(မိုးမခ) နိုဝင်ဘာ ၁၂၊ ၂၀၂၄
တရစ်ပြီးတရစ် ကြပ်လာတဲ့ တရုတ်နိုင်ငံရဲ့ နယ်စပ် ကုန်စည်ပိတ်ဆို့မှု
တရုတ်နိုင်ငံအစိုးရ အနေနဲ့ ၄င်းနဲ့နယ်နိမိတ်ထိစပ်နေတဲ့ ဒေသတွေမှာ အခြေစိုက်တဲ့တိုင်းရင်းသား လက်နက်ကိုင်တွေကို စစ်ကောင်စီနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ နဲ့ ဆွေးနွေးညှိနှိုင်းဖို့ ရည်ရွယ်ချက်နဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေကို ပိတ်တာ၊ ကုန်ပစ္စည်းကန့်သတ်ချက်တွေ ထုတ်ပြန်တာတွေ လွန်ခဲ့တဲ့ ၂ လ ဝန်းကျင်ကစလို့ လုပ်ဆောင်လာရာမှာ တစထက်တစ ပိုမိုတင်းကြပ်လာတာ သတင်းတွေထဲမှာ တွေ့မြင်နေရတာ ဖြစ်ပါတယ်။ တရုတ်အစိုးရ အနေနဲ့ ပစ်မှတ်ထား ပိတ်ဆို့တဲ့ လက်နက်ကိုင်အဖွဲ့တွေက TNLA, MNDAA နဲ့ KIA တို့ဖြစ်ပါတယ်။ မြောက်ပိုင်း ညီနောင် လက်နက်ကိုင် ၃ ဖွဲ့ရှိတဲ့အနက် AA ကတော့ တရုတ်-မြန်မာ နယ်စပ်မှာ လက်နက်ကိုင်တပ်အင်အား ရှိသော်လည်း အခြေစိုက်နယ်မြေအားဖြင့် မရှိတာကြောင့် AA ကို ဖိအားပေးဖို့ နယ်မြေအားဖြင့် တရုတ်နိုင်ငံနယ်စပ်မှာ မရှိခြင်းကြောင့် AA အဖွဲ့နဲ့ တိုက်ရိုက်သက်ဆိုင်ခြင်း မရှိပါဘူး။
ကျန်တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့နဲ့ နယ်မြေထိစပ်နေသလို လက်နက်ကိုင် အဖွဲ့အစည်းချင်းလည်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတဲ့ ဝ ပြည်လို၊ မိုင်းလား လက်နက်ကိုင် ဒေသတွေကိုလည်း တဆင့်ခံ ကုန်သွယ်မှုမဖြစ်ရအောင် ပိတ်ဆို့မှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ တပါတီ စနစ်နဲ့ အုပ်ချုပ်ပြီး တသွေးတသံတမိန့်နဲ့ စီမံအုပ်ချုပ်ရာမှာ အတွေ့အကြုံနဲ့ လုပ်ဆောင်နိုင်စွမ်းမြင့်မားတဲ့ တရုတ်နိုင်ငံအနေနဲ့ နယ်စပ်ကုန်သွယ်ရေး ပိတ်ဆို့မှုနည်းလမ်းကို အသုံးပြုပြီး မြန်မာနိုင်ငံထဲက တိုင်းရင်းသားလက်နက်ကိုင်တွေကို ၄င်းတို့ လျှောက်စေချင်တဲ့ လမ်းကြောင်းပေါ် လျှောက်လာအောင် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ထားပုံရပါတယ်။
တရုတ်နိုင်ငံက အခုလို ကုန်စည်တွေ၊ လက်နက်ခဲယမ်း ထုတ်လုပ်မှု၊ ရောင်းဝယ်မှုနဲ့ ဆက်နွယ်နိုင်တဲ့ ကုန်သွယ်မှုတွေ ကန့်သတ်တဲ့ နယ်မြေတွေက မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်ရဲ့ ဒေသအချို့၊ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့ ဖြစ်ပြီး အဲဒီဒေသတွေမှာ ငွေဖြစ်လွယ်တဲ့ သယံဇာတတွေဖြစ်တဲ့ ကျောက်မျက်၊ မြေရှား၊ ရွှေ၊ သစ်တွေ ထုတ်ယူနေတဲ့ ကချင်ပြည်နယ်၊ တရုတ်နိုင်ငံက နှိမ်နှင်းဖြိုခွင်းလိုတဲ့ တရုတ်နိုင်ငံသားတွေ ဦးဆောင်လုပ်ကိုင်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ အခြေစိုက်ကြတဲ့ ကိုးကန့်ဒေသနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက အချို့နယ်မြေတွေ ပါဝင်နေတာဖြစ်ပါတယ်။
တရုတ်နိုင်ငံက ကုမ္ပဏီကြီးတွေနဲ့ ကုန်သည်တွေအတွက် အထက်ပါ နယ်မြေဒေသတွေက ထွက်ရှိတဲ့ ကျောက်မျက်၊ မြေရှား၊ သစ် စတဲ့ ကုန်ပစ္စည်းတွေက ၄င်းတို့အတွက် အကျိုးအမြတ်များတဲ့ လုပ်ငန်းတွေ ဖြစ်ပေမယ့် တရုတ် အစိုးရရဲ့ မူဝါဒနဲ့ ကန့်သတ်မှုဖြစ်လို့ ကာလတခုမှာတော့ ကိုယ်ရှိန်သတ်ပြီး ရောင်းဝယ်လုပ်ကိုင် ကြရမယ့် အနေအထားမျိုးလည်း ဖြစ်နိုင်ပါတယ်။ မြေရှားလို ခေတ်သစ် နည်းပညာ ပစ္စည်း ချစ်ပ်ပြားတွေ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ သတ္တုထုတ်လုပ်နိုင်တဲ့ ကုန်ကြမ်းက တရုတ်နိုင်ငံသာမက ကမ္ဘာ့နိုင်ငံတွေအထိ ဝယ်လိုအားကောင်းတဲ့ ဈေးကောင်းရတဲ့ သယံဇာတပစ္စည်းတခု ဖြစ်ပါတယ်။
ဒီအခြေအနေတွေအောက်မှာ တရုတ်အစိုးရအနေနဲ့ ကုန်စည်ပိတ်ဆို့မှု၊ ကန့်သတ်မှု၊ ရည်ရွယ်ချက် ပစ်မှတ်ကို ဦးတည်တဲ့ ကန့်သတ်မှုဖြစ်စေဖို့ ၄င်းတို့ရဲ့ ကန့်သတ်ပိတ်ဆို့မှု အောင်မြင်လား မအောင်မြင်လား ဆိုတာကို အချိန်နဲ့အမျှ စောင့်ကြည့်နေမှာဖြစ်ပါတယ်။
ဒီဒေသတွေမှာ နေထိုင်တဲ့ လူထုအနေနဲ့ တဖက်မှာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသဖြစ်တဲ့ မန္တလေး၊ စစ်ကိုင်းတိုင်းတို့လိုနဲ့ ကူးသန်းဆက်သွယ်မှုတွေကိုလည်း စစ်ကောင်စီဘက်က တတ်နိုင်သလောက် ပိတ်ဆို့ တားဆီးထားတာနဲ့ ရင်ဆိုင်နေရပြီး တဖက်မှာ တရုတ်နိုင်ငံဘက်က ကန့်သတ်ပိတ်ဆို့မှုတွေက တရစ်ထက် တရစ် တင်းကြပ်လာနေတာကြောင့် ရိက္ခာ၊ ဆေးဝါးနဲ့ လောင်စာဆီ ဝယ်ယူဖို့တွေမှာ ကြီးမားတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ နေ့စဥ်စားသုံးကုန်ဖြစ်တဲ့ ဆန် စျေးနှုန်းတွေ မတန်တဆ ကြီးမြင့်လာတဲ့ ဒဏ်၊ နာဖျားမကျန်းဖြစ်တဲ့ အခါ လိုအပ်တဲ့ ဆေးဝါးနဲ့ အခြေခံလူသုံးကုန်တွေကို မြန်မာနိုင်ငံအလယ်ပိုင်းကနေ သယ်ဆောင်ဖို့လည်း အခက်အခဲရှိနေသလို နယ်မြေ အကွာအဝေးအားဖြင့် နီးကပ်စွာတည်ရှိတဲ့ တဖက်နိုင်ငံဘက်က ပိတ်ပင်ထားတာကြောင့်လည်း ပိုပြီးအခက်တွေ့လာကြရပါတယ်။ စစ်ပွဲတွေကြောင့် စိုက်ပျိုးရေး၊ ကုန်သွယ်ရေးတို့ကို ကောင်းမွန်စွာ မလုပ်နိုင်ကြတဲ့ အချိန်မှာ အသက်ရှင်သန်ဖို့ လိုအပ်တဲ့ ရိက္ခာ၊ ဆေးဝါးတွေက မတန်တဆ စျေးနှုန်းတွေ ဖြစ်လာနေပြီး တကြိမ်တခါမျှ မကြုံဖူးကြတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ ဒီဒေသတွေကို စစ်ရေး၊ အုပ်ချုပ်ရေးအားဖြင့် ထိန်းချုပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ဒေသခံတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲကို ဘယ်လိုဖြေရှင်းပေးနိုင်မလဲ ဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို စစ်ဆင်ရေး မလုပ်နိုင်အောင်၊ တိုက်ပွဲတွေ မဖော်နိုင်အောင် စစ်ကောင်စီနဲ့ တရုတ်နိုင်ငံတို့က ညှပ်ပြီး ဖိအားပေးရာမှာ လက်နက်ကိုင်အဖွဲ့တွေအပေါ် အနည်းနဲ့အများ သက်ရောက်မှု ရှိမှာ ဖြစ်ပေမယ့် အာဏာနဲ့ လက်နက် မရှိတဲ့ လူထုအနေနဲ့ ပိုမိုထိခိုက်ခံစားကြရတာ ဖြစ်ပါတယ်။ စစ်ကောင်စီ တပ်တွေအနေနဲ့ ဒီဒေသတွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို စစ်အင်အားနဲ့ အနိုင်မတိုက်နိုင်လို့သော်လည်းကောင်း၊ အိမ်နီးချင်း တရုတ်နိုင်ငံအနေနဲ့ကတော့ စစ်အင်အားအသုံးပြုနိုင်တဲ့ အနေအထားမဟုတ်တာကြောင့် သော်လည်းကောင်း ကုန်ပစ္စည်း၊ ရိက္ခာ၊ လောင်စာ စတာတွေကို ပိတ်ဆို့ ဖြတ်တောက်ခြင်းက ဒီဒေသတွေမှာ နေထိုင်နေကြတဲ့ ဒေသခံတွေအနေနဲ့ ထိခိုက်နစ်နာမှုအများဆုံးနဲ့ အကျယ်ပြန့်ဆုံး ခံစားနေကြရတာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar