ရခိုင်ပြည် စစ်တွေမြို့တွင် စက်ရုံစုရပ်ကွက်ရှိ ရဲကင်းစခန်းကို ပြီးခဲ့သည့် သီတင်းပတ်ကစ၍ အုတ်တံတိုင်းများဖြင့် ကာရံနေပြီး စခန်းအတွင်း ကတုတ်ကျင်းများ ပတ်ပတ်လည်တူးဖော်ထားကြောင်း မြို့ခံများကပြောကြသည်။
စက်ရုံစုရပ်ကွက် ရဲကင်းစခန်း၏ အကာအရံမှာ အောက်ခြေအုတ်မြစ်ချ ပြီးစီးသည့် အနေအထားဖြစ်နေပြီဟု အမည်မဖော်လိုသည့် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
“ပြီးခဲ့တဲ့ အပတ်ကနေစပြီး သူတို့ တံတိုင်းလုပ်နေကြတာ။ စခန်းပတ်လည်ပဲ။ အခု အုတ်မြစ်ချပြီးစီးတဲ့ အနေအထားဖြစ်နေပြီ။ ဒါကတော့ သူတို့လုံခြုံရေးအတွက် လုပ်နေတာမျိုးပဲပေါ့” ဟု ဆိုသည်။
ရဲကင်းစခန်းမှာ စက်ရုံစုရပ်ကွက် မီးလောင်ပြင်ကွင်းတွင် တည်ရှိပြီး အဆိုပါကွင်းပြင်တွင် လူနေအိမ်များ ထောင်နှင့်ချီရှိသည်။
ရဲကင်းစခန်းအား အုတ်တံတိုင်းကာရံနိုင်ရန်အတွက် စခန်းနောက်ဘက်ရှိ လူနေအိမ် ၄၀ ကျော်ကို အတင်းအဓမ္မ ဖြိုဖျက်ဖယ်ရှားခဲ့ကြောင်း ရပ်ကွက်သူရပ်သွားများက ပြောသည်။
နေအိမ်ပါသွားသူတစ်ဦးက ” သူတို့ အုပ်ရံဖို့အတွက် စခန်းဧရိယာကို ထပ်ချဲ့တာတွေ လုပ်တယ်။ စခန်းအနောက်ဘက်၊ ဘေးဘက်တွေက အိမ်တွေကို ဖြိုချလိုက်တယ်။ မီးလောင်ကွင်းဘက်က အိမ်တွေပေါ့လေ။ စုစုပေါင်း နေအိမ် ၄၀ လောက်အဖြိုခံလိုက်ကြရတယ်။ ကျနော့်အိမ်လေးပါသွားတယ်။ နှစ် ၁၀ ကျော်လောက် စုထားတဲ့ ငွေလည်းနဲ့ ဝယ်ပြီး မိသားစု စားရွက်နေရေး ဆိုင်ကယ်ပြုပြင်းပြီး လုပ်စားနေတာပါ။ အခုတော့ ဘယ်မှာ သွားနေရမလဲ မသိတော့ဘူး။ ” ဟု ပြောသည်။
စက်ရုံစုရပ်ကွက် ရဲကင်းစခန်းမှာ ရပ်ကွက်လုံခြုံရေးနှင့် ဒုစရိုက်မှုများ ထိန်းချုပ်နိုင်ရေးအတွက် ရဲတပ်သား ၁၀ ကျော်ဖြင့် ကင်းစောင့်အဖြစ် ထားရှိရာကနေ တစ်ဖြေးဖြေးအင်အားတိုးချဲ့ကာ လက်ရှိတွင် ရဲစခန်းကြီးသဖွယ် ပြုလုပ်ထားကြောင်း သိရသည်။
မြို့ခံတစ်ဦးက “ဒီရဲကင်းစခန်းက ကင်းစောင့်သဘော လုံခြုံရေးအရ ထားရှိခဲ့တာပါ။ စက်ရုံစုရပ်ကွက်က မြို့ဝင်ပေါက်လည်းဖြစ်တဲ့အခါကျတော့၊ ပြီးတော့ အရင်တုန်းက ဒီရပ်ကွက်မှာ သူခိုးတွေ၊ လူသတ်မှုတွေ ခဏခဏ ဖြစ်တတ်တော့ အဲလိုထားခဲ့တာပါ။ အခုတော့ တကယ့် ရဲစခန်းကြီးလို ရဲတပ်ရင်းလို အင်အားတွေ အများကြီးနဲ့ စခန်းဧရိယာကိုလည်း ချဲ့ယူ၊ အုတ်တံတိုင်း၊ သံဆူးကြိုးအပြည့်နဲ့ တကယ့်အကြီးကြီး ဖြစ်သွားပြီ” ဟု ပြောသည်။
အဆိုပါ ရဲကင်းစခန်းအပြင် စစ်တွေမြို့ရှိ ရဲစခန်းများ၊ တပ်ရင်းတပ်စခန်းများကို အုတ်တံများ အကာအရံ သေချာစနစ်တကျ ပြုလုပ်နေပြီး တပ်ထိန်းဂိတ်အပါအဝင် တပ်ရင်းများအားလုံးတွင် အင်အားအများအပြား ဖြည့်တင်းထားကြောင်း သိရသည်။
စစ်တွေမြို့ရှိ ကမ်းနားလမ်း၊ ရှုခင်းသာလမ်းနှင့် ရေတပ်ဌာနချုပ်ရှိရာ လမ်းတစ်လျှောက် သံဆူးကြိုးများဖြင့် သေချာကာရံထားပြီး မြို့ထဲအချက်အခြာကျသော နေရာများတွင် ဂိတ်များ တိုးချထားကြောင်း မြို့ခံများထံမှ သိရသည်။
အာရက္ခတပ်တော် AA သည် အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ရန် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဖြင့် အပြင်းအထန် တိုက်ခိုက်နေပြီး အကယ်၍ နပခ ကျသွားပါက မြို့တော်စစ်တွေမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ကြိုတင်ပြင်ဆင်နေကြခြင်းဖြစ်သည်။
The post စစ်တွေမှာ စက်ရုံစုရဲကင်းစခန်းကို အုတ်တံတိုင်းများဖြင့်ကာရံ appeared first on Western News.