ylliX - Online Advertising Network
စီးပွားရေး ချွတ်ခြုံကျနေချိန် စစ်စရိတ် ကျပ်ဘီလျံ ၄၁,၀၀၀ ကျော် သုံးစွဲခြင်းရဲ့ ဂယက်

စီးပွားရေး ချွတ်ခြုံကျနေချိန် စစ်စရိတ် ကျပ်ဘီလျံ ၄၁,၀၀၀ ကျော် သုံးစွဲခြင်းရဲ့ ဂယက်


(မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၂၄⁨⁨⁨⁨⁨⁨

စီးပွားရေး ချွတ်ခြုံကျနေချိန် စစ်စရိတ် ကျပ်ဘီလျံ ၄၁,၀၀၀ ကျော် သုံးစွဲခြင်းရဲ့ ဂယက်

နိုင်ငံတဝှမ်းဖြစ်ပွားနေတဲ့ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်း အသီးသီးမှာ ထုတ်လုပ်မှု ကျဆင်းချိန် တနိုင်ငံလုံးရဲ့ အသားတင်ထုတ်လုပ်မှုတွေ ကျဆင်းနေချိန်မှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ တနှစ်တာ စစ်အသုံးစရိတ်ဘတ်ဂျက် ပမာဏက ကျပ် ဘီလျံ ၄သောင်း ၁ ထောင်အထိ တိုးမြင့်လာခဲ့တယ်လို့ သတင်းဖေါ်ပြချက်တွေအရ သိရပါတယ်။ 

အခုလို ဘတ်ဂျက်အသုံးစရိတ်တွေကို အသေးစိတ် တရားဝင် မထုတ်ပြန်သော်လည်း အချို့အစည်းအဝေးတွေမှာ ပြောဆိုထားချက်တွေအရ သိရှိရတဲ့ သဘောလို့လည်း သတင်းဌာနတွေက ဖေါ်ပြထားကြပါတယ်။ 

ယခင်နှစ်က ကျပ် ဘီလျံ ၃ သောင်းကျော် သုံးစွဲခဲ့တယ်လို့ ဘီဘီစီ မြန်မာပိုင်း သတင်းမှာ ဖေါ်ပြထားပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း လွှတ်တော်လည်း မရှိတော့တာကြောင့် တရားဝင် ကိန်းဂဏန်းတွေ ထုတ်ပြန်ခြင်းမရှိတော့တာ တွေ့ရပါတယ်။ အခုကိန်းဂဏန်းတွေကို အချို့သော အစည်းအဝေးတွေမှာ ထုတ်ဖေါ်ပြောဆိုချက်တွေကနေ စောင့်ကြည့်မှတ်တမ်းတင်ထားတာလည်း ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်လယ်က စတင်ခဲ့တဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံတွင်းမှာ စိုက်ပျိုးရေး လုပ်ငန်းတွေ ကောင်းမွန်စွာ လုပ်ကိုင်နိုင်ခြင်း မရှိသလို၊ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းတွေလည်း ပိတ်ဆို့တာ ဝေးလံတဲ့လမ်းတွေကနေ ပတ်ပြီး ကုန်သွယ်ရတာ၊ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် လူငယ်အရွယ် အများအပြား ပြည်ပမှာ အလုပ်သွားရောက်လုပ်ကိုင် ကြတာတွေက လုပ်သားအင်အားရှားပါးစေပြီး ကုန်ထုတ်လုပ်မှု ဝန်ဆောင်မှုတွေကို ထိခိုက်စေတဲ့ အကျိုးသက်ရောက်မှုတွေ အခုနှစ်ပိုင်းမှာ ဖြစ်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ 

အိမ်နီးချင်းထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့မှာ အလုပ်သွားရောက် လုပ်ကိုင်ဖို့ ထွက်ခွာကြရာမှာ ယခင်က မွန်ပြည်နယ်၊ ကရင်ပြည်နယ်ံ၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် နဲ့ တနင်္သာရီတိုင်းတို့က အဓိကသွားရောက်ကြတာ ဖြစ်ပေမယ့် အခုအခါမှာ အညာဒေသ၊ မြစ်ဝကျွန်းပေါ်၊ ရန်ကုန်၊ မန္တလေး နဲ့ ပဲခူးတိုင်းတို့ကပါ အများအပြားပါဝင်လာကြတာ တွေ့ရပါတယ်။ ဒီအချက်က ဘာကိုညွှန်ပြနေသလဲ ဆိုရင် စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်ရာမှာ အရေးပါတဲ့ လူလုပ်အားအရင်းအမြစ်တွေ မြန်မာနိုင်ငံထဲကနေ အိမ်နီးချင်းနိုင်ငံတွေဆီ ယိုစီးကုန်ကြတဲ့ သဘောဖြစ်ပြီး မြန်မာနိုင်ငံတွင်းက စိုက်ပျိုးရေး မွေးမြူရေးနဲ့ ကုန်ထုတ်လုပ်မှုမှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိလာစေတဲ့ သဘောဖြစ်ပါတယ်။ တဖက်မှာတော့ ပြည်ပမှာ အလုပ်လုပ်ကိုင်တဲ့သူတွေက သူတို့လုပ်အားခတချို့ မိသားစုတွေဆီ ပြန်ပို့ရာက ဝင်ငွေရရှိနိုင်ပေမယ့် ပြည်တွင်းက စီးပွားရေး ယန္တရားမှာတော့ သိသာတဲ့ လျော့ကျမှု ဆုတ်ယုတ်မှုတွေ ဖြစ်စေမှာ အသေအချာပင် ဖြစ်ပါတယ်။ 

တခြားတဖက်မှာလည်း နိုင်ငံရေး မတည်ငြိမ်မှု၊ ကုန်ပစ္စည်းတွေ ပိတ်ဆို့ဖြတ်တောက်မှုတွေက ကုန်ထုတ်လုပ်မှုနဲ့ ကုန်စည်ရောင်းဝယ်မှုတွေကို ကြီးမားတဲ့ သက်ရောက်မှုတွေ ဖြစ်စေတာပါ။ ဥပမာအားဖြင့် ရေလုပ်ငန်းနဲ့ အသက်မွေးကြတဲ့ ရခိုင်ကမ်းရိုးတန်းဒေသ တလျှောက်မှာ ပြီးခဲ့တဲ့ တနှစ်တာကာလအတွင်း လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားတာ၊ စစ်ကောင်စီရေတပ်က ငါးဖမ်းလှေတွေ ပင်လယ်ပြင် ပေးမထွက်တာတွေက ကုန်ထုတ်လုပ်မှုထိခိုက်စေသလို မတန်တဆ ကြီးမြင့်လာတဲ့ လောင်စာဆီ စျေးနှုန်းတွေကြောင့်လည်း ရေလုပ်ငန်းတွေ ကောင်းမွန်စွာ မလုပ်ကိုင်နိုင်ကြတဲ့ အနေအထားဖြစ်ပါတယ်။ 

စိုက်ပျိုးရေးနဲ့ အသက်မွေး ကြတဲ့ စစ်ကိုင်းတိုင်း မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့  အချို့ဒေသတွေမှာလည်း လက်နက်ကိုင် တိုက်ပွဲကြောင့် မစိုက်နိုင်တာ ၊ မရိတ်သိမ်းနိုင်တာ၊ သို့မဟုတ် ရိတ်သိမ်းလို့ရတဲ့ သီးနှံကို စျေးကွက်ကို မတင်နိုင်တဲ့ အခြေအနေမျိုး ကြုံတွေ့နေကြရတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဘက် တင်ပို့တဲ့ စိုက်ပျိုးရေးသီးနှံတွေ ယခင်နှစ် နှောင်းပိုင်း ရှမ်းမြောက်တိုက်ပွဲတွေ ဖြစ်လာကတည်းက ရှမ်းအရှေ့ဘက်ထိ ကွေ့ပတ်ပြီး တင်ပို့ကြရတာလည်း သတင်းဖေါ်ပြမှုတွေအရ ကြားသိနေကြရတာပါ။ 

ဒီလိုအခြေအနေကြားမှာ ၂၀၂၄ ခုနှစ် မိုးရာသီ ရေဘေးအန္တရာယ်ကျရောက်ခဲ့ပြီး မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းအရှေ့၊ ရှမ်းတောင်နဲ့ ကရင်နီပြည် ဒေသတွေအထိ တနံတလျား ကျယ်ပြန့်တဲ့ အတိုင်းအတာနဲ့ ထိခိုက်စေခဲ့တာဖြစ်ပါတယ်။ ဒီအခြေအနေတွေက စိုက်ပျိုးမှု ကုန်ထုတ်လုပ်မှု အပိုင်းဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးနယ်ပယ်က ထုတ်လုပ်နိုင်တဲ့ ပမာဏကျဆင်းနေချိန် ပြည်တွင်းစစ်ပွဲမှာ အသုံးပြုကြတဲ့ ငွေကြေးပမာဏက ဘယ်တုန်းကနဲ့မှ မတူအောင် မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ 

စစ်ကောင်စီ အနေနဲ့ မြန်မာနိုင်ငံ နေရာအများအပြားမှာ အခွန်ကောက်ခံနိုင်ခြင်း မရှိတော့တဲ့ အနေအထားမှာ စစ်စရိတ်ကို ယခင်နှစ်တွေထက်ပိုပြီး သုံးဖို့ အခြေအနေဖန်တီးလာနေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ လမ်း တံတား အသုံးပြုခ ကောက်ခံတဲ့ အခွန်အကောက်တွေ အတော်များများ ၂၀၂၂ ခုနှစ်တွေကတည်းက ကောင်းစွာ မကောက်ခံနိုင်တော့သလို မြို့အများအပြားလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့နဲ့ ဒေသန္တရ လက်နက်ကိုင် ၊ NUG လက်အောက်က လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ထားပြီး စစ်ကောင်စီ အနေနဲ့ အခွန်အကောက် ကောက်ခံနိုင်ခြင်း မရှိတော့ပါဘူး။ သယံဇာတ ထွက်ရှိတဲ့ ဒေသအချို့ကိုလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ထားလိုက်ပြီး ဖားကန့်၊ မိုးကုတ်၊ ကန်ပိုက်တည် စတဲ့ ဒေသတွေမှာ စစ်ကောင်စီ အဖို့ တရားဝင်ရော တရားမဝင် အခွန်အကောက် ရစရာ မရှိတော့တဲ့ အနေအထားဖြစ်ပါတယ်။ 

အခြေအနေတွေကို သုံးသပ်ကြည့်ရင် စစ်ကောင်စီ အနေနဲ့ အထက်က ရရှိမယ့် အခွန်အကောက် သိသိသာသာ ကျဆင်းလာနေချိန်မှာ တဖက်မှာ စစ်အသုံးစရိတ်ကို မြှင့်တင်နေသလို ဖြစ်နေတာတွေ့ရပါလိမ့်မယ်။ လျော့ပါးသွားတဲ့ ဝင်ငွေနေရာမှာ ဘယ်လို နည်းလမ်းနဲ့ ရရှိတဲ့ ဘဏ္ဍာငွေကို ဖြည့်တင်း အသုံးပြုမလဲ သို့မဟုတ် ငွေကြေးရိုက်ထုတ်တဲ့နည်းလမ်းကို သုံးမှာလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရှိရပါဘူး။ ငွေကြေးရိုက်ထုတ်တဲ့ နည်းလမ်းကို အသုံးပြုခဲ့ရင်တော့ မကြာမီကာလတွေမှာ ငွေကြေး ဖောင်းပွမှုတွေ တကျော့ပြီးတကျော့ ထပ်မံဖြစ်ပွားလာမယ့် အန္တရာယ်လည်း ရှိနေတာဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *