(မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၂၄
မတူညီတဲ့ ရည်မှန်းချက်တွေနဲ့ မြန်မာနိုင်ငံအရေး
မြန်မာနိုင်ငံရဲ့ လက်ရှိ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခ အရပ်စကားနဲ့ ပြောရရင် ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ အခြေအနေကနေ ပါဝင်ပတ်သက်နေတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အသီးသီးရဲ့ ရည်မှန်းချက်တွေက ထပ်တူထပ်မျှတော့ မဟုတ်ကြဘူးဆိုတာ စေ့စေ့စပ်စပ်လေ့လာ သုံးသပ်ကြည့်ရင် နားလည်နိုင်ပါတယ်။ စစ်ကောင်စီ နဲ့ အချို့သော နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက တဖက်မှာ ရှိကြပြီး ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ အမျိုးသား ညီညွတ်ရေးအစိုးရ လက်အောက်က PDF အဖွဲ့တွေ၊ ၄င်း လက်အောက်က မဟုတ်တဲ့ ဒေသအလိုက်၊ မြို့၊ ကျေးရွာအလိုက်ဖွဲ့စည်းထားကြတဲ့ PDF အဖွဲ့တွေက တဖက် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်မှု၊ လေကြောင်းက ဗုံးကြဲပစ်ခတ် တိုက်ခိုက်မှုတွေက ၃ နှစ်ကျော် ၄ နှစ်တာ ကာလအတွင်း ဝင်ရောက်လာပြီ ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးလို့ ယေဘုယျအားဖြင့် ခြုံငုံခေါ်ဆိုကြတဲ့ လက်နက်ကိုင် အဖွဲ့တွေရဲ့ ယေဘုယျရည်မှန်းချက် ပန်းတိုင်က ဆယ်စုနှစ်များစွာ မြန်မာ့နိုင်ငံရေးမှာ ကြီးစိုးလာတဲ့ စစ်တပ်ကို အနိုင်ရရေး၊ ၄င်းထိန်းချုပ်ထားတဲ့ နယ်မြေတွေကို သိမ်းယူနိုင်ရေး၊ သယံဇာတတွေ အခွန်အကောက်တွေကို မိမိတို့ဒေသအလိုက် မိမိတို့ စီမံခန့်ခွဲခွင့်ရရေးလို့ ဆိုနိုင်ပါတယ်။ တဖက်မှာလည်း တိုင်းရင်းသား လူမျိုးစုတမျိုးထည်းမှာတင် လက်နက်ကိုင် အဖွဲ့တဖွဲ့မက ရှိနေတဲ့ ဒေသတွေ ရှိသလို ဗမာလူမျိုး အများစုနဲ့ အခြားတိုင်းရင်းသားတွေ နေထိုင်ကြတဲ့ စစ်ကိုင်း၊ မန္တလေး၊ ပဲခူးတိုင်း၊ မကွေးတိုင်း စတဲ့ ဒေသတွေက PDF အဖွဲ့အမျိုးမျိုး ဖွဲ့စည်း လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။
အထက်ကဖေါ်ပြခဲ့တဲ့ စစ်တပ်နဲ့ ရင်ဆိုင် တိုက်ခိုက်နေကြတဲ့ လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ စစ်တပ်ကိုအနိုင်ရရေး ဘုံရည်မှန်းချက်မှာ တူညီကြပေမယ့်လည်း အဲဒီအခြေအနေ အလွန်မှာ ဘယ်လို နိုင်ငံကို သို့မဟုတ် ၄င်းတို့ သိမ်းယူနိုင်တဲ့ နယ်မြေတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ကွန်ဖက်ဒရိတ် ပြည်နယ် စတာတွေကို ဘယ်လို တည်ဆောက်ကြမလဲ ၊ နယ်မြေ သတ်မှတ်ရေးတွေမှာ သဘောထား မတူတာ၊ အငြင်းအခုံလိုကိစ္စရပ်တွေ ရှိလာခဲ့ရင် ဘယ်လို အဖြေရှာကြမလဲ ဆိုတဲ့ အဆင့်တွေ အခြေအနေတွေကို စဥ်းစားထားကြပြီလား ဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာပါတယ်။
ယေဘုယျအားဖြင့်တော့ အမျိုးသားညီညွတ်ရေးအစိုးရက ပင်တိုင်အခန်းကဏ္ဍမှာ ရှိလိမ့်မှာ ဖြစ်ပြီး တိုင်းရင်းသား ဒေသအသီးသီးက ၄င်းတို့ဘာသာ ဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ ကို ပေါင်းစုကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖြစ်နဲ့ ပေါ်ထွက်လာမယ်လို့ ဆိုကောင်း ဆိုကြမှာ ဖြစ်ပါတယ်။ သို့ပေမဲ့ အာဏာရှင်စစ်တပ် အပြီးတိုင် အနိုင်ရပြီးနောက်မှာ လက်ရှိရောက်နေတဲ့ အခြေအနေ အခင်းအကျင်းမှာ အဲဒီအတိုင်း နယ်မြေတိုင်း ဒေသတိုင်းမှာ ဖြစ်ပေါ်လာလိမ့်မယ်လို့ ပြောဖို့ ခက်ခဲတဲ့ လက္ခဏာ၊ သဘောသဘာဝတွေလည်း တွေ့မြင်နေရတာ ဖြစ်ပါတယ်။ နိုင်ငံရေး ရည်မှန်းချက် မတူညီခြင်းနဲ့ နယ်မြေ အပိုင်းအခြား သတ်မှတ်ချက် နဲ့ အကျိုးစီးပွား ဆက်နွယ်နေခြင်းက တိုင်းရင်းသား နဲ့ ဗမာလူမျိုးစုနယ်မြေတွေက လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား ပွတ်တိုက်မှု၊ ထိပ်တိုက်ရင်ဆိုင်မှု နဲ့ အဆိုးဆုံးအနေအထားမှာ လက်နက်ကိုင်တိုက်ပွဲ နည်းနဲ့ အဖြေရှာမှုတွေ ဖြစ်နိုင်ခြေတွေ ထည့်သွင်းစဥ်းစားထားကြရမယ့် အနေအထားလည်း ဖြစ်ပါတယ်။
ဆယ်စုနှစ် ၇ ခုကျော်ကြာ နိုင်ငံရေးမှာ ပါဝင်ပတ်သက်လာတဲ့ လွှမ်းမိုးလာတဲ့ စစ်တပ်ကို အနိုင်ရပြီးနောက်မှာ အထက်က ဆိုခဲ့သလို အကျိုးစီးပွားနဲ့ ဆက်နွယ်နေတဲ့ ပွတ်တိုက်မှု သို့မဟုတ် ထိပ်တိုက်ရင်ဆိုင်မှုတွေ ကြုံလာရနိုင်ခြေကို ဖြေရှင်းကျော်ဖြတ်ဖို့ လက်နက်ကိုင်တိုက်ခိုက်တာ မဟုတ်ဘဲ ဆွေးနွေးညှိနှိုင်း ဖြေရှင်းနိုင်ကြဖို့ ကြိုတင် အခြေခံသဘောတူညီမှုတွေ ဆွေးနွေးပြင်ဆင်မှုတွေ လုပ်ဆောင်ထားဖို့ လိုအပ်ပါလိမ့်မယ်။
၂၀၂၃ နှောင်းပိုင်းနဲ့ ၂၀၂၄ အလယ်ပိုင်းတွေမှာ ရှမ်းမြောက်နဲ့ ၄င်းနဲ့ဆက်စပ်နေတဲ့ ဒေသတွေမှာ မြို့သိမ်း နယ်မြေသိမ်း စခန်းသိမ်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး သိမ်းယူရရှိတဲ့ နယ်မြေ မြို့တွေကို ခွဲဝေအုပ်ချုပ်မှု နဲ့ ပတ်သက်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအကြား ကျေလည်မှု ရေရှည်အားဖြင့် လက်ခံနိုင်မှု ရှိနေကြလားဆိုတာလည်း ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။
ဒါတွေက လက်နက်ကိုင် အဖွဲ့တွေရဲ့ အထိုင် အမြင်ကနေ စဥ်းစားချဥ်းကပ်ကြည့်တာ ဖြစ်ပါတယ်။ မြန်မာ့အရေး နဲ့ ပတ်သက်လို့ အိမ်နီးချင်းနိုင်ငံတွေ အင်အားကြီးနိုင်ငံတွေရဲ့ ရှုမြင်ပုံ ချဥ်းကပ်ပုံ ၂ သွယ်ရှိတာ တွေ့ရမှာဖြစ်ပါတယ်။ ပထမ ၁ သွယ်က အပစ်ရပ်ရေး နဲ့ တည်ငြိမ်ရေးဖြစ်ပြီး ဒုတိယ တသွယ်က လက်နက်ကိုင် တိုက်ခိုက်မှုတွေ ရပ်ဆိုင်းပြီး ပါဝင်ပတ်သက်သူအားလုံး ဆွေးနွေးအဖြေရှာရေး တို့ဖြစ်တာတွေ့ရမှာပါ။ တရုတ်နိုင်ငံက ပထမလမ်းကို ဦးစားပေး ပြောဆိုနေပြီး အာဆီယံ၊ အနောက်နိုင်ငံတွေက လက်နက်ကိုင် တိုက်ခိုက်မှုတွေ ရပ်ဆိုင်းကာ ပါဝင်ပတ်သက်သူတွေ အားလုံးဆွေးနွေးရေးဆိုတဲ့ ဒုတိယ လမ်းသွယ်ကို ကိုင်စွဲတာ တွေ့ရမှာပါ။ ဒါတွေက နိုင်ငံတကာ အစိုးရအချို့ ရဲ့ ဆန္ဒ၊ အကျိုးစီးပွားတွေ ဖြစ်ပြီး ပြည်တွင်းက အင်အားစုတွေကတော့ စစ်ကောင်စီ တပ်တွေကို အပြီးတိုင် ဖယ်ရှားရေး ဆိုတဲ့ ရပ်တည်ချက်ကို ကိုင်စွဲထားကြတဲ့ အဖွဲ့အစည်းတွေလည်း ရှိနေသလို၊ စစ်တပ်က နိုင်ငံရေးက အပြီးတိုင် ထွက်ပေးရမယ် ဆိုတဲ့ တောင်းဆိုချက် ရှိတဲ့အဖွဲ့အစည်းတွေလည်း ရှိတာဖြစ်ပါတယ်။
ဒီနေရာမှာ ပြည်သူလူထုရဲ့ ဆန္ဒကိုလည်း လက်နက်ကိုင်နဲ့ နိုင်ငံရေး အင်အားစုတွေက ထည့်သွင်းစဥ်းစားကြသလား ဆိုတာ တွေးကြည့်စရာ ရှိပါတယ်။ လူထုအနေနဲ့တော့ အသက်အန္တရာယ်က လွတ်အောင် စစ်ဘေးတိမ်းရှောင်နေကြရတဲ့ ဒုက္ခ၊ ရိက္ခာ၊ ဆေးဝါး ကုသခံယူမှုတွေ မရရှိတဲ့ အခက်အခဲတွေကနေ လွတ်မြောက်လိုကြတာ ဖြစ်ပါတယ်။ လက်နက်ကိုင် အင်အားစုတွေ နိုင်ငံရေး အင်အားစုတွေက ပြည်သူလူထုရဲ့ အသံ၊ ဆန္ဒတွေက အခုလို ပြည်တွင်းစစ်ဖြစ်ပွားနေချိန်မှာ ဘယ်သူတွေက နားထောင်ပေးမလဲ ဆိုတာလည်း အဓိကကျတဲ့ မေးခွန်းတခုဖြစ်နေပါတော့တယ်။ ပြည်တွင်းစစ်၏ မီးအရှိန်အောက်မှာ နေထိုင်အသက်မွေးကြတဲ့ ပြည်သူတွေကိုယ်တိုင်က ယခုအချိန်မှာ ရွေးချယ်ခွင့်ရှိမယ်ဆိုရင် ဘာကို ရွေးချယ်ကြမလဲ။ သာမန် ပြည်သူလူထုတွေကိုယ်တိုင်ကတေ့ာ နက်ဖြန်တရက် အသက်ဆက်ရှင်သန်ခွင့်ကိုပဲ ရွေးချယ်ကြလိမ့်မယ်လို့ ယေဘုယျ ဖြေကြလိမ့်မယ် ထင်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar