ylliX - Online Advertising Network
အမေရိကန်က ၂၀၂၄ ရွေးကောက်ပွဲအပြီး နောက်တနေ့၊ နောက်ရက်တွေ ဘယ်လို ဖြတ်သန်းကြမလဲ

အမေရိကန်က ၂၀၂၄ ရွေးကောက်ပွဲအပြီး နောက်တနေ့၊ နောက်ရက်တွေ ဘယ်လို ဖြတ်သန်းကြမလဲ


နိုင်ငံတကာသာဂိ (မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၂၄

နိုဝင်ဘာ ၅၊ ၂၀၂၄ အမေရိကန် အထွေထွေရွေးကောက်ပွဲကနေ စိန်ခေါ်သူ ထရန့်နဲ့ ရီပတ်ဘလစ်ကန်ပါတီတို့ ဒီမိုကရက်တွေကို သောင်ပြိုကမ်းပြို အနိုင်ရသွားပါပြီ။

အနိုင်ရလိုက်သမှ သမ္မတ၊ အထက်လွှတ်တော်၊ အောက်လွှတ်တော် အားလုံး အသာစီးရသွားတယ်လို့ ဆိုပါတယ်။ အမေရိကန်၏ ဗဟိုတရားရုံးတော်မှာလည်း ထရန့် ခန့်ခဲ့တဲ့ တရားသူကြီးများ ဦးရေ အသာစီးရနေတာမို့ ဘာလုပ်လုပ် ထရန့်နဲ့ ရီပတ်ဘလစ်ကန်ပါတီ လုပ်သမျှ အကုန်တင့်တယ်၊ ဂုဏ်တင့်တယ်တော့မယ်လို့ ဆိုနိုင်ပါတယ်။

ရှေးရိုးစွဲတွေ လက်ယာစွန်းတွေ လူမျိုးကြီးဝါဒီတွေကတော့ လက်ခမောင်းခတ်ကြပါတယ်။ အဲသည်ထဲမှာ ဘာမဆိုင် ညာမဆိုင် ဒီမိုကရက်တွေ လစ်ဘရယ်တွေကို မျက်မုန်းကျိုးနေသူတွေ ဂျန်းလီးတွေကလည်း တပြုံတမကြီး ဆွမ်းကြီးဝင်လောင်းကြပါတယ်။ သူတို့ ပြောချင်တာက ထရန့်နဲ့ လက်ယာစွန်းတွေ ရှေးရိုးစွဲတွေ မှန်တယ်။ မင်းတို့ လက်ဝဲယိမ်းတွေ၊ တိုးတက်အမြင်ရှိသူတွေ၊ လစ်ဘရယ်တွေ ခံလိုက်ရပြီ။ ခံလိုက်ပေဦး ဆိုတာမျိုးပါ။

သုံးသပ်ဆွေးနွေးသူတွေ ယူဆချက်တွေ အများအပြားကိုလည်း ဆောင်းပါးရှင်တွေက အမျိုးမျိုး တင်ပြနေကြပါတယ်။ ဆက်ပြီးတော့လည်း ရေးနေကြဦးမှာပါပဲ။ ကာယကံရှင် ဒီမိုကရက်တွေကိုယ်တိုင်ကတော့ ထရန့်နဲ့ အပေါင်းအပါတွေ ဆင်နွှဲလာမယ့် ခေတ်နောက်ပြန်ဆွဲ မုန်တိုင်းကြီးကို ကြံ့ကြံ့ခံနိုင်ကြဖို့ ပြင်ဆင် အားယူနေကြတာပဲ ဖြစ်ပါတယ်။ ခေတ်နောက်ပြန်ဆွဲတယ်လို့ ဘာလို့ ပြောချင်ရတာလဲ။ ခေတ်ရေစီးမှာ အင်တာနက်၊ ဆိုရှယ်မီဒီယာ၊ ဈေးအရောင်းအဝယ်၊ လူကြိုက်များတဲ့ အကြောင်းအရာ၊ နည်းပညာတွေ အားလုံးဟာ ရှေ့ကို သွားနေတာချည်း ဖြစ်နေလို့ပါ။ ကြိုက်ကြိုက် မကြိုက်ကြိုက်။ ဘယ်သူ့ကိုပဲ အပြစ်တင်တင်၊ ချီးမွမ်းခန်းပဲ ဖွင့်ဖွင့်။ ရေကတော့ ဆက်စီးနေမှာပါပဲ။

ကမ္ဘာကြီးမှာ ဆင်းရဲမွဲတေမှုက ရောဂါလို တိုက်စားနေပါတယ်။ ဒါကို သက်သာအောင် တိုးတက်အောင် လုပ်ရပါတယ်။ မင်းတို့ ဆင်းရဲတာ ငါတို့နဲ့ မဆိုင်ဘူးဆိုပြီး ပိတ်ထားလို့ မရပါဘူး။ အဲသည်လို မစောင့်ရှောက်ခဲ့လို့ တော်လှန်ရေးတွေ အကြိမ်ကြိမ်ဖြစ်ခဲ့၊ သွေးချောင်းစီးခဲ့တာပါ။ ကမ္ဘာကြီးက ပိုပြီး ဂေဟစနစ်တွေ ပျက်စီးယိုယွင်းလာနေပါတယ်။ သဘာ၀ဘေးဒဏ်တွေကို ဆင်းရဲ ချမ်းသာတိုင်း ခံစားနေရပါတယ်။ ဒါကို ငါတို့က ခံနိုင်ရည်ရှိတယ်။ မင်းတို့တွေ ခံကြဆိုပြီး ပစ်ထားလို့လည်း မရပါဘူး။ နောက်တချက်က လူသားတွေမှာ အမှန်အတိုင်း သိခွင့်၊ လွတ်လပ်စွာ ရှင်သန်ခွင့်၊ လွတ်လပ်စွာ ရွေးချယ်ခံယူ သင်ကြားခွင့်တွေ ရှိရပါတယ်။ မင်းတို့တွေကို ငါတို့ပေးတဲ့ သတင်းအချက်အလက် လုပ်ကြံဖန်တီးမှုတွေအောက်မှာပဲ ရှင်သန်ကြ ဆိုတဲ့ တဖက်ပိတ်လောကကြီးကို ထူထောင်ပြီးတော့ အခြားတဖက်က အာဏာရှင်တွေ၊ ရာဇဝတ်ကောင်တွေ၊ မတရားကျူးလွန်သူတွေနဲ့ အတူတူ လက်ဝေခံနေထိုင်ကြ ဆိုတဲ့ အကျင့်စရိုက်မျိုးလည်း မထူထောင်သင့်ပါဘူး။

အဲသည်မှာ သုံးသပ်ချက်တွေထဲက စိတ်ဝင်စားစရာ ၁ခု ၂ ခုလောက်တော့ ကောက်နုတ်ပြချင်ပါတယ်။ တချက်ကတော့ အမူအကျင့်ပါ။ ဒီမိုကရက်တွေ တိုးတက်တဲ့ လစ်ဘရယ်တွေက အမြစ်စွဲနေတဲ့လူဟောင်းတွေ အကျင့်ဟောင်းတွေကို ဖြတ်တောက် နုတ်ပစ်ဖို့ ဝန်လေးခဲ့ကြပြီး၊ ရီပတ်ဘလစ်ကန်တွေဘက်ကတော့ သူတို့၏ အမြစ်တွယ်နေတဲ့ လူဟောင်းတွေ အကျင့်ဟောင်းတွေကို အမြစ်ကနေ နုတ်ပစ်ဖို့ ကြိုးစားခဲ့ကြတယ်လို့ ထောက်ပြခဲ့ကြတာ ဖြစ်ပါတယ်။ ထရန့်လက်ထဲမှာ ရီပတ်ဘလစ်ကန်က လူဟောင်းတွေ မရှိသလောက် ရှားသွားပါပြီ။ ရှားဆို အရင်သမ္မတဟောင်းတွေတောင်မှ ထရန့်ကို မထောက်ခံတာအပြင် ထရန့်ကိုယ်တိုင်ကလည်း သည်လူကြီးတွေကို လက်မခံတော့ပါဘူး။ သူက သူ့စိတ်တိုင်းကျ အသစ်က ပြန်စနေတယ်လို့ သုံးသပ်ကြတာ ဖြစ်ပါတယ်။ မှန်တာ မှားတာ တရားတာ မတရားတာက နောက်။ အမူအကျင့်ကို ပြောတာပါ။

ပြီးတော့ မူဟောင်း စရိုက်ဟောင်းတွေ အရိုးစွဲနေတဲ့ ပါတီ အစိုးရ လွှတ်တော် ဥပဒေတွေထဲမှာ ဂျွတ်တက်နေတဲ့ ဗျူရိုကရက်ဆိုးတွေ အများအပြားရှိနေတာကို ဒီမိုကရက်တွေက မသိချင်ယောင်ဆောင်ပြီး မှိန်းနေတယ်လို့ ဝေဖန်ခံရတဲ့ တချက်လည်း ဖြစ်ပါတယ်။ ဒီမိုကရက်တွေက အစိုးရယန္တယားကြီးကို တည်ဆောက်ရင်း ဖောင်းပွလွန်းအားကြီးပြီး ပြန်လည် ဝိတ်ချဖို့ ပျက်ကွက်နေတယ်လို့ ပြောကြတာ ဖြစ်ပါတယ်။ လမ်းပြင်တဲ့သူက တယောက်၊ လမ်းပြင်တာကို စောင့်ကြည့် ထိန်းသိမ်း လေ့လာ အကြံပေး ညွှန်ကြာားသူတွေက အယောက် တသိန်းလောက် ခန့်ထားတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ကမ္ဘာကုလသမဂ္ဂကိုလည်း သည်လိုမျိုး ဝေဖန်ကြပါတယ်။ လစ်ဘရယ်တွေက ဒါတွေဟာ ပြည်သူလူထုအတွက် အကာအကွယ်ပေးတဲ့ ရပ်တည်ပေးတဲ့ စောင့်ရှောက်တဲ့ စနစ်တွေဆိုပြီး ဆင်ခြေပေးကြလေ့ရှိပါတယ်။

အဲသည်မှာ အကြံပေးကြတာ တချို့ကတော့ နိုင်ငံရေးမှာ အလယ်အလတ်လမ်းစဉ်ဆိုတာ မရှိဘူး ဆိုတာ ဖြစ်ပါတယ်။ ပြတ်ပြတ်သားသား မှန်တယ် ထင်တာကို လုပ်ကြ၊ ပြောကြ၊ အလိမ္မာသုံးပြီး စကားကို ကွေ့ဝိုက်မပြောကြနဲ့ ဆိုတာမျိုးပါ။ လက်ယာယိမ်း ရီပတ်ဘလစ်ကန်တွေက သူတို့ဘက်ကို အပြတ်ယိမ်းပြီး တဖက်ကို အပြတ်ဝေဖန် ပြစ်တင်ကြတာပါပဲ။ သို့သော် ဒီမိုကရက် လက်ဝဲယိမ်းတွေက လူလိမ္မာဂိုက်ဖမ်းပြီး အလယ်အလတ်လမ်းစဉ်လိုလို၊ ပညာရှိလိုလို သောင်မတင်ရေမကျ စကားတွေ ဆင်ခြေတွေ သိပ်ပြောကြတော့ သူတို့ကိုယ်တိုင်က သူတို့လက်ဝဲဆန်တာကိုပဲ ရှက်သလိုလို ရွံ့သလိုလို  တွန့်ဆုတ်နေကြတော့ သူတို့ပြတ်ပြတ်သားသားလုပ်ရ ပြောရမယ့် လက်ဝဲဆန်သော အလုပ်သမားနဲ့ လူလတ်တန်းစားအကျိုးစီးပွား ကာကွယ်ရေး စောင့်ရှောက်ရေး၊ လောကပါလတရား ထွန်းကားရေးကို သူတို့ကိုယ်တိုင် ထိထိရောက်ရောက် မပြောဆို မစည်းရုံးနိုင်ကြတော့ မဲပေးမယ့်သူတွေကို ပြတ်သားစွာ မဆွဲဆောင်နိုင်ခဲ့ဘူးလို့ သုံးသပ်ကြပါတယ်။

အခုလို မဲရှုံးတာမျိုးက ဒီမိုကရက်တွေအတွက် အဆန်းမဟုတ်ဘူးလို့လဲ အကဲခတ်တွေက ဆိုပါတယ်။ ရီပတ်ဘလစ်သမ္မတတွေထက် သမိုင်းမှာ မော်ကွန်းတင် လူကြိုက်များ ထင်ရှားတဲ့ ဒီမိုကရက်သမ္မတတွေ ဖြစ်တဲ့ ကလင်တန်၊ အိုဘားမားတို့တွေ (နောင်ဆို ဘိုင်ဒင်လဲ သမိုင်းဝင်ဖြစ်ဦးမှာပါ) ဆိုတာ အဲသလို ပေါ်ပြူလာဖြစ်တဲ့ လူကြိုက်များတဲ့ လူစ်လူခင်များတဲ့ အပြောအဟောတွေနဲ့ ပိပြီး အလုပ်မဖြစ်ခဲ့လို့ အကြိမ်ကြိမ် ရွေးကောက်ပွဲတွေမှာ အထိနာကြလေ့ ရှိပါတယ် တဲ့။ တရားမဝင်တပြည်သားတွေ ဝင်ရောက်နေတာကို ထိရောက်တဲ့အရေးယူမှု တားဆီးမှုကို လုပ်ရပါမယ်။ အမေရိကန်တွေက သည်လိုတပြည်သားတွေကို မေတ္တာပျက်လို့ မဖြစ်ဘူးလို့ သူတော်ကောင်းတရားဟောနေရုံနဲ့ ဒီပြဿနာပြေလည်သွားမှာ မဟုတ်တာကို သူတို့ သိပေမယ့် ဒီမိုတွေက ယပ်ထောင်ပြီး ပရိတ်ဖိရွတ်နေသလိုမျိုးပဲ လုပ်တတ်တယ်လို့ ဝေဖန်ခံရတာ ဖြစ်ပါတယ်။

ဒီမိုကရက်တွေ ရွေးကောက်ပွဲရှုံးတော့ နွေဦးတော်လှန်ရေးဘက်ကို ပစ်မှတ်တွေက လှည့်လာကြပါတယ်။ အမေရိကန် ရွေးကောက်ပွဲ အကြောင်းပြုပြီးတော့ တော်လှန်ရေးကိုလည်း ဝေဖန်ရေးတွေ လေကန်ရေးတွေ လုပ်လာကြပါတယ်။ လက်တွေ့နဲ့ မနီးစပ်တာတွေ ပြောကြတာမျိုးတွေ ရှိသလို၊ တော်လှန်ရေးထဲမှာ အမြစ်စွဲနေတဲ့ အချို့ အကြောင်းအရာတွေ အစုအဖွဲ့တွေ လူပုဂ္ဂိုလ်တွေကို ဝေဖန် စောကြောလုပ်တဲ့ အသံတွေလည်း ကျယ်လာတယ် ဆိုရပါမယ်။ တော်လှန်ရေးထဲက လစ်ဘရယ်တွေကို တံဆိပ်ကပ် ဝေဖန်ကြသလို တော်လှန်ရေးထဲက နိင်ငံရေးဗျူရိုကရက်တွေ နိင်ငံရေးအမွေစား အမွေခံတွေဆိုပြီး ဝေဖန်ကြ လက်ညှိုးထိုးကြတာမျိုးလည်း ရှိလာတယ် ဆိုရပါမယ်။  ဆိုတော့ကာ – အချို့ဝေဖန်သူတွေ ကြည့်ရတာက နွေဦးတော်လှန်ရေးမှာလည်း ထရန့်လိုမျိုး ရွှေဝါရောင် ကြက်ဖအမောက် ဆံပင်ထားတဲ့ ခေါင်းဆောင်မျိုးကိုများ တောင့်တနေကြသလား မသိပါဘူးလေ။ 

သာဂိလည်း ဆံပင်ရှည်ထားပြီး အမောက်ပြန်ထောင်ရင် ကောင်းမလား တွေးမိတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *