ylliX - Online Advertising Network
နောင်ချိုမြို့ ထပ်မံဗုံးကြဲချ၍ လူသေဆုံးမှုရှိ - BUR.MIZZIMA.COM

နောင်ချိုမြို့ ထပ်မံဗုံးကြဲချ၍ လူသေဆုံးမှုရှိ – BUR.MIZZIMA.COM


ပုံအညွှန်း- နောင်ချိုမြို့ ဗုံးကြဲခံရမှုအပြီးမြင်ကွင်း (ဓာတ်ပုံ-ပေးပို့)

လွှမ်းမိုး

(မဇ္စျိမ) ။ ။ ရှမ်းပြည်နယ်မြောက်ပိုင်းက TNLA ထိန်းချုပ်ထားသော နောင်ချိုမြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အမျိုးသားတဦးသေဆုံးကာ နေအိမ်လေးလုံးပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ နိုဝင်ဘာ ၁၄ ရက် ညနေ ၄ နာရီအချိန်တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ပေါက်ကွဲအားပြင်းထန်သည့် ဗုံးနှစ်ကြိမ်ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နောင်ချိုမြို့ စျေးရပ်ကွက် နှင့် CB Bank နောက်ကျော တဝိုက်ကို ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြတ်စေတနာဆေးရုံလည်း မီးကူးလောင်ခဲ့ကြောင်း နောင်ချိုမြို့ခံတဦးက ယခုလိုပြောသည်။

“ဗုံးက ပေါက်ကွဲအားပြင်းပြီး နေအိမ်တွေ မီးစွဲလောင်တာတွေ ရှိတယ်။ မြတ်စေတနာ ဆေးရုံလည်း မီးကူးပြီးလောင်ခဲ့တယ်။ ဒဏ်ရာရရှိသူတော့ များနိုင်တယ်” ဟု နောင်ချိုမြို့ခံက ဆိုသည်။

အရပ်ဘက်နေရာများကို ထိမှန်စေသော စစ်ကောင်စီတပ်ဖွဲ့၏ နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် ကျီးလန့်စာစားသလို နေထိုင်နေကြရကြောင်းလည်း မြို့ခံများက ပြောသည်။

“အကုန်လုံးက ကျီးလန့်စာစားနေကြရတာပါ။ရောဂါအခြေအနေတွေနဲ့ သူများရပ်ရွာမှာ ရေရှည်နေဖို့အဆင်မပြေကြလို့သာ တွယ်ကပ်နေကြတဲ့သူတွေပဲကျန်တာပါ ။ ရှောင်လို့ရတဲ့သူတွေတော့ရှောင်ကုန်ပါပြီ။ တချို့စစ်ရှောင်တွေကို စစ်တပ်စစ်ဆေးရေးဂိတ်က ပေးမဖြတ်ခိုင်းတာတွေလည်းရှိပါတယ်” ဟု နောင်ချိုမြို့ခံ အမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။

နိုဝင်ဘာ ၁၂ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က နောင်ချိုမြို့ စျေးရပ်ကွက်ရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ခရီးသွားပြည်သူများအပါ ၁၁ ဦးသေဆုံးခဲ့သည်။

အလားတူ နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၆ နာရီခွဲကလည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် တရားရုံးနှင့် ရဲစခန်းအနောက်ဘက် နေရာများကို ပေါင် ၃၀၀ ဗုံးနှစ်လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့၍ လူထိခိုက်အချို့ရှိခဲ့ပြီး အိမ်စီးကားများလည်း ပျက်စီးခဲ့သည်။

စာတည်း။ ။ နောင်နောင်



Source link

Leave a Reply

Your email address will not be published. Required fields are marked *