ylliX - Online Advertising Network
စစ်တပ်ပစ်ခတ်မှုကြောင့် ဖယ်ခုံနှင့်လွိုင်ကော် ဒေသခံ ၆ ဦးသေဆုံး - Myanmar Now

စစ်တပ်ပစ်ခတ်မှုကြောင့် ဖယ်ခုံနှင့်လွိုင်ကော် ဒေသခံ ၆ ဦးသေဆုံး – Myanmar Now


နယ်မြေချင်းထိစပ်နေသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်နှင့် ကယားပြည်နယ် လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီတပ်၏  ပစ်ခတ်မှုကြောင့် တစ်ရက်အတွင်း အရပ်သား ၆ ဦး သေဆုံးသွားသည်ဟု သိရသည်။

 နိုဝင်ဘာ ၈ ရက်နေ့က ဖယ်ခုံမြို့နယ်အတွင်း လေတပ်ဗုံးကြဲမှုကြောင့် ၂ ဦး၊ လွိုင်ကော်မြို့နယ်တွင်း လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲခြင်းကြောင့် ၄ ဦးသေဆုံးသည်ဟု ကရင်နီပြည်အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ဗညားက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုတွင် ဒဏ်ရာရသူများလည်း ရှိသည်ဟု ကယားပြည်နယ် ခေါ် ကရင်နီပြည်နယ် အခြေစိုက် အင်အားကြီး လက်နက်ကိုင်တပ်ဖြစ်သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ပြောသည်။ 

“စစ်ကောင်စီဘက်က လေကြောင်းနဲ့တိုက်ခိုက်တဲ့အတွက် ပြည်သူ ၂ ဦးသေဆုံးတယ်။ ၃ ဦး ထိခိုက်ဒဏ်ရာရတာဖြစ်ပါတယ်” ဟု သူက ပြောသည်။

သေဆုံးသူတို့မှာ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး၊ အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ကျောင်းဆရာတစ်ဦးတို့ ဖြစ်သည်ဟု သိရသည်။

ထိုနေ့မှာပင် စစ်တပ်က လွိုင်ကော်မြို့နယ်ရှိ တော်လှန်ရေးတပ်များစိုးမိုးထားရာ နိုးကိုးစံပြရွာ စစ်ရှောင်စခန်း၊ သရက်ပင်ရွာကို လက်နက်ကြီးဖြင့် ၄ ကြိမ်ပစ်ခတ်ခဲ့ကြောင်း IEC နှင့် KNDF  ဘက်က ပြောသည်။

ထိုပစ်ခတ်မှုကြောင့် နိုးကိုးရွာနေ အသက် ၃၀ ဝန်းကျင် အမျိုးသား ၂ ဦး၊  ၂၄ နှစ် အရွယ် အမျိုးသမီးတစ်ဦး၊ သရက်ပင်ရွာနေ အသက် ၁၀ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် လူအများအိပ်မောကျနေသည့် ညအချိန်တွင် ဗုံးကြဲသွားသည်၊ လက်နက်ကြီးပစ်ခတ်မှုတွင်လည်း လူနေထူထပ်သည့် စစ်ရှောင်စခန်း ပစ်မှတ်ထားခံရသည်ဟု KNDF ဗဟို ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးကပြောသည်။

ဗုံးကြဲခံရသည့် ရွာနှင့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသည့် ရွာများသည် မြေပြင်တွင် တိုက်ပွဲမရှိသည့်နေရာများဖြစ်ကြောင်း တာအယ်စိုးက ဆိုသည်။

၂၀၂၃ ခုနှစ်နိုဝင်ဘာ ၁၁ ရက်တွင် စတင်သည့်၊ ပြည်နယ်မြို့တော် လွိုင်ကော်သို့ ဦးတည်တိုက်ခိုက်သည့် KNDF ၏ ၁၁၁၁ စစ်ဆင်ရေးသည် ယနေ့ ၁ နှစ်တိတိပြည့်ပြီ ဖြစ်သည်။

ထိုစစ်ဆင်ရေးအတွင်း KNDF နှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များသည် လွိုင်ကော်မြို့ပေါ်ရှိ လူနေရပ်ကွက်များအထိ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

သို့သော် မြို့ကို အပြီးသတ်မသိမ်းနိုင်မီ စစ်ကောင်စီက အင်အားဖြည့်တင်းကာ စိုးမိုးနယ်မြေ တိုးချဲ့လိုက်ရာ ကရင်နီတော်လှန်ရေးတပ်များ လွိုင်ကော်မြို့ပေါ်မှ ပြန်ဆုတ်ခဲ့ရသည်။



ဖယ်ခုံမြို့တွင် စစ်ကောင်စီ၏ အမှတ် (၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) နှင့် လက်အောက်ခံတပ်ရင်း  ၂ ရင်း ရှိပြီး မြို့ကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားသည်။ ကရင်နီအခြေစိုက် တော်လှန်ရေးတပ်များကလည်း ဖယ်ခုံမြို့နယ်တွင်း ဝင်ရောက်၍ တိုက်ခိုက်မှုများရှိသည်။

လွိုင်ကော်တွင် စစ်ကောင်စီ၏ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်နှင့် လက်အောက်ခံတပ်ရင်းအချို့ရှိပြီး မြို့ကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားသည်။ လွိုင်ကော်ရှိကျေးရွာအများစုကိုမူ KNDF နှင့် ကရင်နီပြည်နယ်အခြေစိုက် အခြားတော်လှန်ရေးတပ်များက ထိန်းချုပ်ထားသည်။

စစ်ကောင်စီဘက်ကလည်း ကရင်နီတော်လှန်ရေးတပ်များ စိုးမိုးထားသည့် ရွာများသို့  လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်လေ့ရှိသလို လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှုများလည်း ပြုလုပ်တတ်သည်။

လက်ရှိတွင် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နှင့် ဖယ်ခုံမြို့ကြား ကျေးရွာအချို့၌ စစ်ကောင်စီတပ်နှင့် KNDF တို့အကြား တိုက်ပွဲဆက်ရှိနေသည်။

ထို့ပြင် စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ပူးပေါင်းစစ်ကြောင်းမှ စစ်ကား အစီး ၂၀ ကျော်သည်လည်း ဖယ်ခုံမြို့အတွင်း ရောက်နေပြီး တောင်ဘက်ရှိ မိုးဗြဲမြို့သို့ ဆက်လက် ထိုးစစ်ဆင်လာနိုင်သဖြင့် တိုက်ပွဲများ ဆက်ဖြစ်လာနိုင်ကြောင်း ဒေသခံများက ခန့်မှန်းထားသည်။





Source link

Leave a Reply

Your email address will not be published. Required fields are marked *