ကနေဒါ နိုင်ငံ တိုရွန်တိုမှာ Tesla ကား တစ်စီးဟာ တံတား ကွန်ကရစ်တိုင်ကို ဝင်တိုက်ပြီး မီးလောင်သွားတဲ့အတွက် လူ ၄ ယောက် သေဆုံးသွားပါတယ်။ ၅ ယောက်မြောက် လူကို လမ်းသွားလမ်းလာ တစ်ယောက်က ကားတံခါးခွဲကာ ကယ်တင်လိုက်နိုင်ပါတယ်။
တိုရွန်တို ရဲဌာနမှ စုံစမ်းရေးမှူး Phillip Sinclair က ဒီဖြစ်ရပ်ဟာ Lake Shore မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ယာဉ်မောင်းဟာ ကားကို မထိန်းနိုင်ဘဲ တံတား ကွန်ကရစ်တိုင်ကို ဝင်တိုက်ခဲ့တာလို့ ပြောပါတယ်။ မီးသတ်ဌာနမှ Jim Jessop က မီးသတ်သမားတွေ ရောက်လာတဲ့အချိန်မှာ ကားဟာ လုံးဝမီးလောင်ကျွမ်းနေပြီလို့ ပြောပါတယ်။ မီးငြိမ်းသတ်ပြီးနောက်မှာ ကားထဲမှာ လူ ၄ ယောက်သေဆုံးနေတာကို တွေ့ရပါတယ်။ အဲဒီအထဲမှာ အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၁ ယောက် ပါဝင်ပါတယ်။
မီးလောင်သွားတဲ့ ကားဟာ Tesla Model Y ဖြစ်ပြီး ကားတံခါး ဖွင့်လို့ မရတဲ့အတွက် လူ ၄ ယောက် မီးလောင် သေဆုံးသွားတာလို့ လမ်းသွားလမ်းလာက ပြောပါတယ်။ သူက အင်တာဗျူး တစ်ခုမှာ “ ကားတံခါးကို အမျိုးသမီး တစ်ယောက်က အထဲကနေ ဖွင့်ဖို့ ကြိုးစားနေပေမယ့် ဖွင့် မရခဲ့ပါဘူး။ ကားမှန်ခွဲပြီး အဲဒီ အမျိုးသမီးကို ကယ်တင်လိုက်ပါတယ်။ မီးခိုးတွေ များတဲ့အတွက် ကားထဲမှာ တခြားလူတွေ ရှိသလားဆိုတာ မသိခဲ့ပါဘူး။ “ လို့ ပြောပါတယ်။
ကား တိုက်မှုနဲ့ မီးလောင်မှုကို လက်ရှိမှာ စုံစမ်းစစ်ဆေးနေပါတယ်။
Ref : English.jagran
Share This Story, Choose Your Platform!
Go to Top