(မိုးမခ) နိုဝင်ဘာ ၅ ၊ ၂၀၂၄
ဖိုးသား ဆိုတာ နာမ်စားပါ
အညာက ဦးအောင်ဇေယျမြေကို အခြေချတော့
ဖိုးသား ဆိုတဲ့အခေါ်နဲ့ ရင်းနှီးသိလာခဲ့တယ်
ချစ်စနိုးနဲ့ သိပ်လှတဲ့ နာမလေးပေါ့
ဖိုးသားဟာ ကြီးလာတဲ့အထိ ဖိုးသားပါပဲ
အဲဒီချိန်တုန်းက ခါးတောင်းကျိုက် ဝိုင်းခြင်းခတ်ကောင်းတုန်း
ချောင်းထဲ မြောင်းထဲ ငါးနှိုက်ကောင်းတုန်း
မန်ကျည်းပင်ပေါ်တက် ရွက်နု ခူးကြတုန်း
အညာနွေရဲ့ တမာနံ့လေး သိပ်လွမ်းစရာပဲ
အညာရဲ့နွေညနေဟာ
လေနီကြမ်းတွေ တိုက်တတ်တယ် ….
အညာဟာ ပူပူအိုက်အိုက်နဲ့
စပါးတွေ စိုက်နေခဲ့တယ် …..
ဖိုးသားဟာ အိမ်ရဲ့ အချစ်တော်
နုနု ထွေးထွေးလေး
သူဟာ နို့ညှာလေးပေတဲ့
သူ့နာမည်က ဖိုးသားတဲ့
ခုချိန်ထိ ဖိုးသားပါပဲ
ဖိုးသားဟာ ဆယ်တန်းရောက်ခဲ့ရဲ့လား
သေချာမမှတ်မိခင်
ဖိုးသားဟာ တောခိုခဲ့တယ်
တောခိုတယ်ဆိုတာ အလျင်ကလို
ဟူးကောင်းတောင်ကြောထဲ
ပဲခူးရိုးမထဲ သွားရတာ မဟုတ်
ကိုယ့် အညာဒေသတင် တောခိုရတယ်
ကမ္ဘာဟာ သိပ်ပွင့်လင်းလာတော့
တောခိုခြင်းဟာ
အသိတရားရဲ့ နက်နဲခြင်းကို ပြသတာတဲ့
ဉာဏ်ပညာ နဲ့ လူသားဆန်ခြင်းဟာ
သူပုန်စိတ်ဓာတ် မွေးဖွားပေးခဲ့တယ် ….
စစ်မိစ္ဆာဟာ
လူတွေကို ဝါးမျိုနေခဲ့တယ်
လက်နက်ဟာ လူတွေကို အုပ်စိုးဖို့ ကြိုးစားတယ်
အသည်းနှလုံးသားဟာ
ကျည်ဆန်ကြားကနေ ရုန်းထွက်လာတယ်
မသေမျိုးတွေလို
ဖိုးသားဟာ မသေမျိုးလိုမျိုး
မြင်းပျိုတကောင်လို မရပ်မနား ပြေးလွှားခဲ့တယ်
အညာမြေဟာ သွေးနဲ့ချွေးနဲ့ အသက်နဲ့
မှတ်တိုင်ထူရာ အောင်မြေဖြစ်ခဲ့
ဦးအောင်ဇေယျရဲ့ ထန်းလုံးကာတပ်ဟာ
မြန်မာပြည်ကို ခြုံလွှမ်းခဲ့သလိုမျိုး
အညာသွေးဟာ
တနိုင်ငံလုံးကို ရဲရဲနီစေခဲ့တယ်
အဲဒီချိန်တုန်းက တူမီးကို
လက်တည့်စမ်း ထုတ်လုပ်ခဲ့ကြတယ်
များမကြာမီ
ဖိုးသားဟာ
သေနတ်ထမ်းပြီး အိမ်ပြန်လာတယ်
တရွာလုံး ကျွတ်ညံနေခဲ့တယ်
ငိုသူငို အော်သူအော်
တနယ်လုံး စစ်မိစ္ဆာကို မောင်းထုတ်ခဲ့ကြတယ်
ဖိုးသားရဲ့မောင်းပြန်ဟာ သံချေးအထပ်ထပ်နဲ့
အရောင်လွင့်နေခဲ့ပြီ ….
ဖိုးသားဟာ ခု ထိ ဖိုးသားပါပဲ
ငါတို့မှာ ဖိုးသားတွေ အိမ်တိုင်းမှာ ရှိတယ်
တို့အညာမှာ ဖိုးသားတွေမှ တပုံကြီး ……
ဆလိုင်းဇုန်
၁/၁၁/၂၀၂၄
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar