(မိုးမခ) နိုဝင်ဘာ ၈ ၊ ၂၀၂၄
ရုရှားနိုင်ငံ ကာဇမ်မှာ အောက်တိုဘာ (၂၂-၂၄)ရက်နေ့ထိ ကျင်းပခဲ့တဲ့ ဘရစ်ခ် (BRICS) ကို မူလ ဦးစီးခဲ့တဲ့ နိုင်ငံ ၅ နိုင်ငံ၊ မနှစ်က ထပ်တိုးထားတဲ့ ၄ နိုင်ငံနဲ့ အသင်းဝင်ဖို့ စိတ်ဝင်စားနေတဲ့ နိုင်ငံပေါင်း ၃၀ ကျော် တက်ရောက်ခဲ့ပါတယ်။ ပူတင်ကို အနောက်အရင်းရှင်နိုင်ငံများက ကြဉ်ထားဖို့ အမျိုးမျိုးကြိုစား ဖိအားတွေ ပေးနေတဲ့ကြားက ဒီအစည်းအဝေးကြီးကို အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့တာပါ။
ဒီဘရစ်ခ်နိုင်ငံများဟာ ကမ္ဘာ့နယ်မြေရဲ့ ၃၀ ရာနှုန်း၊ ကမ္ဘာ့လူဦးရေရဲ့ ၄၅ ရာနှုန်း၊ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၂၀ ရာနှုန်းကို ကိုယ်စားပြုပါတယ်။ ဒီအဖွဲ့မှာ ပါဝင်သူများဟာ ကမ္ဘာ့တောင်ပိုင်းနိုင်ငံများလို့ ခေါ်ဆိုကြတဲ့ ဖွံ့ဖြိုးဆဲနဲ့ ဖွံ့ဖြိုးမှုနိမ့်နိုင်ငံများ ဖြစ်ကြပြီး သူတို့မှာ တူညီသော ခံစားချက်များနဲ့တူညီသောရည်မှန်းချက်များ ရှိကြပါတယ်။ သူတို့က ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်အပြီးကတည်းက ချမှတ်ခဲ့တဲ့နိုင်ငံတကာ အုပ်ချုပ်မှုစနစ်နဲ့ ဘဏ္ဍာရေးစနစ်တွေဟာ ခေတ်နဲ့မကိုက်ညီတော့ဘူးဆိုပြီး ပိုမိုတရားမျှတတဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဖို့ တောင်းဆိုလာကြတာပါ။ မိမိတို့နိုင်ငံက စီးပွားရေးများကိုလည်း တိုးတက်လာအောင် စုပေါင်းကြိုးစားလာကြပါတယ်။ ဒီတော့ ဒီစနစ်တွေကို ချုပ်ကိုင်ထားပြီး အကျိုးအမြတ်တွေကို သဲ့ယူခဲ့တဲ့ ဖွံ့ဖြိုးပြီးနိုင်ငံများ (အထူးသဖြင့် ဂျီ-၇နိုင်ငံများ) က မခံမရပ်နိုင်ဖြစ်လာနေတာပါ။ တကယ်လည်း ဘရစ်ခ်နိုင်ငံများက တဖြည်းဖြည်းနဲ့ ဂျီ-၇ နိုင်ငံတွေကို ကျော်လာနေပါပြီ။
ဒါ့အပြင် ကမ္ဘာ့ကုန်သွယ်ရေးစနစ်တခုလုံးကို တချိန်လုံး ချုပ်ကိုင်ထားတဲ့ အမေရိကန် ဒေါ်လာငွေကြေးစနစ်ကိုလည်း သူတို့ငွေကြေးစနစ်များနဲ့ တဖြည်းဖြည်း အစားထိုး (dedollarization) လုပ်ဆောင်လာရာမှာလည်း အတော်ခရီးရောက်လာနေပါတယ်။ ဒီမှာတင် အမေရိကန် အမှူးပြုတဲ့ အနောက်အရင်းရှင်နိုင်ငံကြီးများအနေနဲ့ ဒီအဖွဲ့ရဲ့လုပ်ဆောင်ချက်များကို အရေးတယူ ဂရုစိုက်လာရပါတော့တယ်။
၂၃-၁၀-၂၀၂၄ မှာတော့ အဲဒီနိုင်ငံများအဖို့ ထပ်စိတ်အနှောင့်အယှက်ဖြစ်စရာသတင်းထပ်ထွက်လာပြန်ပါတယ်။ ဘရစ်ခ်အစည်းအဝေးကြီးရဲ့ဘေး
ပန်းမှာ အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ တရုတ်သမ္မတရှီကျင့်ပင်တို့ တွေ့ဆုံဆွေးနွေးတယ် ဆိုတဲ့သတင်းပါ။ သူတို့နှစ်နိုင်ငံလုံးက နယ်နိမိတ်ဆိုင်ရာပြဿနာ
များမှာ တင်းမာမှုများလျေ့ာလာရေးကို ဆွေးနွေးအဖြေရှာသွားပြီး ဆက်ဆံရေးများ ပြန်လည်ကောင်းမွန်လာအောင် လုပ်ဆောင်သွားမယ်လို့ ပြောသွားကြောင်းလည်း ထပ်ကြားလိုက်ရပါတယ်။
တကယ်တော့ အမေရိကန်နဲ့ အနောက်အုပ်စုက အိန္ဒိယကို တရုတ်နဲ့ ရန်ဘက်ပဋိပက္ခဖြစ်ဖို့ အများကြီး ကြိုးစားခဲ့တာပါ။ ဒီလိုနည်းနဲ့ တရုတ်ရဲ့ဖွံ့ဖြိုးတိုးတက်ရေးကို တားဆီးနိုင်ဖို့ လုပ်တာပါ။ ဒါပေမဲ့ အိန္ဒိယရဲ့ နိုင်ငံခြားရေးမူဝါဒဟာ အလွန်လက်တွေ့ကျပါတယ်။ အနောက်နိုင်ငံများနဲ့လည်း သင့်တင့်စွာ ဆက်ဆံပြီး သူ့နိုင်ငံအကျိုးစီးပွားအတွက် ကျန်နိုင်ငံများ (ရုရှား၊ တရုတ်) နဲ့လည်း ဆက်ဆံရေးကောင်းမွန်အောင် လုပ်နိုင်ခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲ အကြောင်းပြချက်နဲ့ အနောက်နိုင်ငံတွေက ရုရှားကို ပိတ်ဆို့မှုအမျိုးမျိုး လုပ်ပေမယ့် အိန္ဒိယကတော့ အဆက်အဆံမပျက်အောင် လုပ်ထားနိုင်လို့ သူ့အတွက် ရုရှားရေနံများကို အထူးလျှော့စျေးနဲ့ ရနေလို့စီးပွားရေးအရ အမြတ်တောင်ထွက်နေပါတယ်။
ထို့အတူ တရုတ်နဲ့လည်း သင့်တင့်စွာ ဆက်ဆံနေတာပါ။ အခုလည်း နှစ်နိုင်ငံ နယ်စပ်ပြဿနာဖြေရှင်းပုံကို ကြည့်ရအောင်ပါ။
အငြင်းပွားနေတဲ့ နယ်စပ်မျဉ်း (အင်္ဂလိပ်က သတ်မှတ်ပေးထားတဲ့ Line of Control LOC) ကနေ နှစ်နိုင်ငံလုံးက ကင်းတွေကို နောက် ငါးကီလိုစီ ဆုတ်ပေးခဲ့ပြီးနောက် အဲဒီမျဉ်းကို နှစ်ဖက်လုံးက ဒရုန်းနဲ့ပဲကင်းလှည့်စေပါတယ်။ ဒီတော့ လူချင်း တွေ့စရာလမ်းမရှိတော့ဘဲ လူတွေ အထိအခိုက်အကျအဆုံးကိုလည်း ရှောင်လွှဲနိုင်တာပေါ့။
ဒီလိုနည်းနဲ့ တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံဟာ မိမိတို့နိုင်ငံ အကျိုးစီးပွားများကို ဦးထိပ်ထားပြီး ပြဿနာများကို လက်တွေ့ကျစွာ ဖြေရှင်း လိုက်နိုင်ပါတယ်။
စံနမူနာယူစရာပါ။
လှကျော်ဇော
၃-၁၁-၂၀၂၄။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar