(မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၂၄
တန်ဆောင်တိုင် ပံ့သကူ ပစ်ခြင်းနဲ့ တာဝန်မဲ့ စိတ်ထားများ၊ မိုးမောက်မြို့နယ်ထဲက ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ၉ ဦး သေဆုံး
ရန်ကုန်မြို့ တန်ဆောင်တိုင်ပွဲတော်ရာသီတွေမှာ လုပ်ဆောင်လေ့ရှိတဲ့ အလေ့အထ တခုက ပံ့သကူ ပစ်ခြင်းလို့ ခေါ်တဲ့ ကားလမ်းတလျှောက် ငွေကြေးစွန့်ကြဲတဲ့ အလေ့အထဖြစ်ပါတယ်။ ဒီအလေ့အထက သိပ်မဝေးတဲ့ နှစ်ကာလတွေကျမှ ပေါ်ပေါက်လာတဲ့ အလေ့အထဖြစ်ပြီး ရှေးတုန်းက ပံ့သကူ အဖြစ်စွန့်ကြဲတယ်ဆိုတဲ့ အခေါ်အဝေါ်အပေါ် အခြေခံပေမယ်လို့ လုပ်ကိုင်ပုံနည်းလမ်းတော့ မတူပါဘူး။ ရှေးအစဥ်အလာ ပံ့သကူစွန့်ကြဲခြင်းက ပေးကမ်းသူက ဘယ်သူဘယ်ဝါဆိုတာ မသိရစေဘဲ တနေရာရာမှာ ထားခဲ့တဲ့သဘောမျိုး ဖြစ်ပြီး အခုလို တန်ဆောင်တိုင်ပွဲတော်ရက်မှာ ကားနဲ့ ပစ်ချစွန့်ကြဲတာမျိုး မဟုတ်ပါဘူး။
တန်ဆောင်မုန်းလပြည့် ပွဲတော်ကာလရက်တွေမှာ အခုလို ပံ့သကူ ပိုက်ဆံတွေကို ကားနဲ့ ပစ်ချစွန့်ကြဲတဲ့ အလေ့အထက ရန်ကုန်မြို့မှာ တဖြည်းဖြည်း တွင်ကျယ်လာကာ တန်ဆောင်မုန်းလပြည့်ညလိုမျိုး ယာဥ်အသွားအလာများတဲ့ ကားလမ်းမကြီးတွေပေါ်မှာ ပံ့သကူစွန့်ကြဲတဲ့ ပိုက်ဆံကောက်ယူဖို့ ကလေး၊ လူကြီး အများအပြားစောင့်ဆိုင်းနေကြသလို ကားတွေနဲ့ စွန့်ကြဲသွားတဲ့ သူတွေကလည်း ပစ်ချစွန့်ကြဲပြီးနောက် ကောက်ယူသူတွေအတွက် ယာဥ်အန္တရာယ်ရှိသလား၊ မရှိသလားဆိုတာတွေကို အလေးထားခြင်း မရှိကြပါဘူး။
ခုနှစ် တန်ဆောင်မုန်းလပြည့်ည တညထည်းတင် ပံ့သကူ ပိုက်ဆံကောက်ယူရင်း ဖြစ်ပွားတဲ့ ယာဥ်တိုက်မှုကြောင့် ၉ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားကြပါတယ်။ တန်ဆောင်မုန်း လပြည့်ညက သင်္ဃန်းကျွန်းမြို့နယ်ထဲ ဝေဇယန္တာလမ်းမပေါ်မှာ ပံ့သကူ ပိုက်ဆံကောက်ယူကြတဲ့ လူအုပ်ကို ကားဝင်တိုက်ရာမှာ အဖြစ်အပျက်တခုထည်းမှာတင် ၅ ဦး သေဆုံးခဲ့ရတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ ရှေ့ကားက ပံ့သကူပိုက်ဆံ ပစ်ချသွားတာကို လူအုပ်ကလမ်းမပေါ် ကောက်ယူချိန် နောက်ကလာတဲ့ ကားက ဝင်တိုက်ခဲ့တဲ့ သဘောလို့ ယူဆရပါတယ်။ အခြားသော အဖြစ်အပျက်တခုမှာတော့ ရွှေပြည်သူမြို့နယ်ထဲက လမ်းမပေါ်မှာ ၄င်းရဲ့ ကလေး ၃ ယောက်နဲ့ ပံ့သကူကောက်နေတဲ့ မိခင်ဖြစ်သူ ကားတိုက်ခံရပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ဒီအဖြစ်အပျက် ၂ ခုအပြင် အခြားသောနေရာတွေမှာလည်း ပံ့သကူကောက်ယူတဲ့ သူတွေကို ကားတိုက်မှုဖြစ်ပွားခဲ့လို့ သေဆုံးသူ ၃ ဦး ရှိပြီး စုစုပေါင်း ၉ ဦး ရှိတယ်လို့ သတင်းတွေအရ သိရတာ ဖြစ်ပါတယ်။
ဒီလို ပံ့သကူ ကြဲချတာကို ကောက်ကြတဲ့ အဖြစ် တွေ စစ်အာဏာသိမ်းမှု မတိုင်ခင်ကာလတွေကတည်းက ရှိနေခဲ့တာ ဖြစ်ပေမယ့်လည်း အခုလို စားဝတ်နေရေး ကြပ်တည်းခက်ခဲတဲ့ ကာလ၊ တရားဥပဒေစိုးမိုးမှု အနိမ့်ဆုံးရောက်နေတဲ့ ကာလတွေမှာ အန္တရာယ်ဖြစ်ပွားမှုပိုမို မြင့်တက်လာတယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ကောက်ယူရရှိနိုင်မယ့် ငွေကြေးဟာ ပမာဏအားဖြင့် ထောင်ဂဏန်း သောင်းဂဏန်းထက် မပိုနိုင်သော်လည်း ယာဥ်တိုက်မှု မတော်တဆဖြစ်ခဲ့ရင် အသက်ဆုံးရှုံးနိုင်တဲ့ အထိ အန္တရာယ်ရှိတဲ့ကြားက ရာထောင်ချီတဲ့ ရန်ကုန်မြို့နေသူတွေက ပံ့သကူကောက်ယူတာတွေ ထဲပါဝင်နေကြတာ ဖြစ်ပါတယ်။
ဒီနေရာမှာ ပံ့သကူကြဲချ သူတွေရဲ့ လုပ်ဆောင်ပုံကလည်း တာဝန်မဲ့သလို ကိုယ်ချင်းစာနာမှု မရှိ၊ အချင်းချင်း ကူညီဖေးမမှုသဘောထက် မိမိတို့ရဲ့ စိတ်ဆန္ဒပြည့်ဝဖို့ တခုထည်းသာတွေးပြီး ကောက်ယူသူတွေ အပေါ် ကျရောက်နိုင်တဲ့ အန္တရာယ်တွေကို အနည်းငယ်မျှ ထည့်သွင်းစဥ်းစားတာ စာနာခြင်းမရှိတာ ပေါ်လွင်နေတဲ့ သဘောလို့လည်း ဆိုနိုင်ပါတယ်။ ဒီလို ပေးကမ်းစွန့်ကြဲတဲ့ နည်းလမ်းက တဖက်လက်ခံရရှိသူတွေရဲ့ ဂုဏ်သိက္ခာ၊ ဘေးကင်းမှုကို အနည်းငယ်မျှ ထည့်သွင်းစဥ်းစားမှု မရှိတဲ့ သဘောဖြစ်ပြီး ပေးကမ်းကူညီလိုတဲ့ သဘောထက် မိမိတို့ လုပ်ချင်တဲ့ ဆန္ဒတခုကို လုပ်ဆောင်ဖို့သာ စိတ်ကူးထားတဲ့ သဘောလို့လည်း ဆိုရမှာဖြစ်ပါတယ်။
တဖက်မှာလည်း တရားဥပဒေ စိုးမိုးမှုမရှိခြင်းကြောင့် နှစ်စဥ်နှစ်တိုင်း အခုလိုရက်မှာ ကားလမ်းတွေပေါ် အခုလို ပံ့သကူငွေကြဲချတဲ့ လုပ်ဆောင်မှုမျိုးတွေကို တားဆီးကြပ်မတ်တာတွေ အုပ်ချုပ်မှုတာဝန်ယူထားကြတဲ့သူတွေ၊ အဖွဲ့အစည်းတွေနဲ့ ယာဥ်စည်းကမ်း ထိန်းသိမ်းဖို့ တာဝန်ရှိသူတွေ က လုပ်ဆောင်တာ မတွေ့ရပါဘူး။ ကောက်ယူတဲ့ လူထုအနေနဲ့ ကြပ်တည်းမှုကြား၊ ဂုဏ်သိက္ခာ ပျက်စီးဆုံးရှုံးမှုအောက်မှာ အသက်အန္တရာယ်အထိ ကျရောက်ခဲ့ကြရတဲ့ သဘောလည်း ဖြစ်ပါတယ်။
ဒီနေ့အဖို့ နောက်အကြောင်းအရာတခုကလည်း လူ ၉ ဦးအထိ သေဆုံးခဲ့ရတဲ့ မိုးမောက်မြို့နယ်ထဲက စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု သတင်းဖြစ်ပါတယ်။ ကချင်ပြည်နယ် ဗန်းမော်ခရိုင်ထဲက မိုးမောက်မြို့ ကို ပြီးခဲ့တဲ့ သြဂုတ်လက KIA က တိုက်ခိုက်သိမ်းယူ ထိန်းချုပ်ထားတာ ဖြစ်ပြီး အခု လေကြောင်း တိုက်ခိုက်ခံရတဲ့ ကုန်းလောကျေးရွာက မိုးမောက်မြို့နယ်ထဲက ဖြစ်ပါတယ်။ အခုလေကြောင်းတိုက်ခိုက်မှုမှာ စစ်ဘေးရှောင်နေတဲ့ သူတွေ နေထိုင်တဲ့ နေရာကို ထိမှန်ခဲ့တာ ဖြစ်ပြီး လက်နက်ကိုင် အဖွဲ့တွေရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရှိရသော်လည်း သေဆုံးသူ ၉ ဦးက စစ်ဘေးရှောင်နေတဲ့ အရပ်သားတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ သေဆုံးသူ ၉ ဦးအနက် မိသားစု တစုတည်းက ၆ ဦးပါဝင်တယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီ အနေနဲ့ ကုန်းလောကျေးရွာထဲက စစ်ဘေးရှောင်တွေ အများအပြားနေထိုင်နေကြတဲ့ ခရစ်ယာန်ဘုရားကျောင်း ကို ပစ်မှတ်ထား ဗုံးကြဲခဲ့တာလို့ ကောက်ချက်ချရမှာပါ။ စစ်ဘေးရှောင်တွေ နေထိုင်ကြတဲ့ ခရစ်ယာန်ဘုရားကျောင်းလို၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေကို မကြာခဏ ဗုံးကြဲတိုက်ခိုက်လေ့ရှိပြီး ဒီနေရာတွေမှာ လက်နက်ကိုင်တွေ စခန်းချနေတယ်ဆိုတဲ့ ယူဆချက်၊ ဆင်ခြေနဲ့ စစ်ကောင်စီဘက်က တိုက်ခိုက်တာလို့ ဆိုနိုင်ပါတယ်။ လက်တွေ့မှာတော့ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေမှာ အရပ်သား စစ်ဘေးရှောင်တွေ ခိုလှုံနေထိုင်နေကြတာဖြစ်ပါတယ်။
စစ်ကောင်စီ အနေနဲ့ လွဲမှားတဲ့ သတင်းအချက်အလက် ရရှိပြီး တိုက်ခိုက်တယ်ဆိုတာထက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့၊ PDF အဖွဲ့တွေ သိမ်းယူထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ တည်ငြိမ်မှုရှိနေပြီ ဆိုတဲ့ အနေအထားမျိုးကို မလိုလားတဲ့ အချက်က အခုလို လေကြောင်းတိုက်ခိုက်မှုတွေရဲ့ အဓိက ရည်ရွယ်ချက်လို့ ယူဆရပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar