ylliX - Online Advertising Network
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဘုရားဒကာကြီးရဲ့ကောင်းမှုတော်များ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း – ဘုရားဒကာကြီးရဲ့ကောင်းမှုတော်များ


(မိုးမခ) နိုဝင်ဘာ ၆ ၊ ၂၀၂၄

ရှေးဘုရင်များ အသက်အရွယ်ရလာ၊ ကံတော်ကုန်ခါနီးလာတော့ရင် ကောင်းမှုတော်စာရင်းတွေ ဖတ်ဖတ်ပြခိုင်းသတဲ့။ ဘဝင်မြူးအောင်တို့၊ ဘဝကူးကောင်းအောင်တို့ ဖြစ်မှာပေါ့။

ဒို့ ဘုရားဒကာကြီးရဲ့ ကောင်းမှုတွေ ဖတ်ပြဖို့တော့ မလွယ်လောက်ပေဘူး။ သူ့သက်တမ်းအတွင်း ပြီးဆုံးအောင် ရွှေနားပန်ဆင်နိုင်မယ် မထင်ဘူး။ ခုက သူတရုတ်မသွားခင် မှီသလောက်လေး ဖတ်ပြတာပါ။ ပြန်ရောက် မရောက်ကလဲ မသေချာတော့ ဘဝကူးကောင်းအောင်ပေါ့လေ။

သူကကျ သူများလက်ထဲက အာဏာ သေနတ်ပြသိမ်းပြီး သူ့မကျေနပ်လို့ဆန္ဒပြတော့ ခေါင်းပစ်တယ်။ အဲလေ ခေတ်ပြောင်းတယ်ပေါ့လေ။ ဒါ ပထမဆုံးကောင်းမှူတော်။ 

နောက်တော့ နေ့တိုင်းလိုလို လေယဉ်နဲ့ဗုံးကြဲတယ်၊ ပြီးတော့ ဗုံးခိုကျင်း မတူးရအမိန့်ထုတ်တယ်။ ဇီဝိတဒါနပြုပုံဆန်းကျယ်တယ်နော်။ သူ့အသက်တော့မဟုတ်၊ သူများအသက်စွန့်ခိုင်းတာ။ ဘုရားဒကာဆန်ချက်တော့။

စစ်ကြောင်းထိုးတယ်၊ ကလေးအမေနဲ့ အမယ်အိုကအစ လူသားဒိုင်းလုပ်ဖို့ ပစ္စည်းသယ်ဖို့ ထမင်းချက်ဖို့ ဖမ်းခေါ်သွားတယ်။ ကဲ ဘယ်လောက် စစ်သားပီသလဲ။

စာသင်ကျောင်းကလေးတွေကပေါ်  ပေါင်ငါးရာဗုံးကြဲတယ်၊ သူ့မြေးအရွယ်ကလေးတွေကို ရဟတ်ယဉ်ကနေ စက်သေနတ်နဲ့ လိုက်ပစ်တယ်။ တကယ့်သတ္တိရှင်တွေပါ။ အဲဒါကြောင့် အဲဒီကောင်တွေကို သီဟ သူရဘွဲ့တွေ စွန့်ကြဲပေးကမ်းတာလေ။

ဆေးရုံဗုံးကြဲတဲ့နေရာမှာတော့ စစ်တပ်က သုံ့ပန်းတွေကုပေးတဲ့နေရာဆိုရင် အထူးပစ်မှတ်ထားပြီးတော့တောင် ကြဲတယ်။ ဘာ့လို့ဆို သူ့အတွက် အသက်ပေးမတိုက်ရဲတဲ့ကောင်တွေကို တဖက်လူတွေဆီမှာတောင် ဝန်ထုတ်ဝန်ပိုး အဖြစ်မခံဘူးဆိုတဲ့ဘုရားဒကာစိတ်ဓာတ်တဖြတ်။ လက်နက်ချပြီးပြန်လာတဲ့ကောင်တွေတော့ လူရှေ့သူ့ရှေ့ဗြောင် သတ်ရခက်လို့ထောင်သွင်းပြီးမှ သေဒဏ်ပေးတာနဲ့ အသံတိတ် ညှင်းသတ် မျှင်းသတ်တာပေါ့။

တတိုင်းပြည်လုံးကိုလဲ ဆေးဖြတ်ပြီး မျှင်းသတ်တယ်၊ အနာရောဂါထူပြော ဆေးယဥ်ပိုးတွေကူးစက် နောင် တိုင်းပြည်အမောဖောက် အသက်ထွက်အောင် တခါတည်းစီမံထားခဲ့တာပေါ့။ အဲ ဆေးပြားတော့ ရှယ် ဖြန့်တယ်။ တပ်တွင်းတပ်ပြင် ပြည်တွင်းပြည်ပ မလပ်စေရ ပေးဝေငှပါတယ်။

ဆီဖြတ်တယ်၊ အလုပ်အကိုင် အသွားအလာတွေ အကုန်ရပ်သွားအောင် ကုန်စည်ကူးသန်း‌ ရောင်းဝယ်မှုရပ်တန့်သွားအောင် လုပ်တယ်။ ဒါလောက်တင်ဆို ဘာစာဖွဲ့စရာရှိမလဲ။ စိုက်ပျိုးရေးလုပ်မရအောင် စစ်ကြောင်းထိုးရင်း အိုးအိမ်နဲ့ လယ်ယာသုံးပစ္စည်းတွေ မျိုးစေ့တွေကို မီးတိုက်ဖျက်ဆီးတယ်၊ ဆည်က ရေလွှတ်ချပြီး စိုက်ပြီးသားပျက်အောင်ဖျက်တယ်။ စိုက်ပျိုးရေးနဲ့ခေတ်မီနိုင်ငံထောင်တဲ့တကွက်ပေါ့လေ။

မီးဖြတ်ပြီးကုန်ထုပ်လုပ်မှုရပ်တန့်အောင် မြို့ပြလူနေမှုကျပ်တည်းခက်ခဲအောင်လုပ်တယ်။ လူငယ်လူရွယ်တွေကို တိုင်းပြည်အပြင်ရောက်အောင်မောင်းထုတ်ပြီးလုပ်ခလစာ ပြန်လွှဲခိုင်းတယ်။ အဲဒီကရတဲ့ငွေနဲ့ အဲဒီလူတွေရဲ့ရွာတွေကိုမီးတိုက် သူတို့မိဘဘိုးဘွားညီကို‌မောင်နှမ ဦးကြီးဦးလေး ဆွေမျိုးမိတ်ဆွေမှန်သမျှ သတ်ဖြတ်ပေးတယ်။ မုဒိမ်းကျင့်ပေးတယ်။ 

ကျန်သူကို စစ်ထဲအဓမ္မဆွဲခေါ်တယ်၊ အလုပ်ရုံထဲကနေ ဆွဲထုတ်ပြီး ပြည်သူချင်းသတ်ခိုင်းတယ်၊ စစ်ပညာတပတ်ဆယ်ရက်သင်ပြီး မူးယစ်ဆေးပြားကျွေး ရှေ့တန်းလွှတ်ပြီး ဒိုင်းကာလုပ် သက်သက်အသေခံခိုင်းတယ်။ သားပျောက်လူအိုတွေပေါ်အောင်လုပ်ရင်း မုဆိုးမတွေ ဖတဆိုးတွေမွေးထုတ် တဆက်တည်း ဒုက္ခိတတွေပါဖန်တည်း တိုင်းပြည်ကြီးသာယာလှပစေအောင် စွမ်းဆောင်မှုတွေပေါ့။ ပိုသာယာလှပချမ်းမြအောင် မွေးထားတဲ့သူခိုးဓမြနဲ့အားမရလို့ ထောင်ထဲက သူခိုးဓမြတွေပါဆွဲထုတ်၊ အဲဒီအစား လူကောင်းတွေ ထောင်ထဲသွင်းကာ နေ့ညမရွေး ခိုးချင်းလားခိုး လုချင်လားလု တိုက်ချင်လားတိုက် သတ်ချင်လားသတ် အခွန်ဓမြရော ခိုးသားဓမြရော လူပြန်ပေးရော အနိုင်ကျင့်ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တာရောနဲ့ ဟော တိုင်းပြည်တဝှမ်း စိတ်ဝမ်းချမ်းသာ ပန်းပေါင်းစုံပွင့်စေတဲ့ဥယျဉ်မှုးကြီး မိတ်ကပ်လှိုင်လှိုင်ပါ။

ဗုဒ္ဓဘာသာကို ခရစ်ယန် အစ္စလမ်တို့နဲ့ ရန်တိုက်တယ်။ ဘာသာရေးနဲ့ရောပြီး ရှမ်းနီနဲ့ ကချင်အုပ်စု၊ ပအိုဝ်းနဲ့ ကရင်နီ၊ ရခိုင်နဲ့ ရိုဟင်ဂျာ တသက်တာမရပ် အပြန်အလှန်သတ်နေအောင် လူမျိုးရေးသွေးထိုးလှုံ့ဆော် သပ်လျှိုသွေးခွဲ စစ်ပွဲလုပ်ခိုင်းတယ်။ ဗမာတော်လှန်ရေးနိုင်ငံရေးအုပ်စုနဲ့  တိုင်းရင်း သား‌တော်လှန်ရေးနိုင်ငံရေးအုပ်စုတွေကြား အမြဲတန်း‌ပြဿနာရှိအောင် ဘက်ပေါင်းစုံက လုပ်တယ်။ ဗမာ ဗမာချင်းကြား ဝင်မွှေတယ်။ ခုဆို သူ့လူတွေ မောင်ဆောင်းခအညာလာမယ်ဆိုတာနဲ့ အလုပ်တွေရ။

အဲဒါ သူမသေခင် အဲလေ တရုတ်မသွားခင် အမြည်းဖတ်ပြတာလေးတချို့ပါ။ အဲဒီမသာခရီးစဉ်ကတော့ ဒုဘဝကနေ ပဖြစ်ချင်တဲ့စိုးဝင်းဂွင်လား။ သန်းရွှေအုပ်စုတွေ လက်သဲပြန်ထုတ်ကြမလား၊ ပရော ဒုရော တရော စရော ချီးထုတ်အဘိုးကြီးငရှုပ်တွေအကုန်ရှင်း တပ်ကို ပြည်သူ့လက်တွင်းပြန်အပ်မယ်ဆိုတဲ့သူတွေအတွက်လား။ ငွေရောင်ပိတ်ကားပေါ်မှာ ဆက်ကြည့်ကြတာပေါ့။

နှုတ်ဆက်လိုက်ပါတယ် ဘုရားဒကာကြီးရေ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *