ylliX - Online Advertising Network
ဒေါ်နယ်ထရန့်၏ ၃ ကြိမ်မြောက် စိန်ခေါ်ပွဲ ဘာရလဒ် ဖြစ်မလဲ

ဒေါ်နယ်ထရန့်၏ ၃ ကြိမ်မြောက် စိန်ခေါ်ပွဲ ဘာရလဒ် ဖြစ်မလဲ


နိုင်ငံတကာသာဂိ (မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၂၄

၂၀၂၄ နိုဝင်ဘာ ၅ ရက်ကို တကမ္ဘာလုံးက ရင်မပြီး စောင့်ကြည့်နေကြပါတယ်။ ဒီနေ့က အမေရိကန်ပစ္စဖိတ်ကမ်းခြေ စံတော်ချိန် နိုဝင်ဘာ ၄၊ ည ၁၀ နာရီ ဖြစ်ပါတယ်။ 

အခုကတည်းက မနက်ဖြန် ဘယ်သူနိုင်ရင် ဘာဖြစ်မလဲဆိုတာကို သတင်းဌာနတွေက အပြိုင်အဆိုင် ဆွေးနွေးသတင်းတင်ဆက်နေကြပါပြီ။

၂၀၁၆ တုန်းက ထရန့်ကို နိုင်လိမ့်မယ် မထင်ခဲ့ကြဘူး။ သူ နိုင်သွားတော့ ဒီမိုကရက်နဲ့ အိုဘားမားတို့က ဣန္ဒြေရရ အာဏာလွှဲပေးခဲ့တယ်။

၂၀၁၆ ကနေ ၂၀၂၀ အထိ အမေရိကန်ပြည်ကြီး ငါးပါးမှောက်တာအပြင် နိုင်ငံတကာပါ သံဃာစင်မှောက်ခဲ့ကြတာပဲ။ သိကြမှာပါ။

၂၀၂၀ မှာ ထရန့် ရွေးကောက်ပွဲရှုံးတော့ အိမ်ဖြူတော်ကနေ အေးအေး မဆင်းသွားဘူး။ ၂၀၂၁ ဇန်နဝါရီ ၆ အရေးအခင်း ဖန်တီးပြီး လွှတ်တော်ကိုစီး အာဏာသိမ်းဖို့ ကြံစည်ခဲ့တယ်။ အာဏာလွှဲရတော့လည်း ဆောင့်ကြီးအောင့်ကြီးနဲ့ ဆင်းပေးခဲ့တာ ထရန့်ပါ။

ဒီတခါ ၂၀၂၄ မှာ စိတ်မကြေပွဲ ထပ်ဆင်နွှဲတဲ့အနေနဲ့ သမ္မတဝင်ပြိုင်ပါတယ်။ ၂၀၂၀ တုန်းက ဘိုင်ဒင်လည်း ဝင်ပြိုင်ရော ထရန့်ဟာ သူ ရှုံးတော့မယ်ဆိုတာ သိခဲ့ပြီးပါပြီ။ ရှုံးမဲမဲတာ အစွမ်းကုန်ပါ။

ခု ၂၀၂၄ မှာ မိုးကျရွှေကိုယ် အုန်းပင်ပေါ်က ဆင်းလာတဲ့ (သူ့အမေအပြော) နဲ့ ကန်မလာဟဲရစ်က ဘိုင်ဒင် နေရာဝင်ပြီး သမ္မတလောင်း ဝင်ပြိုင်မယ်လဲ ဆိုတော့ ထရန့်ဟာ သွေးပျက်သွားပြန်တာပါပဲ။ အခု သူ ပြောနေတာက ၂ ချက် – အစကတည်းက ၂၀၂၀ ကတည်းက အိမ်ဖြူတော်ကနေ မဆင်းပေးခဲ့ရင် ကောင်းမှာတဲ့။ နောက်တချက်ကတော့ သူ ရှုံးရင်လည်း နိုင်ရမယ် ဆိုတာပဲ။ ရှုံးလို့ကတော့ အကုန်လုံး မီးဟုန်းဟုန်းတောက်အောင် လုပ်ပစ်မယ်လို့ သူ့လူတွေကို မဘသတွေ အစိမ်းသရဲတွေ ခွေးဖြူတွေကို မြှောက်ပင့် သွေးထိုးနေလေရဲ့။

၂၀၁၆ သူ နိုင်တုန်းက အမေရိကန်ပြည်ကြီးတခုလုံး တိတ်ဆိတ်သွားတယ်။ ချောက်ချား ငြိမ်သက်သွားတယ်။ ရထားတွေ ဘတ်စ်ကားတွေပေါ်မှာတောင် လူတွေဟာ ငြိမ်ကုပ်သွားကြတယ်။ အဲသည်နေ့ကစပြီး ကိုဗစ်ဖြစ်လို့ လူတွေ တဖြုတ်ဖြုတ် သေကုန်တဲ့အထိ အမေရိကန်ပြည်ဟာ နာလန်ကို မထူတော့ပါဘူး။ နောက် ၂၀၂၀ ထရန့် ရှုံးတော့လည်း လူတွေက ရင်မပြီး ကြည့်နေရတာ ထရန့်များ ဘာတွေ အရူးဇာတ်ခင်းမလဲလို့။ တော်သေးတယ် အာဏာကို လွှဲပေးလိုက်လို့။ အမေရိကန်တပြည်လုံး အုံးအုံးကျွက်ကျွက် ပျော်ကြ သက်မကြီးတွေ ချကြရပါတယ်။

ကဲ သည်တခါ ၂၀၂၄ မှာ ထရန့်နဲ့ သူ့အပေါင်းအပါတွေ တချီတမောင်း အကဲစမ်း စိန်ခေါ်ပွဲ မကြေပွဲ နွှဲကြပြန်ပါပြီ။ နက်ဖြန်ဆို အဖြေပေါ်တော့မှာ ဖြစ်ပါတယ်။ 

အမေရိကန်ပြည်ဟာ ဟစ်တလာတွေ ဖက်ဆစ်တွေ နာဇီတွေ လူဖြူအစွန်းရောက်တွေ လူမျိုးကြီးဝါဒီတွေ ဘာသာရေးခုတုံးလုပ်သူတွေ၏ အသုံးချခံ အမြတ်ထုတ်သွေးစုတ်ခံ တိုင်းပြည်လား၊ ကမ္ဘာက မျှော်ကြည့်ရတဲ့ ဒီမိုကရေစီနိုင်ငံလား ဆိုတာ မှတ်ကျောက်တင် စစ်ဆေးခံရတော့မယ် ဖြစ်ပါတယ်။

အခု လူတွေ ပူပန်နေကြတာက ထရန့်ရှုံးရင် ဘာဖြစ်မလဲ ဆိုတာမဟုတ်ဘူး။ ထရန့်နိုင်ရင် ဘာဖြစ်မလဲ ဆိုတာ ဖြစ်ပါတယ်။ ထရန့် ရှုံးရင် နောက်တရက်မှာ အမေရိကန်တွေနဲ့ ကမ္ဘာနိုင်ငံသားတွေဟာ အိပ်ယာက ထ၊ ပုံမှန် နိစ္စဓူ၀အလုပ်တွေ ပြန်လုပ်ပြီး ဆက်ချီတက်ကြလိမ့်မယ်။ အင်း – ထရန်ံနိုင်သွားရင်တော့ တကမ္ဘာလုံးဟာ နေစရာရှိမှာ မဟုတ်တော့ဘူး။ သူတို့တွေအတွက် အခြားရွေးချယ်စရာ စိတ်ကော ရုပ်ပါ အေးဆေး ပူပန်စရာ မရှိတဲ့ နေရာတို့ အခြေအနေတို့ အပြောင်းအလဲလုပ်ဖို့ စဉ်းစားကြရလိမ့်မယ်။ တဖက်စွန်းရောက်သူတွေ၏ စော်ကားအနိုင်ကျင့် ခြိမ်းခြောက်မှုတွေ ရန်စမှုတွေကို ရင်ဆိုင် တွန်းလှန်ဖို့ အားမွေး ပြင်ဆင်ကြရလိမ့်မယ်။

အသက်ကြီးသူတွေကတော့ စောစော ပင်စင်ယူ အနားယူကြဖို့ စဉ်းစားပြီး၊ အသက်အရွယ် အားကောင်းမောင်းသန်တွေကတော့ နောက်တကြိမ်ပေးအုံးမယ် ထရန့်ဒုက္ခတွေ တွန်းလှန်ဖို့ လှုပ်ရှားကြလိမ့်မယ်။ သတင်းမီဒီယာတွေကတော့ ရှေ့နေကောင်းကောင်းတွေ ရှာပြီး ကာကွယ်ဖို့ ပြန်လှန် တိုက်ခိုက်ဖို့ ပြင်ဆင်ကြမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီဟာ နောက်တကြိမ် အလုပ်ကြံခံရတာဖြစ်တဲ့အတွက် အဲသည်ကနေ ရုန်းထ ပြန်ရှင်သန်ဖို့ ပြန်ကြိုးစားကြရမှာ ဖြစ်ပါတယ်။

အစွန်းရောက်အာဏာရှင်နိုင်ငံတွေဖြစ်တဲ့ ရုရှား၊ မြောက်ကိုရီးယား၊ အရှေ့အလယ်ပိုင်းတိုင်းပြည်များ၊ တရုတ်နဲ့ မိတ်ဖက်တွေကတော့ လွတ်လပ်ခွင့် တရားမျှတမှု ထုတ်ဖော်ပြောဆိုခွင့်တွေ ဆုံးရှုံးသွားတဲ့ သူတို့ ပြည်သူတွေရဲ့ စာရင်းနောက်တိုးအနေနဲ့ အမေရိကန်ပြည်သူတွေကို ထည့်သွင်းကြလိမ့်မယ်။

အိုဘားမားတို့ ဒီမိုကရက်တွေ ရွေးကောက်ပွဲတွေမှာ အကြိမ်ကြိမ် ရှုံးခဲ့ဖူးကြတယ်။ လွှတ်တော်မှာလည်း အကြိမ်ကြိမ် အဆိုတွေ အရေးနိမ့်ခဲ့ကြဖူးတယ်။ အိုဘားမားတို့ကတော့ ပြည်သူတွေကို နိုးကြားဖို့ လှုပ်ရှားဖို့ ထပ်မံကြိုးစားကြဖို့ လှုံ့ဆော်စည်းရုံးလေ့ရှိတယ်။ ရီပတ်ဘလစ်ကန်နဲ့ ထရန့်တို့ကတော့ သူတို့ ရှုံးတိုင်း သူများတွေကို အပြစ်တင်ကြပြီး သူတို့တွေ မတရားအလုပ်ခံရတာမို့ ပြန်လှန် အကြမ်းဖက်ကြဖို့ ရန်စကြဖို့သာ သွေးထိုးလေ့ ရှိပါတယ်။

ကဲ သည်တခါ ထရန့်၏ ၃ ကြိမ်မြောက် မရှုံးမချင်း ပြိုင်ပွဲက ဘာရလဒ် ဖြစ်လာမလဲ။ နောက်တခါ သူ့ကို ဘယ်သူမှ မမြင်ချင်တော့တာကတော့ သေချာပါတယ်။ သည်တခါဆို တော်ပြီပေါ့ကွာ။ သူ အနားယူဖို့ သင့်နေပါပြီ။ ရီပတ်ဘလစ်ကန်တွေကလည်း အသက် ၈ဝ နားနီးနေတဲ့ အဘိုးကြီးကို အိမ်ပြန်ခိုင်းလိုက်ပါတော့ဗျာ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *