(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၂၄
စစ်ကိုင်းတိုင်းထဲက ပုလဲမြို့ သိမ်းတိုက်ပွဲ၊ လက်နက်ကိုင် အဖွဲ့တွေအကြားညီညွတ်ရေး နဲ့ နိုင်ငံရေး စုစည်းမှု
မြန်မာနိုင်ငံမြေပုံမှာ ကျယ်ပြန့်တဲ့ နယ်မြေ၊ မြို့နယ် အရေအတွက် ၃၈ မြို့နယ်နဲ့ ဖွဲ့စည်းထားတဲ့ တိုင်းနယ်မြေဖြစ်တဲ့ စစ်ကိုင်းတိုင်းအောက်ပိုင်းက ပုလဲမြို့ကို ပုလဲမြို့နယ်ထဲ အခြေစိုက်လှုပ်ရှားတဲ့ စစ်ကောင်စီတပ်တွေကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ BNRA လက်နက်ကိုင်တပ်က ဦးဆောင်ပြီး အခြားသော ကာကွယ်ရေး တပ်အချို့တို့ပူးပေါင်းတိုက်ခိုက်ရာမှာ ၄ ရက်မြောက်ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သတင်းတွေမှာ ဖေါ်ပြကြပါတယ်။
အခု စစ်ကောင်စီတပ်ထိန်းချုပ်ထားတဲ့ ပုလဲမြို့ကို သိမ်းယူဖို့ ဦးဆောင်တိုက်ခိုက်ခဲ့တဲ့ Bamar National Revolutionary Army လက်နက်ကိုင် အဖွဲ့ကို ဗိုလ်နဂါးက ဦးဆောင်တာ ဖြစ်ပါတယ်။ ပုလဲနဲ့ ယင်းမာပင် နယ်တွေမှာ လှုပ်ရှားတာဖြစ်ပြီး NUG အနေနဲ့ စစ်ကိုင်းတိုင်းမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေ မဖွဲ့စည်းနိုင်ခင် ကတည်းက ကိုယ်ထူကိုယ်ထ လက်နက်စုဆောင်းပြီးဖွဲ့စည်းခဲ့တဲ့ လက်နက်ကိုင် တပ်ဖွဲ့တခုလည်း ဖြစ်ပါတယ်။ သပြေအေး ဆရာတော်လို့ ယခင်က သိရှိကြတဲ့ ဗိုလ်သံမဏိ ဦးဆောင်တဲ့ လက်နက်ကိုင် တပ်ဖွဲ့လည်း ယင်းမာပင်မြို့နယ်ထဲမှာ လှုပ်ရှားကြသလို ဗိုလ်နဂါးဦးဆောင်တဲ့ အဖွဲ့က ပုလဲ၊ ယင်းမာပင်တို့မှာ လှုပ်ရှားကြတာဖြစ်ပါတယ်။
ဗမာလူမျိုးတွေ အများစုနေထိုင်တဲ့ ဒေသဖြစ်တာကြောင့် တိုင်းရင်းသား ဒေသတွေလို လူမျိုးတမျိုးအပေါ် အခြေခံတဲ့ အမျိုးသားရေးအရ စုစည်းထားတာမျိုး မရှိဘဲ မြို့နယ် အလိုက်သော်လည်းကောင်း ကျေးရွာအလိုက်သော်လည်းကောင်း ဖွဲ့စည်းကြတဲ့ လက်နက်ကိုင် အဖွဲ့တွေ ပေါ်ထွက်လာတာတွေ့ရပါတယ်။ စစ်အာဏာသိမ်းပြီး မကြာခင် ကာလတွေဖြစ်တဲ့ ၂၀၂၁ ခုနှစ်လယ်ပိုင်းမှာ စစ်ကိုင်းတိုင်းထဲ လက်နက်ကိုင် တပ်ဖွဲ့ဖွဲ့စည်းဖို့ ဒေသအလိုက် စတင်လုပ်ဆောင်ကြရာမှာ ငွေကြေးထည့်ဝင်သူ၊ ငွေကြေးစုဆောင်းနိုင်သူ အလှူငွေ ကောက်ခံပြီး ဦးဆောင်နိုင်တဲ့ သူတွေက လက်နက်ကိုင်အဖွဲ့တွေကို ဦးဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဗိုလ်နဂါးက အဲလိုအနေအထားမှာ ပေါ်ထွက်လာတဲ့ လက်နက်ကိုင် အဖွဲ့တဖွဲ့ရဲ့ ခေါင်းဆောင် ဖြစ်လာတဲ့ သဘောပါ။ အဲဒီကာလတွေက NUG အနေနဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ လက်နက်ကိုင် တပ်ဖွဲ့ ဖွဲ့စည်းဖို့ အဆင်သင့်မဖြစ်သေး တဲ့အနေအထားမျိုးမှာ ၄င်းတို့မြို့အလိုက် ရွာအလိုက် လက်နက်ကိုင် အဖွဲ့တွေ ပေါ်ထွက်လာခဲ့တဲ့နောက် အဲဒီအဖွဲ့တွေကို ပြန်လည်စုစည်းဖို့ ခက်ခဲနေတဲ့ အခြေအနေလို့ ဆိုနိုင်ပါလိမ့်မယ်။
ဗမာလူမျိုးတွေ အများစု နေထိုင်ကြတဲ့ စစ်ကိုင်းတိုင်းထဲမှာ NUG လက်အောက်က ပကဖ အဖွဲ့အပြင် အခြားသော လက်နက်ကိုင်အဖွဲ့ တွေအများအပြားရှိကြပြီး တဖွဲ့နဲ့ တဖွဲ့အကြား စစ်ရေးအရ ပူးပေါင်းတိုက်ခိုက်မှု ရှိသလောက် ရှိပေမယ့်လည်း ဦးတည်ချက်တခုထည်း လှုပ်ရှားမှုတခုထည်းအောက်မှာတော့ ရှိမနေကြပါဘူး။ လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်ဖို့က အဓိက အခြားကိစ္စတွေက ဒုတိယလို့လည်း အချို့က ဆိုကောင်းဆိုပါလိမ့်မယ်။ ဒါပေမယ့် စစ်ကောင်စီတပ်တွေကို ဆန့်ကျင် တိုက်ခိုက်ရာမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ နိုင်ငံရေးအရ စုစည်းမှု၊ တသားထည်းဖြစ်မှုကလည်း ရေရှည်မှာ မရှိမဖြစ် လိုအပ်မှာ ဖြစ်ပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့တွေ ပေါ်ထွက်လာတဲ့ အကြောင်းရင်း အပေါ်မှာ ဘုံတူညီမှု အချက်အနေနဲ့ ထပ်တူပြု လို့ရပေမယ့်လည်း စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်ကြရာမှာ နိုင်ငံရေးအရ ဘုံတူညီမှု ရှိမထားတဲ့ အခါမှာ အခွန်အကောက်ကိစ္စ၊ နယ်မြေစိုးမိုးအုပ်ချုပ်မှု နဲ့ လူသူစုဆောင်းမှု၊ သယံဇာတ ထုတ်ယူမှုတွေမှာ လက်နက်ကိုင် တပ်ဖွဲ့တွေအကြား ပွတ်တိုက်မှု ဒါမှမဟုတ် ပဋိပက္ခတွေ အထိ ပြောင်းလဲနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။
၂၀၂၃ ခုနှစ်လယ်မှာ စစ်ကိုင်းတိုင်းထဲမှာ လှုပ်ရှားနေကြတဲ့ လက်နက်ကိုင် အဖွဲ့တွေကို စုစည်းဖို့ ကြိုးစားမှုအဖြစ် စစ်ကိုင်းဖိုရမ်ကို ကျင်းပခဲ့ကြပါတယ်။ အတိုင်းအတာတခုထိ ဆွေးနွေးနိုင်ခဲ့ကြပေမယ့် စစ်ရေး နိုင်ငံရေးအရ စုစည်းမှု တခုအဆင့်ကိုတော့ မရောက်ရှိနိုင်ခဲ့ကြဘူးလို့ ဆိုရမှာပါ။ အဲဒီနောက် စစ်ကိုင်းဖိုရမ် နောက်ထပ် ကျင်းပ နိုင်ခြင်း မရှိသေးတဲ့ အနေအထား လို့ဆိုရမှာ ဖြစ်ပါတယ်။
လက်နက်ကိုင် တော်လှန်ရေး ၃ နှစ်ကျော်လာချိန် အခြားသော တိုင်းရင်းသားဒေသတွေ မှာ စိုးမိုးထိန်းချုပ်နိုင်တဲ့ နယ်မြေတွေ ကျယ်ပြန့်လာချိန်မှာ စစ်ကိုင်းတိုင်းထဲမှာတော့ မြို့တွေ နယ်မြေတွေကို ထိန်းချုပ်ထားနိုင်တာ နှိုင်းယှဥ်ချက်အားဖြင့် နည်းပါးသေးတယ်လို့ ဆိုနိုင်ပါတယ်။ ယမန်နှစ်ကုန်ပိုင်းမှာ ကောလင်းမြို့ကို သိမ်းယူနိုင်ခဲ့ပေမယ့် လအနည်းငယ် အကြာမှာ လက်လွှတ်ပေးခဲ့ရပါတယ်။ ပထဝီဝင် အနေအထားအရ မြေပြန့် ဒေသဖြစ်ခြင်းကလည်း မြို့တမြို့ကို ထိန်းသိမ်းထားနိုင်ဖို့ တပ်ဖွဲ့အင်အားနဲ့ လက်နက်အင်အားနဲ့ လေကြောင်း အကာအကွယ် စတာတွေ မပြည့်စုံသေးတာကြောင့်လို့ ဆိုကောင်းဆိုနိုင်ပါတယ်။ တဖက်မှာလည်း နိုင်ငံရေးအရ စုစည်းမှု အားနည်းခြင်းက စစ်ရေးအရ စုစည်းမှု တခုထည်းသော ဗျူဟာအောက်မှာ လှုပ်ရှားမှုမရနိုင်တဲ့ အကြောင်းအချက်လည်း ဖြစ်ပါလိမ့်မယ်။
ကောလင်းမြို့အပြင် အခြားသော မြို့ကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တဲ့ မြို့တွေကတော့ လက်ရှိ ထိန်းချုပ်ထားဆဲ ဖြစ်တဲ့ ပင်လယ်ဘူး မြို့ဖြစ်ပါတယ်။ မြို့သိမ်းတိုက်ပွဲဆင်နွှဲပေမယ့်လည်း သိမ်းယူနိုင်တဲ့ အနေအထားထိ မရောက်ခဲ့တဲ့မြို့တွေကတော့ ယမန်နှစ် စက်တင်ဘာမှာ စတင် တိုက်ခိုက်ခဲ့ကြတဲ့ တန့်ဆည်မြို့ သိမ်းတိုက်ပွဲနဲ့ ထီးချိုင့်မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ကြပါတယ်။
ဒီလို နမူနာ အဖြစ်အပျက်နဲ့ အခြေအနေတွေအောက်မှာ ပုလဲမြို့သိမ်းတိုက်ပွဲကို BNRA က ဆင်နွှဲခဲ့တာဖြစ်ပြီး ရက်အနည်းငယ် အကြာမှာ ပြန်လည်ဆုတ်ခွာခဲ့ရတာ ဖြစ်ပါတယ်။ ကျယ်ပြန့်တဲ့ စစ်ကိုင်းတိုင်းထဲက မြို့နယ်အချို့ကို တိုက်ခိုက်ရုံသာမကပဲ အောင်မြင်မှုရကာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ အတွက်လည်း NUG နဲ့ ဒေသတွင်းက လက်နက်ကိုင် အဖွဲ့တွေအကြား နိုင်ငံရေး အရသဘောတူညီမှုတွေ ရရှိဖို့ မဖြစ်မနေ လိုအပ်နေတဲ့ သဘောလို့ ဆိုရင် မှားမယ် မထင်ပါဘူး။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar