့ တိုင်းပြည်သယံဇာတ အလကားရတဲ့ခရိုနီတွေ စစ်ဗိုလ်ချုပ်ကြီးတွေပဲ ရှိတာကိုး။ ဇခုန်ကလဲ ရန်ကုန်လစ်မှ လွတ်တော့မှာ၊ တေဇတို့ သားအဖကလဲ အပြင်နေမှ စိတ်အေးရတော့မှာဆိုတော့ ဖိနပ်ပြတ်နဲ့ ခွေးငတ်တွေ့ကြတာပေါ့လေ။
မိုင်းရယ်မှာ တရုတ်နိုင်ငံသားပညာရှင်တွေ ရှိနေတဲ့ရုန်းတော်ရွာ၊ သံတော်ဦးသကြားစက်ရုံကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။
ဝမ်ယိတော့ အတော်အရသာရှိသွားမှာဘဲ။ သူတို့ရောင်းတဲ့လေယာဉ်နဲ့ သူ့လူတွေကို ဆော်တာကိုး
“သကြားစက်ရုံ ဝန်ထမ်းလိုင်းခန်းကို ညက ပေါင်၂၀၀ဗုံး လေးလုံးချပါတယ်။ တရုတ်ပညာရှင်တွေနေတဲ့အဆောင်ကို ပစ်တာပါ” တဲ့။ ကိုယ်တောင် သတင်းဖတ်ရတာ အတော်အရသာရှိတာဆိုတော့ မကျားဆို အိပ်တောင်ပျော်ပါ့မလားဘဲ။
ရှမ်းမြောက်က လက်ဖက်စက်ရုံ၊ သကြားစက်ရုံတွေမှာ တရုတ်နိုင်ငံသားပညာရှင်တွေ ရှိနေပြီး စစ်ကောင်စီဟာ အဲဒါကိုသိရက်နဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာလို့ လုပ်ငန်းရှင်တဦးကပြောပါတယ်။ ဒါကတော့ ဝမ်ယိကို နားရွက်တံတွေးဆွတ်တဲ့အဆင့်မဟုတ်၊ ဖျင်ဆီဆွတ်တဲ့အဆင့်။
မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံးနဲ့ဆော်တာ လေတပ် အရှေ့မြောက်စည်းရိုးတစ်လုံး ကျတယ်၊ K8W Training Jetတွေ ပြုပြင်ထိန်းသိမ်းတဲ့ ဂိုဒေါင်ထိတယ်လို့ ကနဦး သိရပါတယ်တဲ့။
Civilian Military -SRDF အထူးစစ်ဆင်ရေး စစ်ကြောင်း နဲ့ ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်းတို့ပူးပေါင်းပြီး မှော်ဘီလေတပ်ကို Type 63 ရှော့တိုက်ဒုန်းနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာတဲ့။ နယ်စည်းမထား ရွှေဘိုသားတွေ။ လေဘဲတွေကိုတော့ ရတဲ့နည်းနဲ့ ရရာနေရာမှာ ကြုံတဲ့သူက အမိန့်ပြန်တမ်းဖတ်ပေးရမှာပဲလေ။
လက်ပံတန်းမြို့အထွက် ခရီးသည်တင်ကားက ယာဉ်နောက်လိုက်အကူ လူငယ် ၃ ဦးကို စစ်တပ်က ပေါ်တာဆွဲဖမ်းပြီး ၁ ဦး သိန်း ၇၀ နဲ့ ပြန်ရွေးခိုင်းနေသတဲ့။ မြန်မာ့တပ်မတော်ကြီးရဲ့ဂုဏ်ရောင်တွေပေါ့လေ။
၁၀ နှစ်ကျော် လူငယ် ၃ ဦးကို စစ်တပ်က မှတ်ပုံတင်စစ်ဆေးပြီး စစ်မှုထမ်းဖို့ အသက်အရွယ်ရောက်ပြီလို့ပြောပြီး ဖမ်းဆီးသွားတာ၊ မိဘတွေက သားတွေ လွတ်မြောက်ရေးအတွက် မေးတော့ စစ်တပ်က လူငယ်တဦး သိန်း ၇၀ နဲ့ ပြန်ရွေးယူမယ် ဆိုရင်တဲ့၊ လူစားထိုးပြီး လွှတ်ပေးမတဲ့။ ဒီကောင်တွေ ကိုယ့်တပ်ချုပ်ကို ပြန်ပလေးချက်များတော့ မအလလဲ လမ်းတောင်လျှောက်နိုင်ဖို့မလွယ်လောက်တော့ပါဘူး။
စစ်သားတင် မအလကို ချတယ် ထင်မနေနဲ့၊ အုက်ကြီးတွေကလဲ အသားကုန်ကင်တာနော်။ အဲဒီလက်ပံတန်း၊ သာရဝေါအုပ်စု၊ ကျုံလဟာကျေးရွာအုက်ကြီးဝင်းကြည်နဲ့ ရာအိမ်မှူး သန်းဦးတို့အဖွဲ့ကလဲ စစ်မှုထမ်းထောက်ပံ့ဖို့ ဆိုပြီး လစဉ် တအိမ်ထောင် အနည်းဆုံး ငါးထောင်ကနေ သောင်းချီပြီး ခြိမ်းခြောက်တောင်းယူနေကြသေးတာရယ်။ ဒါမျိုးက နေရာတိုင်းဖြစ်နေတာ။
တိုင်းပြည်ဒုက္ခကတော့ ဒီကောင်တွေ မရှိတော့မှ ရပ်မှာ။ လက်ပံတန်းမြို့ပေါ်မှာ စစ်မှုထမ်းဖို့ အရွယ်မရောက်သေးသူတွေ ဖမ်း ငွေညှစ်၊ အရွယ်ရောက်သူ ဖမ်း စစ်သင်တန်း ဆိုတဲ့ သေတွင်းပို့နေသလို သက်ကြီးပိုင်းအမျိုးသားတွေကိုလဲ ပြည်သူ့လုံခြုံရေးအဖွဲ့မှာ ပါဖို့ အတင်းအကျပ် ဖိအားပေးပြီး စစ်သင်တန်းတက်ဖို့ လာခေါ်သွားတာတွေလဲ ရှိနေတယ်တဲ့။
မအလ မသေရင် ကိုယ် သေရမယ့် သဘောပေါ့လေ။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar