(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၂၄
စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဥ် အကျိုးသက်ရောက်မှုတွေက ဘာတွေဖြစ်မလဲ
စစ်အာဏာ သိမ်းပြီး ၃ နှစ်ကျော် ၄ နှစ်နီးပါး ရောက်လာချိန်မှာ စစ်အာဏာသိမ်း ခေါင်းဆောင်ဖြစ်သူ မင်းအောင်လှိုင်ရဲ့ ပထမဆုံး တရုတ်ပြည်ကို သွားမယ့် ခရီးစဥ်က ထူးခြားတဲ့ ခရီးစဥ်တခုဖြစ်နေတယ် ဆိုတာ အငြင်းပွားဖွယ်မရှိတဲ့ အချက်လို့ဆိုနိုင်ပါတယ်။
စစ်အာဏာသိမ်းပြီးကာစကတည်းက စစ်ကောင်စီ အနေနဲ့ တရုတ်ရဲ့ အပြည့်အဝ ထောက်ခံမှုကို လိုနေတာ ဖုံးကွယ်ထားတဲ့ ကိစ္စတခုတော့မဟုတ်ပါဘူး။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ မြောက်ပိုင်း နယ်စပ်ဒေသတွေက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား ဆက်ဆံရေး၊ နယ်စပ်ကူးလူးဆက်ဆံမှု၊ စစ်လက်နက်ခဲယမ်း ဝယ်ယူမှု သို့မဟုတ် ထောက်ပံ့မှု စတဲ့အရေးကိစ္စတွေ နဲ့ ပတ်သက်ပြီး စစ်တပ်အနေနဲ့ စိတ်မသက်မသာ ဖြစ်တဲ့အနေအထားက ဆယ်စုနှစ် တခုနီးပါး ရှိနေခဲ့တာလည်း ပကတိ အခြေအနေဖြစ်ပေမယ့် အရှေ့အာရှတင်မက ကမ္ဘာမှာ စီးပွားရေးအရ၊ စစ်အင်အားအရ အမေရိကန်ပြည်ထောင်စုကို ပြိုင်လာနိုင်တဲ့ အထိ အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံ၊ ကုလသမဂ္ဂလို နိုင်ငံတကာအဖွဲ့အစည်းမှာ ရပ်တည်ကာကွယ်ပေးနိုင်တဲ့ နိုင်ငံ၊ အိမ်နီးချင်းနိုင်ငံလည်းဖြစ် ကုန်သွယ်မှုအရလည်း ဆက်ဆံနေရတဲ့ နိုင်ငံဖြစ်တဲ့အချက် လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေး ရှုထောင့်တွေကနေ မြန်မာစစ်တပ်ကို ပိတ်ဆို့မှု၊ ဖိအားပေးမှုတွေလုပ်ရင် ရပ်တည်ပေးနိုင်တဲ့ နိုင်ငံအဖြစ်နဲ့ တရုတ်နိုင်ငံကို စစ်တပ်က ရှုမြင်ထားတာ ဖြစ်ပါတယ်။
တဖက်မှာ တရုတ်နိုင်ငံက အကျိုးစီးပွားတွေ ပါဝင်ဆက်စပ်နေပြီး ၄င်းတို့နဲ့ လက်နက်ကိုင် တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ဆက်ဆံ၊ သြဇာရှိတယ်လို့ ယူဆချက်က တရုတ်နိုင်ငံလိုနိုင်ငံရဲ့ နေရာမှာ သံတမန်အရေး၊ စစ်လက်နက်ခဲယမ်း ရောင်းချပေးနိုင်မယ့် ရုရှားနိုင်ငံကို အစားထိုးဖို့ ရည်ရွယ်ချက်လည်း မြန်မာစစ်တပ် ခေါင်းဆောင်တွေထံမှာ ရှိနေခဲ့တာလို့ ဆိုရင် မှားမယ် မထင်ပါဘူး။
စစ်ကောင်စီ အနေနဲ့ နိုင်ငံတကာ သံတမန် အသိုင်းအဝိုင်းမှာ အကာအကွယ်ပေးနိုင်ဖို့ အုပ်စုနဲ့ ဖိအားပေးတာမျိုးမှာ ရပ်တည်ပေးနိုင်ဖို့ အတွက် တရုတ် သို့မဟုတ် ရုရှားလို အင်အားကြီးနိုင်ငံတနိုင်ငံ လိုအပ်တာ အမှန်ပဲဖြစ်ပါတယ်။ ရုရှားနိုင်ငံက ပထဝီအနေအထားအရ ဥရောပနဲ့ အာရှမြောက်ဘက်အခြမ်း မှာရှိတာကြောင့် မြန်မာနဲ့ အနည်းငယ် အလှမ်းဝေးတဲ့ အခြေအနေမှာ တရုတ်နိုင်ငံက မြန်မာအပါအဝင် အရှေ့အာရှ၊ အရှေ့တောင် အာရှနိုင်ငံတွေ နဲ့ အိမ်နီးချင်းနိုင်ငံ ဖြစ်တာကြောင့် လုံခြုံရေးအရ စစ်ရေးပူးပေါင်း ဆောင်ရွက်မှုအရ အရေးပါသလို သြဇာလွှမ်းမိုးမှုလည်း ပိုမိုခံရနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ ရုရှားနဲ့ တရုတ်နိုင်ငံတို့ အကြား ရွေးချယ်ရာမှာ အားနည်းချက် အားသာချက်တွေက ရောနေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး တည်ငြိမ်မှုပျက်ပြားသွားတဲ့ ရှုထောင့်ကကြည့်ရင် အာဏာသိမ်းမှုကို ထောက်ခံအားပေးတဲ့ အနေအထားမျိုး မရှိတာအမှန်ပင် ဖြစ်ပါလိမ့်မယ်။ တဖက်မှာ စစ်တပ်က အာဏာသိမ်းတာ ဖြစ်လို့၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေးချိုးဖောက်မှု တွေကြောင့် ဆိုတာထက် ၂၀၁၁ ကနေ ၂၀၂၁ ခုနှစ်ထိ ဆယ်စုနှစ်တခုဝန်းကျင် တည်ငြိမ်လာတဲ့ မြန်မာနိုင်ငံ အနေအထားကို တရုတ်နိုင်ငံအနေနဲ့လည်း နှစ်ချိုက်သဘောကျပြီး BRI လို ကမ္ဘာ့တပတ် ကုန်သွယ်မှုလမ်းကြောင်း စီမံကိန်းထဲမှာ တစိတ်တပိုင်းပါဝင်တဲ့ မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံရေး စစ်ရေးတည်ငြိမ်မှု ရှိဖို့လိုအပ်တယ်လို့ တရုတ်နိုင်ငံက ခံယူထားတာ ဖြစ်ပါတယ်။
ဒီလို တည်ငြိမ်မှု အခြေအနေ ပျက်ပြားသွားရတာကို တရုတ်နိုင်ငံအနေနဲ့ မလိုလားခြင်းက တရုတ်နဲ့ အာဏာသိမ်းစစ်တပ်တို့ရဲ့ ခပ်ဝေးဝေး ဖြစ်နေတဲ့ ဆက်ဆံရေးရဲ့ အကြောင်းရင်းခံ အချက်တချက် ဖြစ်ပါလိမ့်မယ်။ သို့ပေမယ့် မကြာခင် လတွေအတွင်း မြန်မာနိုင်ငံအတွင်း စစ်ရေး ချိန်ခွင်လျှာ အလှည့်အပြောင်း၊ မြန်မာနိုင်ငံတွင်း လက်နက်ကိုင်အင်အားစုတွေ ရဲ့ သြဇာ၊ နယ်မြေသိမ်းယူမှု အနေအထားတွေ လျင်မြန်စွာ ပြောင်းလဲလာတာတွေက တရုတ်နိုင်ငံကို ၄င်းတို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒ အပြောင်းအလဲ လုပ်ဖို့ နှိုးဆော်သလို ဖြစ်စေခဲ့တာလို့ ကောက်ချက်ချနိုင်ပါတယ်။
စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို ကြိုက်သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ စစ်တပ်ကို နှစ်သက်သည် ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ မြန်မာနိုင်ငံတွင်းက စစ်ရေးစွမ်းဆောင်နိုင်မှု၊ အောင်နိုင်မှုအနေအထား ကြီးကြီးမားမား ပြောင်းလဲလာခြင်းက တစုတစည်းတည်း ရှိနေတဲ့ အာဏာတခုကို ဖြိချနိုင်တော့မယ့်ဆီ ဦးတည်နေတာ၊ တနည်းအားဖြင့် ဆိုရရင် ဗဟိုစစ်အင်အားတခုကို ၄င်းနဲ့ ယှဥ်ပြိုင်တဲ့ တဖွဲ့မကသော တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေက အာဏာခွဲဝေယူကြတော့မယ့် အနေအထားကို တရုတ်နိုင်ငံက မလိုလားတဲ့ အနေအထားလို့ ယူဆရပါတယ်။ ဒီအခြေအနေတွေက အာဏာသိမ်းစစ်တပ်ကို အခွင့်အလမ်း ရအောင် ၄င်းတို့အနေအထားကို ဆက်လက်ထိန်းသိမ်းထားနိုင်အောင် လုပ်ဆောင်ရမယ့် အရာတွေ လုပ်ဖို့ တိုက်တွန်းမှုတွေ၊ ဘာလုပ်ရင် ဘာဖြစ်မယ်ဆိုတဲ့ မူဝါဒလမ်းကြောင်းမှုတွေ စတင်လာခဲ့တာလို့ ဆိုရမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ စစ်ရေးအရ ဝိုင်းဝန်းတိုက်ခိုက်နေမှုတွေကို တတ်နိုင်သမျှ ရပ်တန့်ဖို့ ဖိအားပေးပြီး စစ်တပ်အနေနဲ့ ရွေးကောက်ပွဲကို လုပ်ဖို့ အချိန်ဇယား သတ်မှတ်တာ၊ လက်တွေ့လုပ်ဆောင်တာတွေလုပ်ဖို့ လမ်းကြောင်းဆီ တွန်းအားပေးနေတာလို့ အများက ကောက်ချက်ချကြပါတယ်။
အထက်က အခင်းအကျင်း၊ စဥ်းစားချက်၊ မူဝါဒ အပြောင်းအလဲတွေက အခု မင်းအောင်လှိုင်ရဲ့ တရုတ်ခရီးစဥ် ဖြစ်ပေါ်လာတာလို့ ဆိုရမှာဖြစ်ပါတယ်။ ဒီခရီးစဥ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံရဲ့ ဆက်ဆံရေး နောက်တဆင့် ပိုမိုခိုင်မာအောင် တည်ဆောက်နိုင်ကြမလား၊ သို့မဟုတ် တရုတ်နိုင်ငံက မင်းအောင်လှိုင်ကို ပိုမို ဖိအားပေးပြီး ရွေးကောက်ပွဲ ပိုမိုဆောလျင်စွာလုပ်ဖို့ တိုက်တွန်းမလားဆိုတာလည်း စောင့်ကြည့်ရမယ့် အချက်တချက် ဖြစ်ပါတယ်။
တရုတ်-မြန်မာ နယ်စပ်ဒေသတလျှောက်က တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ စစ်ရေး လှုပ်ရှားမှုနောက်ထပ် တိုက်ခိုက်မှုတွေကို တရုတ်က ဘယ်လောက်ထိ တားဆီးနိုင်မလဲ၊ ဖိအားပေးနိုင်မလဲ ဆိုတဲ့အချက်ကလည်း မကြာခင် လအနည်းငယ်အတွင်း ထင်ရှားလာမယ့် သဘောလို့ဆိုနိုင်ပြီး စစ်ကောင်စီဘက်က တရုတ်နိုင်ငံရဲ့စကား ဘယ်လောက် နားထောင်မလဲဆိုတဲ့ အချက်ကလည်း နောက်ထပ် စောင့်ကြည့်ရမယ့် အရေးပါတဲ့အချက် ဖြစ်ပါတော့တယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar