အွန်လိုင်းမှ ဝင်ငွေရှာဖွေသူ မြန်မာများအတွက် အသုံးတွင်ကျယ်သည့် နိုင်ငံတကာ ငွေပေးချေဝန်ဆောင်မှုများကို ပြည်ပကုမ္ပဏီနှစ်ခုက ယခုလမှစတင်ကာ ရပ်ဆိုင်းလိုက်ကြောင်း စုံစမ်းသိရှိရသည်။
အရောင်းအဝယ်သမားများ၊ အွန်လိုင်းတွင် အလွတ်တန်းအလုပ်လုပ်ကိုင်သူများ၊ လူမှုကွန်ရက်တွင် ရုပ်သံ၊ ဓာတ်ပုံ၊ ဖျော်ဖြေရေးနှင့် ဗဟုသုတအကြောင်းရာများဖန်တီး၍ ဝင်ငွေရှာဖွေသူများ လုပ်အားခငွေလက်ခံကြရာတွင် အဓိကသုံးသည့် အာဖရိကအခြေစိုက် Perfect Money နှင့် အမေရိကန်အခြေစိုက် Payoneer ကုမ္ပဏီနှစ်ခုက မြန်မာနိုင်ငံတွင် နေထိုင်သူများအတွက် ဝန်ဆောင်မှု ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။
စစ်တပ်အာဏာသိမ်းထားသည့် မြန်မာနိုင်ငံတွင် ရှုပ်ထွေးသည့် စည်းမျဉ်းစည်းကမ်းများကြောင့် လုပ်ငန်းလည်ပတ်ရန်ခက်သဖြင့်ဝန်ဆောင်မှုရပ်ဆိုင်းခြင်းဖြစ်သည်ဟု အကြောင်းပြချက် ပေးကြောင်း ကုမ္ပဏီများ၏ အသိပေးထုတ်ပြန်စာရရှိထားသည့် နေပြည်တော်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“အဲ့ဒါတွေကိုဖွင့်ခွင့်မပေးတော့ဘူးဆိုရင် ကျွန်တော်တို့က ပိုက်ဆံထုတ်ဖို့ ခက်ခဲသွားတာပေါ့။ နောက် Global Platform မှာ မြန်မာဘဏ်တွေကို အကျုံးမဝင်ဘူး။ လူရာမသွင်းဘူးပေါ့။ ဆိုတော့ ဒီပိုက်ဆံကို ဘာနဲ့ပြန်ထုတ်ရမလဲဆိုတဲ့ အခက်အခဲတစ်ခုပေါ့” ဟုထိုကုမ္ပဏီများ၏ ဝန်ဆောင်မှုကို သုံးစွဲနေသည့် ထိုအမျိုးသားက ပြောသည်။
Perfect Money သည် မြန်မာလိပ်စာဖြင့် ငွေပေးချေမှု အကောင့်သစ် ဖွင့်လှစ်ခွင့်မပြုတော့သည့်အပြင် အကောင့်ဟောင်းများကိုလည်း နိုဝင်ဘာ ၁၉ ရက်တွင် ပိတ်သိမ်းသွားမည်၊ အကောင့်များမပိတ်မီ လက်ကျန်ငွေထုတ်ယူရန် ရက် ၃၀ အချိန်ပေးမည်ဟု အသိပေးထားသည်။
ထို့အတူ Payoneer သည်လည်း မြန်မာနိုင်ငံသားများကို အကောင့်သစ်ဖွင့်ခွင့် ပိတ်ပင်လိုက်သလို ဝန်ဆောင်မှုရနိုင်သည့် ဒေသထဲတွင် မြန်မာကိုပယ်ဖျက်မည်ဟု သိရှိထားကြောင်း အထက်ပါ
နေပြည်တော်ဒေသခံကပြောသည်။ အကောင့်ဟောင်းများကို ပိတ်သိမ်းမှုရှိမရှိနှင့်ပတ်သက်၍ မသိရသေးပေ။
TikTok လူမှုကွန်ရက်တွင် လူကြည့်များသည့် ရုပ်သံများဖန်တီးကာ ဝင်ငွေရှာနိုင်သည်၊ ယခင်က ထိုဝင်ငွေကို Payoneer အကောင့်ဖြင့် လက်ခံနိုင်ခဲ့သော်လည်း ယခုအခါ ထိုအကောင့် ဖွင့်ခွင့်မရှိတော့သဖြင့် အခက်ကြုံနေသည်ဟုလည်း Payoneer ကုမ္ပဏီ၏ ဝန်ဆောင်မှုကိုသုံးနေသူ နေပြည်တော် ဒေသခံက ဆိုသည်။
“မြန်မာကိုတော့ TikTok က ပိုက်ဆံမပေးဘူး။ ဒါပေမယ့် ဂျပန်တို့၊ USA တို့နဲ့ ဖွင့်ကြတာပေါ့။ ဖွင့်ပြီးတော့ ကကြ၊ ခုန်ကြ လုပ်ကြတာပေါ့။ အဲ့ဒီကနေ အနည်းဆုံး လိုအပ်တဲ့ Views တွေ (ကြည့်ရှုသည့်အရေအတွက်)၊ Followers တွေ (ပရိသတ်အရေအတွက်) ပြည့်ရင် ပိုက်ဆံပေးတယ်။ ပိုက်ဆံ ထုတ်မယ်ဆိုရင် Payoneer ထုတ်လို့ရတယ်။ Payoneer က အခု အကောင့် လျှောက်ခွင့်ပိတ်သွားပြီ” ဟု သူက ပြောသည်။
လန်ဒန်အခြေစိုက် ငွေပေးချေမှုကုမ္ပဏီတစ်ခုဖြစ်သည့်
Wise သည် ၂၀၂၂ ဩဂုတ်လကတည်းက မြန်မာအတွက် ဝန်ဆောင်မှုများကို ရပ်ဆိုင်းခဲ့သည်။ အခြားငွေပေးချေပလက်ဖောင်းတစ်ခုဖြစ်သည့် အမေရိကန် PayPel ကလည်း မြန်မာနိုင်ငံတွင် နေထိုင်သူများကို အကောင့်ဖွင့်ခွင့် ပြုမထားပေ။
စစ်တပ်အာဏာမသိမ်းမီက ပြည်တွင်းဘဏ်များက ထုတ်ဝေသည့် နိုင်ငံတကာငွေပေးချေကတ်များဖြင့် ငွေလက်ခံနိုင်ခဲ့သော်လည်းယခုအခါ အဆင်မပြေတော့ကြောင်း၊ ကြားခံငွေပေးချေပလက်ဖောင်းများ၊ နိုင်ငံခြားဘဏ်အကောင့်ရှိသူများသာ အဆင်ပြေကြောင်း အလွတ်တမ်းအလုပ်အကိုင် ဝက်ဆိုက်များတွင် ဝင်ငွေရှာနေသူများက ဆိုသည်။
ဝင်ငွေလမ်းကြောင်းပိတ်ခြင်းဖြစ်၍ အွန်လိုင်းမှ ဝင်ငွေရှာသူများကို ပြည်ပထွက်ရမည့် သဘောဖြစ်နေကြောင်း ရန်ကုန်မြို့မှ အွန်လိုင်းမှ ဝင်ငွေရှာရန်စီစဉ်နေသည့် ဂရပ်ဖစ်ဒီဇိုင်းရေးဆွဲသူတစ်ဦးက ဆိုသည်။
“Youtube channel တော့ ဖွင့်ထားတယ်။ မစသေးဘူး။ ပြီးတော့ freelance website မှာ အလုပ်လုပ်ဖို့ လျှောက်ထားတယ်။ နောက်ပိုင်းပိုက်ဆံယူရင် နိုင်ငံခြားဘဏ်တစ်ခုခုနဲ့မှ ရမယ်ပြောတယ်” ဟု ၎င်းက ဆိုသည်။
ငွေပေးချေမှုခက်ခဲသည့်အပြင် လူမှုကွန်ရက်မှ ငွေရှာဖွေရာတွင် မြန်မာနိုင်ငံတွင် နေထိုင်သူဖြစ်ပါက အခြားနိုင်ငံများထက် ဝင်ငွေလျှော့၍ပေးခြင်းကြောင့် နာမည်ကြီး Blogger များ ပြည်ပသို့ ပြောင်းရွှေ့ကြကြောင်း ၎င်းက ပြောသည်။
စစ်တပ်အာဏာသိမ်းမှုကြောင့် အလုပ်အကိုင်အခွင့်လမ်းရှားပါးပြီး အကျပ်တည်းမျိုးစုံကြုံနေရချိန် အင်တာနက်မှတစ်ဆင့်နိုင်ငံခြားငွေရှာဖွေနိုင်သည့် လမ်းကြောင်းများမှာလည်း ပိတ်ဆို့မှုများကြောင့် ခက်ခဲနေသည်ဟုလည်း သူက ဆိုသည်။
ပြည်သူလူထုအပေါ် အရက်စက်ဆုံးစစ်ပွဲဆင်နွဲနေသည့် စစ်ကောင်စီထံ လက်နက်ခဲယမ်းမရောင်းချရန်၊ ဘဏ္ဍာရေးပိတ်ဆို့ရန် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများက အရေးယူ ကန့်သတ်ထားသည်။
နိုင်ငံခြားငွေနှင့် ပတ်သက်၍ အခရာအကျဆုံးဖြစ်သည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှု နှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို အရေးယူကြောင်း အမေရိကန်အစိုးရက ဇွန် ၁၂ တွင် ကြေညာခဲ့သည်။
ထို့အပြင် မြန်မာကို နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (FATF) ၏ အမည်ပျက်စာရင်းတွင် ထည့်သွင်းထားသည်။ ထို့ကြောင့် မြန်မာနှင့်ဆိုင်သည့် ငွေကြေးလွှဲပြောင်းမှုများကို နိုင်ငံတကာဘဏ်များက တင်းတင်း ကျပ်ကျပ် စစ်ဆေးမှုများပြုလုပ်လာသည်။ ထိုင်းအပါဝင် ပြည်ပရောက်မြန်မာနိုင်ငံသာများအနေဖြင့် ဘဏ်စာရင်းဖွင့်ရာတွင် လွယ်လွယ်ကူကူဖွင့်ခွင့်မရသည့် ပြဿနာများလည်းကြုံနေရသည်။