ylliX - Online Advertising Network
Loading

ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သောနိုင်ငံ့ဂုဏ်ဆောင်မြန်မာအားကစားအဖွဲ့ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိ


Loading

ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သောနိုင်ငံ့ဂုဏ်ဆောင်မြန်မာအားကစားအဖွဲ့ရန်ကုန်မြို့သို့ပြန်လည်ရောက်ရှိ

ရန်ကုန် ၊ နိုဝင်ဘာလ(၁၂)ရက်။

မော်ဒိုက်နိုင်ငံ၊ Addu City ၌ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၅ ရက်မှ ၁၁ ရက်ထိကျင်းပသည့် (၁၅)ကြိမ်မြောက်ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲ(15th World Bodybuilding & Physique Sport Championship) တွင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်ဒုတိယဥက္ကဌဦးကျော်သန်း(အုပ်ချုပ်သူ) ခေါင်းဆောင်၍ အားကစားသမား ရဲထွန်းနောင်ပါဝင်သော နိုင်ငံ့ဂုဏ်ဆောင် မြန်မာအားကစားအဖွဲ့သည် ယနေ့နံနက်ပိုင်းကရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ရောက်ရှိကြသည်။

နိုင်ငံ့ဂုဏ်ဆောင်မြန်မာ့ကာယဗလအားကစားအဖွဲ့အား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဦးညွန့်ဖေနှင့်ကော်မတီဝင် ဦးအောင်နိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)ကျောင်းအုပ်ကြီး ညွန်ကြားရေးမှုး ဦးထွန်းထွန်းဦးနှင့်တာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများ၊ မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချုပ်မှ အမှုဆောင်များနှင့် တာဝန်ရှိသူများ၊အားကစားသမားများ၊ မိဘဆွေမျိုးမိတ်သင်္ဂဟများ၊ ပြည်သူများက အိုးစည်ဒိုးပတ်အကများဖြင့် သောင်းသောင်းဖြဖြကြိုဆိုကြသည်။

မြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားသမား ရဲထွန်းနောင်သည် ယင်းပြိုင်ပွဲ၏ အမျိုးသားကာယဗလ ၇၅ ကီလိုတန်း၌ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲအပြီး ရဲထွန်းနောင်က ပထမ(ရွှေတံဆိပ်)၊ ဗီယက်နမ်နိုင်ငံကစားသမား NGUYEN VAN TOAN က ဒုတိယ(ငွေတံဆိပ်)၊ အိန္ဒိယနိုင်ငံကစားသမား JAGANNATH KHUNTIA က တတိယ(ကြေးတံဆိပ်)၊ မလေးရှားနိုင်ငံကစားသမား NAZRI BIN PULONG က စတုတ္ထနှင့် မာဒါဂတ်ဇကာနိုင်ငံကစားသမား ARNAUD က ပဉ္စမအသီးသီးရရှိခဲ့ကြသည်။

အဆိုပါ ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲသို့ အာဖဂန်နစ္စတန်၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ ဘရာဇီး၊ ဉဇဘက်ကစ္စတန်၊ အိန္ဒိယ၊ အီရန်၊ မာဒါဂတ်ဇကာ၊ နယ်သာလန်၊ မလေးရှား၊ ဘာရိန်း၊ အီတလီ၊ ဟန်ဂေရီ၊ တရုတ်၊ တာဂျစ်ကစ္စတန်၊ ကာဇက်စတန်၊ ကင်ညာ၊ ရိုမေးနီးယား၊ အီရတ်၊ သီရိလင်္ကာ၊ ထိုင်း၊ မကာအို၊ နိုင်ဂျီးရီးယား၊ ဟောင်ကောင်၊ ဘရူနိုင်း၊ အဇာဘိုင်ဂျန်၊ ပါကစ္စတန်၊ မွန်ဂိုလီးယား၊ နယူးကယ်လ်ဒိုးနီးယား၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဘူတန်၊ နီပေါ၊ အီဂျစ်၊ သြစတြေးလျ၊ ကနေဒါ၊ မြန်မာ၊ ဗီယက်နမ်၊ ကင်မရွန်း၊ တဟီတီနှင့် ဂျော်ဂျီယာနိုင်ငံတို့မှ ကစားသမား ၃၇၇ ဦး ပြိုင်ပွဲအမျိုးအစား ၅၀ တွင်ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြိုင်ပွဲအမျိုးအစား ၅၀ အနက် နိုဝင်ဘာ ၈ ရက်တွင် ပြိုင်ပွဲအတန်း ၁၉ တန်း၌ ၁၀၅ ဦး ၊ နိုဝင်ဘာ ၉ ရက်တွင် ပြိုင်ပွဲအတန်း ၂၃ တန်း၌ ၂၃၆ ဦး၊ နိုဝင်ဘာ ၁၀ ရက်တွင် ပြိုင်ပွဲအတန်း ၈ တန်း၌ ၃၆ ဦး၊ စုစုပေါင်းပြိုင်ပွဲဝင်အားကစားသမား ၃၇၇ ဦးတို့အားအတန်း ၅၀ တန်းတွင်ထည့်သွင်းယှဉ်ပြိုင်စေခဲ့ပြီး မြန်မာ ကစားသမားရဲထွန်းနောင်သည် နိုဝင်ဘာ ၉ ရက်နေ့ ကယှဉ်ပြိုင်သည့် အမျိုးသားကာယဗလ ၇၅ ကီလိုတန်း၌ ပထမ ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာကစားသမားရဲထွန်းနောင်သည် နိုဝင်ဘာ ၁၀ ရက်တွင် ပြုလုပ်သည့်ကာယဗလပြိုင်ပွဲများတွင် ပထမဆုရရှိသောအားကစားသမားများ(Over all Champion) ပြိုင်ပွဲသို့ ဆက်လက်ယှဉ်ပြိုင်ခဲ့ရာယင်းပြိုင်ပွဲတွင် အိန္ဒိယနိုင်ငံမှ ၉၀ ကီလိုတန်းပြိုင်ပွဲဝင်အားကစားသမား SARAVANAN MANI က တံခွန်စိုက်ကာယဗလမောင်ဆု(Over all Champion) ရရှိသွား ကြောင်းသိရှိရသည်။



Source link

Leave a Reply

Your email address will not be published. Required fields are marked *