ylliX - Online Advertising Network
နောင်ချိုနဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီဗုံးကြဲလို့ လူ ၂၀ သေဆုံး

နောင်ချိုနဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီဗုံးကြဲလို့ လူ ၂၀ သေဆုံး





တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နောင်ချိုနဲ့ မိုးကုတ်မြို့တွေထဲ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ အယောက် ၂၀ သေဆုံးပြီး ၂၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ PSLF/TNLA ရဲ့ ဒီကနေ့ညပိုင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဒီကနေ့ နိုဝင်ဘာ ၁၂ ရက် မွန်းလွဲ ၂ နာရီ ၄၃ မိနစ်ခန့်မှာ နောင်ချိုမြို့မဈေးရှိ လန်းဆန်းလက်ဖက်ရည်ဆိုင်ပေါ်ကို စစ်ကောင်စီရဲ့ ပေါင် ၅၀၀ ဗုံးကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီလိုဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ဒေသခံ ၁၁ ယောက်သေဆုံးပြီး ၁၁ ယောက် ဒဏ်ရာရရှိခဲ့တဲ့အပြင် နေအိမ် လေးလုံးအပါအဝင် ခရီးသည်တင်ကားတွေလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

ဒါ့အပြင် ယမန်နေ့ နိုဝင်ဘာ ၁၁ ရက် ညသန်းခေါင်ယံအချိန်မှာလည်း မိုးကုတ်မြို့ကို စစ်ကောင်စီက   ဗုံးငါးလုံးလာရောက်ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ကိုးယောက်သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

 

အဲဒီလိုတိုက်ခိုက်ရာမှာ မိုးကုတ်မြို့ရှိ လယ်ဦးရပ်က နတ်စင်တလျှောက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီမှာ TNLA သိမ်းပိုက်ပြီးနောက် ပထမဆုံး ဗုံးကြဲတိုက်ခိုက်ခံရတာ ဖြစ်တယ်လို့ မိုးကုတ်ဒေသခံတွေက လူမှုကွန်ရက်ပေါ်ရေးသားပြောဆိုနေကြပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ဆမ္မဆယ်ကျေးရွာကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ကျေးရွာဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က ဆိုပါတယ်။

 

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် ပြည်သူတွေအနေနဲ့ လူစုလူဝေးမပြုလုပ်ကြဖို့နဲ့ စစ်ရေးသတိရှိဖို့ လိုအပ်တယ်လို့ ပလောင်ဝ်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA) ပြောသလို လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ သတိပေးထုတ်ပြန်ချက်တွေကိုလည်း လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ PSLF/TNLA က အသိပေးထားပါတယ်။

 

ဓာတ်ပုံ – PSLF/TNLA

 





Source link

Leave a Reply

Your email address will not be published. Required fields are marked *