ylliX - Online Advertising Network
ACl ဒဏ်ရာ အန္တရာယ်များ » ဒေါက်တာစိုးလူကျော်

ACl ဒဏ်ရာ အန္တရာယ်များ » ဒေါက်တာစိုးလူကျော်


အဆင့်မြင့် အားကစားသမားများ ဒူးဒါဏ်ရာ တစ်ခုရပါက ACL (anterior cruciate ligament) ဟုသိကြသော ဒူးအတွင်းက အရွတ် ပြဲမည်၊ ပြတ်မည်ကိုကြောက်ကြသည်။အဘယ်ကြောင့်ဆိုသော် ပြန်ကစားရဖို့ ကြာတတ်သလို အချို့လည်း သူချစ်သော အားကစားကို စွန့်ခွာ သွားရသည် အထိရှိ ဖြစ်သည်ကို ကြားဖူးကြ၍ဖြစ်ပါသည်။

ACl ဒဏ်ရာများသည် ခုန်ရသော၊ ခုန်ချရသော၊ လှည့်ခြင်းများများလုပ်ရသော နှင့် ရုတ်တရက် အရှိန်သတ် ကစားရသော အားကစားနည်းများတွင် မကြာခဏ ဖြစ်တတ်သည် (ဥပမာ ဘောလုံး၊ ဘတ်စကတ်ဘော၊ ရပ်ဘီ၊ လက်ပစ်ဘော၊ ကျွမ်းဘား၊ စကိတ်၊ တင်းနစ်၊ ဘော်လီဘော )။

အရွတ်၏ ခန္ဓာဗေဒ

ACL အရွတ် သည် ဒူးဆစ်ရှိ အဓိက အရွတ် လေးခုထဲမှ တစ်ခုဖြစ်သည်။ ၎င်းသည် ဒူးဆစ်၏ အလယ်တွင် ထောင့်ဖြတ်ဖြတ် ပုံစံ ပေါင်ရိုး နှင့် ခြေသလုံးရိုး (tibia) ကိုချိတ်ဆက်သည်။

သူ့တာဝန်

ACL သည် ဒူးဆစ်ကို တည်ငြိမ်အောင် ပံ့ပိုးပေးသည်။ ဒူးလှည့်ပတ် လှုပ်ရှားမှုများကို ထိန်းချုပ်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါသည်။ခြေသလုံး ပိုင်း ရှေ့သို့ ရွေ့သွားစေသော (anterior translation) ကို တားဆီးသည်။ မှန်ကန်သော အလိင်းမန့်ကို ထိန်းသိမ်းရန် နှင့် ဒူးမတည်ငြိမ်ဖြစ်ခြင်း(instability) ကို ကာကွယ်ရန် အတွက် အရေးပါသည်။

ACl ဒဏ်ရာရရန် အန္တရာယ်များ Risk Factors

 ကစားနည်းအပေါ်လည်းမူတည်တတ်သည်

ဘောလုံး၊ ဘတ်စကက်ဘော၊ ဘောလုံး၊ နှင့် နှင်းလျှောစီးခြင်းကဲ့သို့သော အားကစားသမားများသည် လှုပ်ရှားမှုများ၏ သဘောသဘာဝကြောင့် ACL ဒဏ်ရာများ ပိုမိုဖြစ်ပွားနိုင်ခြေများပါသည်။

လိင် ကွဲပြားခြင်း ခန္ဓာဗေဒ သဘာဝ

အမျိုးသမီး အားကစားသမားများတွင် ACl  ပြဲ နှုန်းသည် အမျိုးသားထက် ၂.၄ ဆ နှင့် ၉.၇ ဆ အကြား ပိုများသည်။

Q-Angle အမျိုးသမီးများသည် ယေဘူယျအားဖြင့် အမျိုးသားများထက် တင်ပါးဆုံရိုးပိုကျယ်ပြီး ဒူးအောက်ဖက် ခြေအပြင်ကားသည်။ ထိုခန္ဓာဗေဒ သဘာဝက လှုပ်ရှားမှုများအတွင်း ACL ကို ပိုမိုဖိစီးမှုများစေသည်။

အမျိုးသမီးသည် အမျိုးသားများထက် အရွတ်ဖြတ်သန်းရာနေရာ ပိုကျဉ်းခြင်း၊ အရွတ် အရွယ်အစား သေးငယ်ခြင်းက အရွတ်ဒဏ်ရာရခြင်း ဖြစ်နိုင်ခြေကို တိုးစေသည်။

အမျိုးသမီး သဘာဝအရ အီစထရိုဂျင် မြင့်မားခြင်းသည် အရွတ်များ ပျော့ပျောင်းစေခြင်းနှင့် ဆက်စပ်နေပြီး ACL သည်လည်း ဒဏ်ရာကို ပိုမို ကျရောက်နိုင်ခြေ ရှိသည်။

အသက်အရွယ်

ငယ်ရွယ်သော အားကစားသမားများ အထူးသဖြင့် အကြိတ်အနယ်၊ အပြိုင်အဆိုင် ကစားမှုများတွင် ပါ၀င်သူများသည် ACL ဒဏ်ရာ ရရှိနိုင်ခြေ ပိုများသည် (ငယ်ရွယ်သူတို့သည် အရိုးအရွတ်ကြွက်သားတို့ ဖွဲ့စည်းမှုမပြည့်စုံသေးခြင်း၊ ဦးနှောက်ကြွက်သားတို့ ချိတ်ဆက်ထိန်းချုပ်မှု မဖွံ့ဖြိုးသေး ၍ဟုယူဆ ကြသည်)။ သို့သော် ACL ဒဏ်ရာများသည် အကြောင်းအမျိုးမျိုးကြောင့် အသက် အရွယ်မရွေး ဖြစ်ပွားနိုင်သည်။

 ယခင်ဒါဏ်ရာ

လက်ကျန် အမာရွတ်များနှင့် ယခင်ဒဏ်ရာကြောင့် အားနည်းနေသော အစိတ် အပိုင်းများသည် ဒူးဆစ်၏တည်ငြိမ်မှုကို ထိခိုက်စေနိုင်သည်။

ကြံ့ခိုင်ရေးနှင့် နည်းစနစ်မကောင်းခြင်း

ပျော့ပြောင်းမှုမရှိ Flexibility ၊ ကြွက်သား ကြံ့ခိုင်ရေး မလုပ် Strength၊ နည်းစနစ် အမှားများကလည်း ACL ဒဏ်ရာများ ပိုမိုဖြစ်ပွားနိုင်ခြေများပါသည်။

ပတ်ဝန်းကျင်ဆိုင်ရာအချက်များ

 အားကစားကွင်း မျက်နှာပြင်များ၊ ဖိနပ် များနှင့် ရာသီဥတုအခြေအနေများက ဒဏ်ရာရခြင်း အန္တရာယ်ကို တိုးနိုင်သည်။ ဥပမာအားဖြင့်၊ မြက်ခင်းတုသည် သဘာဝမြက်များနှင့် နှိုင်းယှဉ်ပါက ထိခိုက်ဒဏ်ရာရနိုင်ခြေကို တိုးစေနိုင်သည်။

ACl ဒဏ်ရာရရန် အန္တရာယ် Risk Factors များကိုသိထားပြီး ဂရုစိုက်ပြုပြငိရပါမယ်

ACl ဒဏ်ရာရရန် အန္တရာယ်ကိုသိထား၍ ပြုပြင်နိုင်သည်များကို ပြုပြင်ခြင်းက အကျိုးရှိစေပါမည်။ ဥပမာ နည်းစနစ်မှားက ပြန်သင်ခြင်း၊ ကြံ့ခိုင်ရေးမကောင်းက ကောင်းအောင်လုပ်ခြင်း၊ မှန်ကန်သော ကစားရာမျက်နှာပြင် တွင်ကစားခြင်း

ACL အပါအဝင် ဒူးဒါဏ်ရာများ ကာကွယ်ရန် လေ့ကျင့်ရေး အစီအမံများကိုလည်း အဖွဲ့အစည်းများမှာ အင်တာနက်တွင် ပညာပေးဖေါ်ပြထားပြီး ၎င်းတို့ကို လေ့ကျင့်ခြင်းကလည်း အကျိုးရှိစေပါသည်။

ဥပမာ FIFA 11+ လေ့ကျင့်ရေး အစီအမံ သည် ACL ဒဏ်ရာ ကာကွယ်ရေး အစီအစဉ် ဖြစ်သည်။ ကစားသမားများသည် ထိုလေ့ကျင့်ခန်းများကို အသုံးပြု၍ ၎င်းတို့၏ ACL ဒဏ်ရာဖြစ်နှုန်းကို လျှော့ချနိုင်သည်။ ဘောလုံးသမားများအတွက် ဒီဇိုင်းထုတ်ထားသော်လည်း အားကစား အများစုနှင့် သက်ဆိုင်ပါသည်။

ACL ဒဏ်ရာရခြင်း လက္ခဏာများ

 ဒူးခေါင်းအတွင်း မှ ဗြစ်ကနဲ မည်သွားသည်ဟု ပြောလေ့ရှိကြသည်။ နာကျင်မှု ပြင်းထန်ပြီး လှုပ်ရှားရန် မစွမ်းဆောင်နိုင်တော့ပဲ လျင်မြန်စွာရောင်ရမ်း လာနိုင်ပါသည်။ ကွေးနိုင်ဆန့်နိုင်မှု ကျလာသည်၊  ဒူးအားမရှိသလို၊ကိုယ်အလေး ထမ်းရခက်ပြီး ဒူးညွတ်သလိုလည်း ဖြစ်နိုင်သည်။

ရောဂါဖေါ်ထုတ်ခြင်း

စမ်းသပ်၍လည်း ခန့်မှန်းသိရှိနိုင်ပါသည်။ ရိုးရိုးဓါတ်မှန်ကတော့ အရွတ် အသားတို့ကို ဖေါ်ထုတ်ရာ၌ စွမ်းဆောင်ရည်မရှိလှပါ။ စီတီစကန်ကိုလည်း အသုံးပြုကြသည်။ တယ်လီဗွီးရှင်း ဓါတ်မှန် နှင့် သံလိုက်ဓါတ်မှန်တို့အသုံးပြု၍ အရွတ်ပြဲခြင်းများ ဖေါ်ထုတ်နိုင်သည်။

ဒဏ်ရာကို ကုသခြင်း

ACL (Anterior Cruciate Ligament) ဒဏ်ရာကို ကုသခြင်းသည် ဒဏ်ရာ၏ပြင်းထန်မှု၊ တစ်ဦးချင်းစီ၏ လိုအပ်ချက်နှင့် ၎င်းတို့၏ ကျန်းမာရေး တို့ကို အခြေခံ၍ ကွဲပြားနိုင်သည်။

မခွဲစိတ်ပဲကုသမှု

များသောအားဖြင့် အရွတ်လုံးလုံး ပြတ်ထွက်သွားခြင်းမဟုတ်သူများ တနည်းအားဖြင့် အရွတ် တစ်စိတ်တစ်ပိုင်းလောက်သာ ပြဲသူများနှင့် သက်ကြီးရွယ်အိုတို့ကို ကုသလေ့ရှိပါသည်။ ကာယ ကုထုံးများ Physiotherapy နှင့် ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းများသည် မခွဲစိတ်ပဲ ကုသ သူများရော၊ ခွဲစိတ်ကုသူသူများပါ အားလုံးအတွက် လုံးဝ (လုံးဝ) အရေးကြီးပါသည်။ အထောက် အကူပြု ပစ္စည်းများ၊ ဒူးစွပ်၊ ဒူးကြပ်စည်းခြင်း စသည်တို့ကိုလည်း ဒါဏ်ရာပေါ်မူတည် အသုံးပြု ကုသရပါသည်။

ခွဲစိတ်ကုသမှု

ဒူးအနီးအနားမှ အရွတ်များကို အစားထိုးကုသ သလို၊ တစ်ချို့တလေ အလှုရှင် အရွတ်နှင့်လည်း အစားထိုး ခွဲစိတ်ကုသတတ်ပါသည်။

မှတ်သားစရာ

၁။ အချိန်မီ ဆေးကုသမှုခံယူခြင်းနှင့် သင့်လျော်သော ရောဂါဖော်ထုတ်မှု လုပ်ခြင်း သည် မြန်မြန် ပြန်လည်ကောင်းမွန်လာရန် အထောက်အကူပြုပါသည်။

 ၂။ ပြန်လည်သန်စွမ်းရေး လေ့ကျင့်မှု အစီအစဉ်ကို ပေါ့ပျက်ပျက်မထားပဲ စနစ်တကျလုပ်ခြင်းသည် မူလ ကျန်းမာသန်စွမ်းမှု ပြန်လည်ရရှိရန်နှင့် အနာဂတ်တွင် ဒဏ်ရာများကို ကာကွယ်ရန်အတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်ပါသည်။

 ၃။ ဒဏ်ရာ မဖြစ်အောင် ကြိုတင်ကာကွယ်ရေးကိုလည်း အမြဲလုပ်ဆောင်နေရပါမည်။ ဥပမာ နည်းစနစ် အမှားများပြင်ခြင်း၊ ကြံ့ခိုင်ရေးအတွက် Gym တွင်လေ့ကျင့်ခြင်း (ကစားသမားများအနေနှင့်ကြံ့ခိုင်ရေးပြုလုပ်ရာတွင် ဓါတ်ပုံရိုက်ပြန်လာယုံသက်သက်မဟုတ်ပဲ မိမိအကျိုးအတွက် ထိထိရောက်ရောက်လေ့ကျင့်သင့်သည်)

ဒေါက်တာစိုးလူကျော် M.B., B.S,M.Med.Sc (Rehabilitation medicine),MSc Sports & Exercise medicine (Cardiff/ UK),Fellowship in Musculoskeletal Ultrasound (NTUH/ Taiwan)အကြော၊ အဆစ်၊ပြန်လည်သန်စွမ်းရေး၊ အားကစား နှင့် လေ့ကျင့်ခန်းဆိုင်ရာ ဆေးပညာ အထူးကုဆရာဝန်

 ကျမ်းကိုး

Brukner, P., & Khan, K. (Eds.). (2022). Brukner & Khan’s Clinical Sports Medicine: Injuries, Vol. 1. McGraw-Hill Education.

Gruenewald, L. D., Booz, C., Martin, S. S., Leistner, D. M., Vogl, T. J., & Koch, V. (2023). Diagnostic performance of modern computed tomography in cruciate ligament injury detection: A comprehensive study. European Journal of Radiology. https://doi.org/10.1016/j.ejrad.2023.111235

Jagadeesh N, Kapadi S, Deva V, et al. (2022) Risk Factors of ACL Injury. Arthroscopy. IntechOpen.

Wasilczyk, C. The Value of Ultrasound Diagnostic Imaging of Anterior Crucial Ligament Tears Verified Using Experimental and Arthroscopic Investigations. Diagnostics 2024, 14, 305. https://doi.org/10.3390/diagnostics14030305

The “11+” A complete warm-up program to prevent injuries Manual



Source link

Leave a Reply

Your email address will not be published. Required fields are marked *