ylliX - Online Advertising Network
တိုက်ပွဲဖြစ်နေသော ပုလဲမြို့သို့ စစ်တပ်က လေကြောင်းဖြင့် စစ်ကူပို့  - Myanmar Now

တိုက်ပွဲဖြစ်နေသော ပုလဲမြို့သို့ စစ်တပ်က လေကြောင်းဖြင့် စစ်ကူပို့  – Myanmar Now


စစ်ကိုင်းတိုင်း၊ ပုလဲမြို့ကို တော်လှန်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၄ ရက်မြောက်သည့် ယနေ့ (နိုဝင်ဘာ ၁၄) နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်သည့် အပြင် လေယာဉ်များဖြင့် စစ်ကူများ ပို့ခဲ့ကြောင်း သိရသည်။

နံနက်ပိုင်းတွင် လေကြောင်းပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် ရဟတ်ယာဉ်များဖြင့် ပုလဲမြို့ပေါ်သို့ စစ်ကောင်စီက အင်အား ၈၀ နီးပါး ဖြည့်တင်းခဲ့သည်ဟု ယူဆရကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)  ခေါင်းဆောင် ဦးဇော်ထက်က ပြောသည်။  

“မနက် ၁၁ နာရီလောက်က ၄ ခေါက် ချသွားတယ်။ အင်အား ၈၀ လောက်ရှိမယ်။ တစ်စီးကို အများဆုံး ဆန့်တာက ၂၅ ယောက်ဆိုတော့ လက်နက်ခဲယမ်းတင်လိုက်ရင်တော့ အပြည့်တင်လို့မရဘူးပေါ့။ အဲ့ဒီ တော့ ၂၂၊ ၂၃ ထက် ပိုမသယ်နိုင်ဘူး တစ်ခေါက်ကို။ အဲ့ဒီတော့ အင်အား ၈၀ လောက် ချတာပေါ့” ဟု ၎င်းက ဆိုသည်။  

ယနေ့ နံနက်အထိ အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့သည်၊ စစ်ကောင်စီတပ်ဘက်မှ စစ်ကူ ရောက်လာပြီးနောက် တော်လှန်ရေးအဖွဲ့ ပြန်ဆုတ်သွားသည်ဟု သတင်း ထွက်ပေါ်နေသော်လည်း သီးခြားအတည်မပြုနိုင်ပေ။ 
နိုဝင်ဘာ ၁၁ ရက် နံနက်တွင်ဗိုလ်နဂါးဦးဆောင်သည့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နှင့် မဟာမိတ်များက  ပုလဲမြို့ ရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးရုံးကို စတင် တိုက်ခိုက်ခဲ့သည်။

ယခင် မြန်မာ့တော်ဝင်နဂါးတပ်တော်မှ အမည်ပြောင်းထားသည့် BRNA သည် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ မဟုတ်ဘဲ သီးခြားရပ်တည် လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့တစ်ခု ဖြစ်သည်။

ယခုနှစ် ဇွန်လအတွင်းက ပြုလုပ်သော စစ်သင်တန်းဆင်းပွဲတွင် တွေ့ရသော ဗိုလ်နဂါး  (ဝဲဘက်) နှင့် သင်တန်းသားတစ်ဦး (ညာ) ။ (ဓာတ်ပုံ-BNRA)

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်များက ပုလဲမြို့ကို လေကြောင်းမှအပြင်းအထန် ဗုံးကြဲရန် လှုံ့ဆော်ခဲ့ကြသည်၊  ယနေ့တွင်လည်း စစ်ကူများပို့ကာ နယ်မြေရှင်းလင်းနေ၍ တော်လှန်ရေးအဖွဲ့များ ဆုတ်ခွာသွားရသည်ဟု ဖော်ပြနေကြသည်။

ပုလဲမြို့ပေါ်ကို ဝင်တိုက်သည့် နိုဝင်ဘာ ၁၁ ရက်နေ့ နံနက်တွင်လည်း လေကြောင်းမှ ဗုံးအလုံးရေ ၂၀ နီးပါး ကြဲချခဲ့ပြီး နောက်ရက်များတွင်လည်း တစ်ရက်လျှင် ၁၀ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့သည်ဟု ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဆိုကြသည်။ 

ပုလဲမြို့သည် ချင်းတွင်းမြစ် တစ်ဘက်ကမ်းရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ မုံရွာမြို့ နှင့် မိုင် ၃၀ ကျော်သာ ကွာဝေးသော်လည်း တိုက်ပွဲဖြစ်ပြီး လေးရက်မြောက်နေ့တွင်မှ စစ်ကူများကို ရဟတ်ယာဉ်ဖြင့် ပို့ပေးခဲ့ခြင်းဖြစ်သည်။ 

မြေပြင်စစ်ကူပို့ပါက ပုလဲမြို့နှင့် မုံရွာမြို့အကြား ဖြတ်သန်းရမည့် ယင်းမာပင်မြို့နယ်မှာ တော်လှန်ရေး အင်အားစု အားကောင်းသည့်နေရာဖြစ်သောကြောင့် လေကြောင်းခရီးဖြင့် စစ်ကူများပို့ပေးသည်ဟု ယူဆ နေကြသည်။ ပုလဲမြို့ပေါ်တိုက်ပွဲများသည် ယမန်နေ့ကလည်း ပြင်းထန်နေသည်။

မကွေးတိုင်း မြိုင်၊ ပုံတောင်ပုံညာ ယောဒေသ ဂန့်ဂေါတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ပုလဲမြို့နယ် သည် တော်လှန်ရေးအင်အားစုများအတွက်ရော စစ်တပ်အတွက်ပါ ဗျူဟာအရအရေးပါသည့် မြို့နယ် ဖြစ်သည်။  

ပုလဲမြို့ကို တော်လှန်ရေး အင်အားစု သိမ်းပိုက်ထိန်းချုပ်နိုင်ပါက စစ်ကိုင်း၊ ချင်း၊ မကွေး စစ်ဆင် ရေးများ ကွပ်ကဲရသည့် နမခကို ခြိမ်းခြောက်နိုင်သည့် အခြေအနေဖြစ်သည်ဟု CDM ဗိုလ်ကြီး ဇင်ယော် က သုံးသပ်သည်။ 

မြေပြင်တိုက်ပွဲနှင့် လေကြောင်းတိုက်ခိုက်မှုများအကြား မြို့ပေါ်တွင် ပိတ်မိနေသည့် ပြည်သူ ၃၀၀ ခန့်ကို  ကယ်ထုတ်နိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ ယင်းမာပင်ခရိုင် အမှတ် (၁၁) တပ်ရင်း ဖြစ်သည့် ကျားသစ်နက်တပ်မတော်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

ပြင်းထန်နေသည့် စစ်ရေးအခြေအနေကြောင့် ပုလဲမြို့ပေါ်နှင့် မြို့အနီးရှိ အလယ်ကုန်း၊ အေးကုန်း၊ သာယာ ကုန်း၊ ချောင်းကန်၊ ကံကြီးရွာ၊ ညောင်ကန်ရွာ၊ ‌ညောင်ကုန်းရွာ၊ မန်ကျည်းခွ၊ ဇောင်ချမ်းကုန်း၊ မြကုန်း၊ ရိုးရွာ စသည့် ကျေးရွာ ၁၂ ရွာခန့်မှ ဒေသခံ တစ်သောင်းကျော် တိမ်းရှောင်နေရကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် ပုလဲမြို့နယ်လူထုတိုက်ပွဲသပိတ်ဦးဆောင်ကော်မတီထံက သိရသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့်  ဒေသခံ စစ်ရှောင် ပြည်သူများ။  (ဓာတ်ပုံ – စစ်ကိုင်းပြည်သူဖေးမကူ ကွန်ရက်)

“နေ့စဉ်ရက်ဆက်လေကြောင်းတိုက်ခိုက်မှုတွေက များနေတာဆိုတော့ စစ်ရှောင်စခန်းတွေမှာ မနေရဲဘူး။ နီးစပ်ရာအိမ်တွေ၊ အသိမိတ်ဆွေရှိတဲ့ရွာတွေမှာ သွားပြီးနေထိုင်ခိုလှုံကြတယ်။ တချို့တွေကလည်း တခြားနယ်အထိ ပြောင်းရွှေ့နေထိုင်ကြတယ်”ဟု အဆိုပါကော်မတီမှ ကော်မတီဝင်တစ်ဦးဖြစ်သူ ကိုစိုပြေမင်းထင်က ပြောသည်။ 



လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်သည့်အတွက် စစ်ရှောင် အရေအတွက်မှာ ထပ်တိုးလာနိုင်သည်၊ စစ်ရှောင်ပြည်သူများအတွက် ရေရှည်အထားခံနိုင်သည့် ကုန်ခြောက် စားနပ်ရိက္ခာများ အပါအဝင် ဆေးဝါးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်လျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ပုလဲမြို့ပေါ် လေကြောင်းတိုက်ခိုက်မှုများအတွင်း လျှပ်စစ်ဌာန ဝန်ထမ်း အမျိုးသား အပါအဝင် ၃ ဦး သေဆုံးခဲ့သည်။ 

တိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံး၊ ဒဏ်ရာရသူအရေအတွက်ကို အတိအကျ ကောက်ယူနိုင်ခြင်း မရှိသော်လည်း သေဆုံး၊ ထိခိုက်သူအရေအတွက် ပိုများနိုင်သည်ဟု တော်လှန်ရေးအင်အားစုက ယူဆသည်။ 

 စစ်တပ်က အနောက်မြောက်တိုင်း စစ်ဌာနချုပ်နှင့် မိုင် ၅၀ ပတ်လည်အတွင်းရှိ ကနီ နှင့် ဒီပဲယင်းမြို့သိမ်း တိုက်ပွဲတို့တွင် လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်ပြီးနောက်ပိုင်း မြို့များကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ 

ချင်းတွင်းမြစ် အနောက်ဘက်ကမ်း ကနီမြို့တွင် စစ်ကောင်စီ ခြေကုပ်ယူထားသည့်နေရာများကို ယခုနှစ် မတ်လတွင် တော်လှန်ရေးအင်အားစုများက ၁၀ ရက်ကျော် ထိုးစစ်ဆင် တိုက်ခိုက် ပြီးနောက် နေရာအများ စုကို ထိန်းချုပ်နိုင်ခဲ့ သော်လည်း နောက်ပိုင်းတွင် စစ်တပ်က လေကြောင်းဖြင့် စစ်ကူအင်အား ဖြည့်တင်းပြီးနောက် တော်လှန်ရေးအင်အားစုများ ပြန်လည် ဆုတ်ခွာသွားသည်။ 

ဩဂုတ်လတွင်လည်း ဒီပဲယင်းမြို့မှ စစ်ကောင်စီစခန်းများကို သုံးရက်ကြာ တိုက်ခိုက်ခဲ့ပြီး မြို့ကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် လေကြောင်းမှ စစ်ကူ အင်အားဖြည့်တင်းလာသည့် အတွက် တော်လှန်ရေးအင်အားစု ပြန်ဆုတ်သွားကြသည်။ 

အာဏာသိမ်းစစ်ကောင်စီကို တူမီးဖြင့် စတင်တော်လှန်ခဲ့သည့် စစ်ကိုင်းတိုင်းမှာ လက်နက်ကိုင် တော်လှန် ရေး၏ ပင်မမျက်နှာစာတစ်ခုဖြစ်လာသည်။ စစ်ကိုင်းတိုင်းအတွင်း တော်လှန်ရေးအင်အားစုက  အိန္ဒိယ- မြန်မာနယ်စပ်ရှိ ခမ်းပတ်၊ မြို့သစ်၊ ရွှေပြည်အေး၊ မော်လူးနှင့် ပင်လည်ဘူးမြို့တို့ကို သိမ်းပိုက် ထိန်းချုပ်ထားသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *