(မိုးမခ) နိုဝင်ဘာ ၂၃ ၊ ၂၀၂၄
တစ်နေ့က၊ တန်ဆောင်မုန်းလပြည့်ညက ရွာဦးစေတီတော်မှာ ဆီမီးပူဇော်ခဲ့တယ်။ ဆီမီးအစစ်ကြီးတော့ မဟုတ်ဘူးပေါ့လေ၊ ကာလံဒေသံနဲ့ ဖယောင်းတိုင်မီး ပူဇော်တာပေါ့။ စေတီလုံးတော်ပြည့်တော့ မတတ်နိုင်ပါဘူး၊ ဖိနပ်တော် ခေါ်သလား၊ ပန်းတင်ခုံ ခေါ်မလား၊ အောက်ခြေပေါ်မှာတင် ထွန်းညှိပူဇော်ခဲ့ပါတယ်။
ပြီးတော့ ထုံးစံ ဖြစ်နေပါပြီ၊ ‘မြန်မာနိုင်ငံ အမြန်ဆုံး လွတ်လပ်ပါစေကြောင်း’ တစ်ဆုပဲ တောင်းခဲ့ပါတယ်။ အများကြီး မဖြည့်ဆည်းနိုင်တောင်၊ တစ်ဆုတည်း တောင်းရင် အမြန်ဆုံး ပြည့်မယ် ထင်လို့ပေါ့။ မနက်ရောက်တော့ ရင်ပြင်တော်ပေါ် သန့်ရှင်းရေး ကုသိုလ်ပြုတော့၊ ဝမ်းနည်းစရာ အကြောင်းချင်းရာတစ်ခု သွားတွေ့တယ်။ အဲဒါက… ဆေးမကုတဲ့ ဆရာဝန်တွေကို ဆရာတစ်ယောက်က ‘မစပ်သော ငရုတ်သီးများ’လို့ တင်စားခဲ့ပါတယ်။ ငရုတ်သီးမှန်ရင် စပ်ရမယ်နော်။ လောကမှာ၊ ပရော်ဖက်ရှင်နယ်တစ်ယောက် ဖြစ်လာဖို့ အတော်ခက်ပါတယ်။ ဖြစ်ထွန်းပေါ်ပေါက်ခဲတဲ့ ပညာရှင်တစ်ယောက်ဟာ အဲဒီ ကိုယ် တတ်မြောက်ကျွမ်းကျင်တဲ့ ပညာရပ်နဲ့ လောကကို၊ မိမိ ပတ်ဝန်းကျင်ကို အကျိုးတစုံတရာ မပြုဘူးဆိုရင် အတော်နစ်နာပါတယ်။
ပြောရမယ်ဆိုရင်၊ မျှော်လင့်ချက်အပြည့်နဲ့ ရေလောင်းပေါင်းသင်၊ စောင့်မျှော်နေခဲ့ရတဲ့ ပန်းအငုံလေး၊ မပွင့်မအာလာဘူးဆိုရင်၊ အငုံဘဝမှာပဲ ညှိုးခြောက် ကြွေလွင့်သွားမယ်ဆိုရင် စောင့်စားရသူများခမျာ ရင်ကွဲပတ်လက်ပေါ့။ အနီရောင်ပန်းကလေး ပွင့်လာမှာပဲ မျှော်လင့်ထားပေမယ့် အဝါရောင်ပန်းလေး၊ အပြာရောင်ပန်းလေး ပွင့်လာတယ်၊ အမွှေးရနံ့ အရောင်အဆင်းကတော့ နဂို ဗီဇအတိုင်းပဲ ဆိုရင်တော့ ဖြေသာပါသေးတယ်။ ဪ… ဒို့များကို တစ်နည်းတစ်ဖုံ အကျိုးပြုရှာသားပဲပေါ့။ ငရုတ်သီး၊ မစပ်ပေမယ့် ခပ်ရှိန်းရှိန်းလေးတော့ လာသားပဲ၊ ဟင်းအရောင်လေး လှအောင် တောက်အောင် လုပ်ပေးသားပဲ ဒီလို ဖြေလျှော့တွေးပေးကြမှာပေါ့။ ကိုယ် မျှော်လင့်တဲ့ ပန်းကလေးက မျှော်လင့်ထားတဲ့အတိုင်း မဟုတ်ဘူး။ ပွင့်တော့ ပွင့်လာပါရဲ့၊ ဘာအနံ့မှ မရဘူး။ အမြင်လှဆန်း ပေါက်ပန်းပွင့်လိုတောင် ဆေးဖက်မဝင်ဘူး။ အပွင့်လေးတော့ လှပါရဲ့၊ ရနံ့မဆွတ်၊ ဆေးဖက် မဝင်၊ တိရိစ္ဆာန်လေးတွေတောင် မစားတဲ့ အပွင့်မျိုးဆိုရင်။ ဆိုးတယ်နော်။ ဪ… တော်ပါသေးရဲ့၊ မွှေးတဲ့ပန်းနဲ့ ဖက်သုံးလို့ ရနိုင်ရဲ့၊ အမွှေးနံ့သာလေး ဖျန်းထားနိုင်ရဲ့၊ အလှကြည့်လို့တော့ ရပါသေးရဲ့။ နောက်ဆုံး… မြေဩဇာတော့ ရနိုင်ပါသေးတယ်။ ဒီလို ဖြေလျှော့တွေးပေးနိုင်တာပေါ့။
အဲ… ပန်းတော့ ပွင့်တယ်၊ ပန်းဂုဏ်သတ္တိ လှတယ် ယဉ်တယ်၊ သို့ပေမဲ့ ထွက်လာတဲ့အနံ့က ဆိုးဆိုးရွားရွား ပတ်ဝန်းကျင်ကို ဒုက္ခပေးတော့တာပဲ ဆိုရင် ဂွပဲ။ အဲလိုပန်းမျိုးက ပွင့်လေ၊ လှလေ၊ များလေ၊ အနံ့ထွက်လေ၊ သက်တမ်းကြာလေ ဒုက္ခတွေ တလှေကြီး ပေးတော့မှာပဲ။ ငရုတ်သီး မစပ်တာကမှ တော်သေးရဲ့၊ ငရုတ်သီးက ကောင်းကောင်းကန်းကန်း ခြောက်သွေ့သွားရင် ငရုတ်သီးခြောက်အဖြစ် အကြာကြီး အထားခံသေးရဲ့။ မခြောက်တခြောက် ဟိုမရောက်ဒီမရောက်ဆိုရင် မှိုဝင်သွားရင် စားမိတဲ့သူတွေ အသည်းတွေ ဘာတွေမှာ ကင်ဆာ ဖြစ်နိုင်သတဲ့။ ဘုရားရင်ပြင်တော်ပေါ်မှာ ဘုရားမရှိခိုးနိုင်ဘဲ ဝင်လာတဲ့ အတွေးမျိုးစုံတွေ။ အဲဒီအတွေးတွေဟာ မီးစာမလောင်ခဲ့တဲ့ ဖယောင်းတိုင်လေးတစ်တိုင်ကို မြင်ပြီး ဝင်လာတာပါ။
(ဦး)စိုင်းထီးဆိုင်က ဆိုထားတယ်၊ ‘အလင်းရောင်ရဖို့ အပူခံ အရည်ပျော်ခံတဲ့ ဖယောင်းတိုင်ရယ်… ဖယောင်းရည်လေး တစက်စက်ကျတာ သူ့ရဲ့မျက်ရည်ပဲ… သို့ပေမဲ့လည်း အမှောင်ကို ခွင်းမယ့် အလင်းရောင်… သူ ဆောင်ကြဉ်းပြီးအခိုက်မှာ ကျေနပ်ရင်းနဲ့ တမြေ့မြေ့ ကျွမ်းလောင်ခဲ့ရ သူ့ခန္ဓာ….’ စွန့်လွှတ်သူများအတ္ထုပ္ပတ္တိ’တဲ့။ ပြည့်စုံကောင်းမွန်လိုက်တာနော်။ ဒီဖယောင်းတိုင်လေးနဲ့ ကွာပါ့။ မချိတင်ကဲ ဖြစ်ရတယ်။
အတူလောင်ဖော်လောင်ဖက် ဖယောင်းတိုင်လေးတွေ အများကြီး၊ စေတီတော် တစ်ပတ်လည်ဆိုတော့၊ နှစ်ဆယ်ကျော် သုံးဆယ်နီးပါးပေါ့။ အားလုံးက တာဝန်ကျေသွားကြပြီ။ ဖယောင်းတိုင်ရဲ့ တာဝန်က မီးစာလောင်ဖို့၊ ဖယောင်းအရည်ပျော်ဖို့လို့ အဆိုးမြင်ဝါဒနဲ့ ပြောတာတော့ မဟုတ်ပါဘူး။ အလင်းရောင်ပေးနိုင်ဖို့ပေါ့။ ဖယောင်းတိုင် ထုတ်လုပ်ထားတဲ့ ရည်ရွယ်ချက်ကိုက မှောင်နေချိန်မှာ မီးထွန်းဖို့ပေါ့။ တခြား တခြားသော ရည်ရွယ်ချက်တွေ၊ ဥပမာပြောရရင် မွေးနေ့ကိတ် ခွဲခါနီး ဆုတောင်းရင်း ထွန်းဖို့တို့၊ အညံ့တွေ ပြေပျောက်ဖို့ ယတြာချေဖို့တို့ ရှိ ကောင်းရှိမှာပေါ့။
ဒါပေမဲ့ ‘အဓိက’ကတော့ အလင်းရောင်ရဖို့ပဲ မဟုတ်လား။ ဆေးပညာသင်တယ်၊ ကျန်းမာရေးဆိုင်ရာ ပညာရပ်တွေ သင်ကြားတယ်ဆိုတာ၊ လူသားတွေ သက်ရှိတွေကို ကျန်းမာသန်စွမ်းစေဖို့ပဲ မဟုတ်လား။ စောင့်ရှောက်ပေးဖို့၊ ကုသပေးဖို့၊ ဟောပြောစည်းရုံးပေးဖို့၊ လက်ဆင့်ကမ်း သင်ကြားပေးဖို့ ဒီလိုနော်။ ဒါကို၊ ဆရာဝန်ဘွဲ့ကို ဂုဏ်ဒြပ်တစ်ခုအနေနဲ့ သာ ယူထားတယ်ဆိုရင် ‘မစပ်တဲ့ ငရုတ်သီး’ပဲပေါ့။
ဖယောင်းတိုင်လေး… လေတိုက်လို့လား၊ ရေစိုလို့လား၊ မီးမစွဲလို့လား၊ မီးစာမကောင်းလို့လား၊ ဖယောင်း မကောင်းလို့လား၊ ‘လား’တွေတော့ အများကြီးပေါ့။ ဒါပေမဲ့ဗျာ၊ တစ်ထုပ်ထဲက တခြားဖယောင်းတိုင်တွေ တာဝန်ကျေနေတဲ့အခိုက်မှာ ကိုယ်တစ်ယောက်တည်း မလောင်ရဲ၊ မလင်းရဲတာကြီးကိုတော့ အတော်စိတ်ပေါက်တယ်။ ရေစို၊ အတူတူ စိုပေါ့၊ လေတိုက်၊ အတူတူတိုက်ပေါ့။
မီးစာမကောင်း ဖယောင်းမကောင်း အဲဒီလို မကောင်းတဲ့ကြားက တခြား တခြားသော ဖယောင်းတိုင်လေးတွေ ကြည့်ပါအုံး။ လင်းနိုင်သလောက် လင်းပေးနေတယ်။
လပြည့်ညမို့ သိပ်မလင်းဘူး ထင်ရပေမယ့်၊ လမိုက်ညတွေမှာ ထွန်းကြည့်၊ အမှောင်ခန်းထဲမှာ ထွန်းကြည့်၊ အလင်းရောင် လိုတဲ့ အချိန်များ သိပ်အားတက်စရာပေါ့။
ကျနော်တို့ မျှော်လင့်ချက်မဲ့နေတဲ့ အချိန်များ ဖယောင်းတိုင်လေးတစ်တိုင်၊ ကျိုးကျိုးပဲ့ပဲ့ သေးသေးနုပ်နုပ် မီးထွန်းလိုက်လို့ လင်းလာတယ်ဆိုရင် အားတွေ ရှိလာတယ်နော်။
အဲဒီလို မှောင်မိုက်နေချိန်များမှာ မျှော်လင့်ချက်တွေနဲ့ ကြိုးစားရှာဖွေ့တွေ့ရှိခဲ့တဲ့ ဖယောင်းတိုင်လေး၊ ကြိုးစားပမ်းစား မီးခြစ်ကလေး တစ်ခြစ်ပြီး ခြစ်၊ တစ်ခြစ်ပြီး ခြစ်၊ အားကိုးတကြီး ထွန်းညှိလိုက်တဲ့အချိန်…. မီးစာ ပါမလာတဲ့ ဖယောင်း သက်သက်ကြီး ဖြစ်နေခဲ့ရင်….။
သေရော။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar