ylliX - Online Advertising Network
နှစ်နိုင်ငံ ပူးတွဲပါဝင်တဲ့ လုံခြုံရေးတပ်ဖွဲ့  တရုတ်နိုင်ငံရဲ့ ကမ်းလှမ်းချက်

နှစ်နိုင်ငံ ပူးတွဲပါဝင်တဲ့ လုံခြုံရေးတပ်ဖွဲ့ တရုတ်နိုင်ငံရဲ့ ကမ်းလှမ်းချက်


(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၂၄⁨⁨⁨⁨⁨⁨

နှစ်နိုင်ငံ ပူးတွဲပါဝင်တဲ့ လုံခြုံရေးတပ်ဖွဲ့  တရုတ်နိုင်ငံရဲ့ ကမ်းလှမ်းချက်

စစ်ကေောင်စီ ခေါင်းဆောင် တရုတ်နိုင်ငံကကို ယခုလဆန်းမှာ သွားရောက်တဲ့ ခရီးစဥ်ပြီးနောက်မှာ မြန်မာနိုင်ငံတွင်းက လက်နက်ကိုင် ပဋိပက္ခတွေအပေါ် သက်ရောက်မှုတွေရှိလာတဲ့ လက္ခဏာအချို့ တွေ့လာရပါတယ်။ ရှမ်းမြောက်ဒေသက နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ပိုမိုတင်းကျပ်စွာ ပိတ်ပင်လာတာတွေ တွေ့ ရသလို စစ်ကောင်စီဘက်ကလည်း ရှမ်းမြောက်ဒေသက ဆုံးရှုံးထားတဲ့ နယ်မြေ၊ မြို့တွေထဲက ဗျူဟာအရ အရေးပါဆုံးမြို့ဖြစ်တဲ့ လားရှိုးမြို့ ကို ပြန်လည်သိမ်းယူဖို့ ရည်ရွယ်တဲ့ ပြင်ဆင်မှုတွေ လုပ်လာနေတာ တွေ့ရပါတယ်။ 

မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် တိုက်ပွဲတွေ၊ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ပတ်သက်တဲ့ တရုတ်နိုင်ငံရဲ့ မူဝါဒ၊ လမ်းကြောင်းအပြောင်းအလဲ ဖြစ်လာတဲ့ လက္ခဏာတွေကို ပြီးခဲ့တဲ့ သြဂုတ်လလယ်လောက်က စလို့တွေ့မြင်လာရပြီးနောက် စစ်ခေါင်းဆောင် ခရီးစဥ်၊ နယ်စပ်ဂိတ်ပိတ်ပင်မှုနဲ့အတူ တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေ ဖြစ်တဲ့ ရေနံသဘာဝဓာတ်ငွေ့ ပိုက်လိုင်းတို့လို ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်စောင့်ရှောက်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေ ဖွဲ့စည်းဖို့ ဆွေးနွေးနေတဲ့ သတင်းတွေ ထပ်မံထွက်ပေါ်လာပြန်ပါတယ်။ 

တရုတ် ရင်းနှီးမြှုပ်နှံမှုတွေကို ကာကွယ်ဖို့ ရည်ရွယ် ဖွဲ့စည်းမယ့် နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့တွေဟာ ပုဂ္ဂလိက သဘောလား၊ သို့မဟုတ် တရုတ်ဘက်က အစိုးရနဲ့ပတ်သက်တဲ့ လက်နက်ကိုင် အဖွဲ့ အစည်းနဲ့ မြန်မာဘက်ကလည်း အလားတူသဘောမျိုး ပူးပေါင်းဖွဲ့စည်းတာမျိုးလား ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးတဲ့ အနေအထား ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ ပုဂ္ဂလိက လုံခြုံရေး ကုမ္ပဏီတွေ အများအပြား ရှိကြပြီး လုပ်ထုံးလုပ်နည်း ဥပဒေတွေအရ သက်ဆိုင်ရာ နိုင်ငံရဲ့ စစ်တပ်နဲ့ ရဲတို့လို အဖွဲ့တွေအနေနဲ့ တိုက်ရိုက် အကူအညီပေးလို့ မရတဲ့ကိစ္စရပ်တွေကို ပုဂ္ဂလိက လုံခြုံရေးကုမ္ပဏီတွေက လုပ်ဆောင်ကြတာ ဖြစ်ပါတယ်။ 

ယခု မြန်မာနိုင်ငံ အနေနဲ့ တော့ပြည်တွင်းမှာ ပုဂ္ဂလိကလုပ်ငန်းတွေ၊ အဆောက်အဦတွေ၊ ကုမ္ပဏီရုံး၊ အဖွဲ့အစည်းတွေရဲ့ ရုံးတို့လိုမှာ သေနတ်တို့လို လက်နက်တွေ တပ်ဆင်မထားတဲ့ လုံခြုံရေးပေးတဲ့ ဝန်ဆောင်မှုတွေ ရှိနှင့်ပြီး ဖြစ်ပေမယ့် လက်နက်ကိုင် တိုက်ပွဲဖြစ်နေတဲ့ ပဋိပက္ခနယ်မြေဒေသတွေက စီးပွားရေး ရင်းနှီးမြှုပ်နှံမှု စီမံကိန်းကြီးတွေလိုမျိုးမှာတော့ လက်နက်ကိုင်ဆောင်တဲ့ ပုဂ္ဂလိကလုံခြုံရေး ကုမ္ပဏီတွေ မရှိသေးပါဘူး။ ပြီးခဲ့တဲ့ လတွေအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ တရုတ်နိုင်ငံ ကူမင်းကနေ ရခိုင်ပြည်နယ်၊ ကျောက်ဖြူကို ဆက်သွယ်ထားတဲ့ တရုတ်နိုင်ငံပိုင် ရေနံသဘာဝဓာတ်ငွေ့ ပိုက်လိုင်းလိုမျိုးကို တိုက်ရိုက်တိုက်ခိုက်ခံရတာ မရှိသေးပေမယ့် တနေရာမှာတော့ ပိုက်လိုင်း လုံခြုံရေးတာဝန်ယူတဲ့ စစ်ကောင်စီတပ်ကင်းစခန်းကို တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။ ပိုက်လိုင်း မဟုတ်ပေမယ့် တရုတ်နိုင်ငံက ကုမ္ပဏီတွေ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ ထီးချိုင့် နီကယ်စက်ရုံ၊ မန္တလေးမြို့အနီးက Alpha ဘိလပ်မြေစက်ရုံတို့မှာ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ထိခိုက်ပျက်စီးမှု၊ လုပ်ငန်းမလုပ်ဆောင်နိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့တာ တွေ့ရပါတယ်။ အချို့သော အဖြစ်အပျက်တွေမှာ တရုတ်နိုင်ငံသားတွေ ခေတ္တဖမ်းဆီးခံရတာမျိုးတွေအထိ ဖြစ်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ  တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ကာကွယ်ဖို့ နိုင်ငံရေးနဲ့ မဆိုင်တဲ့ သီးခြား လက်နက်ကိုင်အဖွဲ့ ဖွဲ့ဖို့ တရုတ်နိုင်ငံက အဆိုပြုတဲ့ သဘောဖြစ်ပါတယ်။ အခု တရုတ်နိုင်ငံဘက်က အဆိုပြုတဲ့ အကြောင်း သတင်းထွက်ပေါ်လာတဲ့ အနေအထားကို အကဲခတ်ကြည့်ရင် မကြာခင်မှာ အကောင်အထည်ဖော်ကြမယ်လို့ ယူဆရပါတယ်။ 

တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီတပ်တွေက လုံခြုံမှုရှိအောင် အာမမခံနိုင်တဲ့ အနေအထား အကာအကွယ်မပေးနိုင်တဲ့ အနေအထားမှာ တရုတ်နိုင်ငံအနေနဲ့ ၄င်းနိုင်ငံသားတွေ ပါဝင်တဲ့ လက်နက်ကိုင်အဖွဲ့၊ လက်နက်နဲ့ နည်းပညာ ပြည့်စုံတဲ့ လက်နက်ကိုင်အဖွဲ့ လိုမျိုးဖွဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် နဲ့ PDF လို တပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီတပ် အမှတ်နဲ့ တိုက်ခိုက်ဖို့ ခက်ခဲမယ့် အနေအထားကို ဖန်တီးလာတဲ့ ရည်ရွယ်ချက်လည်း ဖြစ်နိုင်ပါတယ်။ 

မြန်မာစစ်တပ်အနေနဲ့ ခေတ်အဆက်ဆက် အချုပ်အခြာအာဏာ၊ တိုင်းတပါး ကျူးကျော်မှု၊ သြဇာလွှမ်းမိုးမှု လက်မခံကြောင်းကို အစွန်းရောက်တဲ့ အမျိုးသားရေး ဝါဒကို ကိုင်စွဲတဲ့ အနေအထားနဲ့ ဝါဒဖြန့်လာခဲ့ပေမယ့် အခုလို ပြည်တွင်းစစ်ပွဲ စစ်မျက်နှာအများအပြားမှာ ဆုံးရှုံးမှုတွေ ရင်ဆိုင်နေရပြီး အကျပ်အတည်းကျရောက်တဲ့ အနေအထားမှာ အထက်က အချုပ်အခြာအာဏာ ထိပါးမှု၊ အမျိုးသားရေးဆိုတဲ့ ဝါဒဖြန့်မှုတွေကို ခပ်လျှိုလျှို ထားပြီး တရုတ်နိုင်ငံရဲ့ အင်အားကို မှီခိုရမယ့် အခြေအနေလို့ ဆိုရင် မှားမယ် မထင်ပါ။

စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေတဲ့ နွေဦးတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များ၊ NUG အပါအဝင် နိုင်ငံရေးအဖွဲ့အစည်းများကိုယ်တိုင်က အိမ်နီးချင်းနိုင်ငံများ၏ အကျိုးစီးပွားတွေကို တိုက်ရိုက် ရန်ရှာခြင်း၊ တိုက်ခိုက်ခြင်းတို့ ခြိမ်းခြောက်ခြင်းတို့ မရှိသေးပါဘူး။ ထို့အပြင် NUG ကိုယ်တိုင်ကလည်း တရုတ်နိုင်ငံနဲ့ မြန်မာပြည်သူတွေ မိတ်ဆွေတွေအဖြစ် ဆက်ဆံရေးလိုလားကြောင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ သို့သော်လည်း လက်ရှိအချိန်မှာတော့ တရုတ်အစိုးရကိုယ်တိုင်က စစ်ကောင်စီကို နိုင်ငံရေးနည်းအပြင် စစ်ရေးနည်းနဲ့ပါ တိုက်ရိုက် ထောက်ခံမှု အားပေးမှုတွေ ဝင်ရောက်စွက်ဖက်မှုတွေ စတင်လုပ်ဆောင်လာနေတာ တွေ့မြင်နေရပြီ ဖြစ်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *