အမျိုးသားညီညွတ်ရေး အစိုးရ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွင့်လှစ်ထားသည့် နွေဦးဖွံဖြိုးရေးဘဏ် (SDB) က ရှယ်ယာ များကို ဒုတိယအကြိမ် စတင်ရောင်းချနေပြီး လေးနာရီအတွင်း တိုကင်ဝယ်ယူမှုတန်ဖိုး အမေရိကန် ဒေါ်လာ ၁,၀၀၀,၀၀၀ ကျော်ရှိကြောင်း SDB က နိုဝင်ဘာလ ၁၅ ရက်နေ့ က ကြေညာသည်။
မိတ္ထီလာမြို့ရှိ ရှမ်းတဲလေတပ်စခန်းနှင့် တပ်မ(၉၉) ဌာနချုပ် တိုက်ခိုက်ခံရမှု၌ လေကြောင်းရန် ကာကွယ်ရေးစနစ် ပေါ့လျော့မှုဖြင့် လေကြောင်းအရာရှိ ၂ ဦးအပါအဝင်ငါးဦးအား အရေးယူရန် နေပြည်တော်သို့ ခေါ်ဆောင်သွားကြောင်း မိတ္ထီလာမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ) တာဝန်ခံ ဦးနောင်ချို၏ ပြောဆိုချက်ကို ကိုးကား၍ People’s Spring သတင်းတွင် ဖော်ပြ ထားသည်။
တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က တစ်နှစ်ပြည့် ကျဆုံး ရဲဘော်များနှင့် တော်လှန်ရေးကာလ ၄ နှစ်အတွင်း ကျဆုံး ရဲဘော် ၂၀ ဦးတို့အတွက် ရည်စူးကာ ဆွမ်း၊ သင်္ကန်း၊ ဝတ္ထုကပ် အမျှဝေပေးခဲ့ကြောင်း လောင်းလုံ ပကဖက ထုတ်ပြန်သည်။
ပဲခူးတိုင်း၊ဖြူးမြို့နယ်က ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်းအသုံးပြုပြီး ဗုံးကြဲ တိုက်ခိုက်ရာ ပြည်သူတစ်ဦး သေဆုံးပြီး အရပ်သားနေအိမ်များ ပျက်စီးခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲက ထုတ်ပြန်သည်။
စစ်ကိုင်းတိုင်းမှာ တောင်သူများ စိုက်ပျိုးရေးအတွက်ရည်ရွယ်ပြီး ဓာတ်မြေဩဇာ အိတ်များကို အသက်သာ ဆုံးဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမား ဝန်ကြီးဌာန ထံမှ သိရသည်။
တော်လှန်ရေး လှုပ်ရှားမှုများ
ဖားကန့်မှော်လှည့်သပိတ်က ဖားကန့်မြို့နယ် တစ်နေရာတွင် ယနေ့ (နိုဝင်ဘာ ၁၆) မနက်ပိုင်းတွင် စစ်ကောင်စီကို ဆန့်ကျင် ဆန္ဒပြကြသည်။
စစ်ကိုင်းမြို့နယ်၊ အမှတ်(၁၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တစ်အိမ်တည်းကျေးရွာနေ ပြည်သူတစ်ဦး တစ်ဦးထပ်မံသေဆုံးခဲ့ရကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် မြို့အဝင်ဂိတ်၊ မူးယစ်ရုံးနှင့် မြန်မာ့စီးပွားရေးဘဏ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တစ်ပြိုင်နက် တိုက်ခိုက်ခဲ့ရာမှာ ရဲမှုးတစ်ဦးအပါအဝင် စစ်ကောင်စီဘက်မှ ခြောက်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ရဟတ်ယာဉ် ဆင်းသတ်သော နေရာကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Wolf Guerrilla LDF Ye.U Air Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ ရန်ကုန်ခေတ်သစ်သတင်းတွင် ဖော်ပြထားသည်။
မြင်းမူမြို့နယ် ကျေးရွာအနှံ့အပြားတွင် ယမန်နေ့ညပိုင်းက “အဖိနှိပ်ခံပြည်သူလူထု အာဏာရှင် စနစ်အောက် မှလွတ်မြောက်ရန်” မျှော်ရည်ကာ ၅/အရတ လူထုသပိတ်စစ်ကြောင်း၊မြင်းမူမြို့နယ် သပိတ်တက်ကြွလှုပ်ရှားသူများ၊ မြင်းမူမြို့နယ် ဒေသခံ ပြည်သူလူထုများ အတူ တော်လှန် မီးပုံးပျံများလွှတ်တင်ခဲ့ကြကြောင်း သိရှိရသည်။
ရန်ကုန်နှင့် မန္တလေးမြို့တို့ အပါအဝင် စစ်ကောင်စီ ထိန်းချုပ်ရာ မြို့များတွင် ယနေ့ တန်ဆောင် မုန်းလပြည့်နေ့ည၌ ကိုတေဇာစန်း နှင့် ကိုနန်းလင်း တို့၏ ပြည်သူလူထုထံပေးပို့သည့် သတင်းစကားများကို ပံ့သကူအလှူနှင့် အတူပူးတွဲ ဖြန့်ဝေသည့် လှုပ်ရှားမှုကို တက်ကြွလှုပ်ရှားသည့် ပြည်သူများနှင့်တူ လူထုသပိတ်အင်အားစု အသီးသီးက လှုပ်ရှားဖြန့်ဝေခဲ့ကြကြောင်း တော် လှန်ရေးအင်အားစုများထံမှ သိရှိရသည်။
တိုင်းရင်းသား လက်နက်ကိုင်များ
ကချင်လွတ်မြောက်ရေးတပ်(KIA) ထံမှ ခွဲထွက်ထားသည့် ဦးလဆန်အောင်ဝါ (လဝါးယန်ဌာနေ ပြည်သူ့စစ် ခေါင်းဆောင်) ယနေ့ (နိုဝင်ဘာလ ၁၆ ရက်) မနက်အစောပိုင်းက ကွယ်လွန်သွားပြီ ဖြစ်ကြောင်း လဝါးယန်ဌာနေပြည်သူ့စစ်သတင်းရင်းမြစ်များ ဆိုသည်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊ ကုန်းလောကျေးရွာရှိ စစ်ရှောင်များနေထိုင်ရာ ဘုရားကျောင်း အား ယနေ့ (နိုဝင်ဘာ ၁၅ ရက်) ညနေ ၄ နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ အကြောင်းမဲ့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သောကြောင့် ကလေးငယ်အများစုအပါအဝင် လူ ကိုးဦးသေဆုံးကြောင်း ကနဦးအတည်ပြုထားနိုင်သည်ဟု KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက မဇ္စျိမကို ပြောသည်။
KNU နယ်မြေများအတွင်း စစ်ကောင်စီပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ၁၆၈ ဦးသေဆုံးခဲ့ပြီး ယင်းတို့အနက် ၆၇ ဦးမှာ ကလေးငယ်များဖြစ်ကာ သက်ကြီး ရွယ်အို ၂၉ ဦးပါဝင်ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) က ဆိုသည်။
စစ်ကောင်စီ
အရပ်သားပစ်မှတ်များဖြစ်သည့် မြို့၊ရွာများကို နိုင်ငံအနှံ့ ဗုံးကြဲတိုက်ခိုက်နေသည့် စစ်ကောင်စီက နိုဝင်ဘာ ၁၅ ရက် တန်ဆောင်မုန်းလပြည့်ည နေပြည်တော်၌ ကျင်းပခဲ့သည့် မီးပုံးပျံလွှတ်တင်ပွဲတွင်” လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိ ” စာတန်းပါ မီးပုံးပျံကို လွှတ်တင်ခဲ့သည်ဟု ပုံများနှင့်တကွ ထုတ်ပြန်သည်။
မြန်မာနိုင်ငံမှ နာနတ်သီးများသည် ပိုးမွှားကင်းစင်ပြီး စားသုံးသူများကို ဆွဲဆောင်နိုင်သော ထူးကဲအနံ့ အရသာများ ရှိသောကြောင့် တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုလိုက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ယမန်နေ့တွင် ထုတ်ပြန်သည်။
ယခုနှစ် နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၏ တန်ဆောင်တိုင်ပွဲတော်တွင် မြန်မာ့ရိုးရာ လှည်းယဥ်ကျော့ နွားလှည်းနှင့် နွားအလှပြိုင်ပွဲကို ထည့်သွင်းကျင်းပခဲ့ကြောင်း စစ်ကောင်စီမီဒီယာများ တွင် ဖော်ပြထားသည်။
ချင်းမိုင်မြို့ရောက် မြန်မာအသိုက်အဝန်း၏ (၁၃)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို နိုဝင်ဘာ (၁၅) ရက်၊ တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပရာ ချင်းမိုင်မြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမိသားစုမှ ကထိန်သင်္ကန်း ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးအား ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးတို့မှ နိုဝင်ဘာ ၁၅ ရက်ညပိုင်းက ဆီမီး(၁၀၀၀)ဖြင့်ထွန်းညှိပူဇော်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်သော တက္ကသိုလ်လေ့ကျင့်ရေးတပ်များ ၏ မိုးရာသီစခန်းချ လေ့ကျင့်ရေးသင်တန်းဆင်းပွဲများအား နယ်မြေခံသင်တန်းကျောင်းခန်းမများ၌ နိုဝင်ဘာ ၁၄ ရက်က ကျင်းပခဲ့ကြကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။
မြန်မာနိုင်ငံမှာ LNG Terminal တည်ဆောက်ပြီး ရရှိလာမည့် သဘာဝဓာတ်ငွေ့ကို မျှဝေသုံးစွဲနိုင်ရန် အခြေအနေများနှင့် အခြားကိစ္စရပ်များကို မြန်မာ-တရုတ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နိုဝင်ဘာ ၁၆ ရက် သုံးသပ်ချက်
စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံသွားပြီးနောက် နိုင်ငံ၏ လုံခြုံရေးကိစ္စအပါအဝင် မြန်မာတနိုင်ငံလုံး ကို တရုတ်အားကို ပုဆိန်ရိုးလုပ်ကာ တရုတ်လက်ထဲ ထိုးအပ်လိုက်ပုံရသည့်အတွက် တရုတ်ကလည်း မြန်မာ့ ရေမြေ သံယံဇာတများကို စိတ်ကြိုက်လုပ်လာဖွယ်ရှိနေသည်။
The post နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၆နိုဝင်ဘာ ၂၀၂၄) appeared first on BUR.MIZZIMA.COM.