(မိုးမခ) နိုဝင်ဘာ ၄ ၊ ၂၀၂၄
မှန်တဲ့စကားတခွန်း
တစွန်းတစ မဟလိုက်လေနဲ့
ကွန်မြူနစ် တံဆိပ်ကပ်
အရပ်နဲ့ လှည့်တိုက်မယ်။
တင်မိုး
ကွန်မြူနစ်ဆန့်ကျင်ရေးလူကြီးမင်းများကဗျာမှ ….
လတ်တလော ဖေ့စ်ဘွတ်ခ်မှာ ကွန်မြူနစ်လူမျိုးတွေလို့ ပြောနေတဲ့ အင်တာဗျူး တွေ့တယ်။ ကွန်မြူနစ် Communist ဟာ လူမျိုးမဟုတ်ပါ။ ဝါဒ စနစ် တခုသာ ဖြစ်တယ်။ ကွန်မြူနစ်ဝါဒ (သို့) ငွေကြေးမဲ့လူစုဝါဒ Communism ဆိုတာဟာ အရင်းရှင်တို့ရဲ့ အမြတ်ထုတ်မြဲ အုပ်စိုးမှု၊ အလုပ်သမား လူတန်းစားရဲ့ လုံးပါးပါးမှု သဘောအခြင်းအရာတို့ကို ဆန့်ကျင်တိုက်ဖျက်ကာ လူတန်းစားအလွှာလွှာ ခွဲခြားမှုကင်းမဲ့ (တာမို့ အရင်းရှင်လည်း ကင်းမဲ့သွား) တဲ့၊ တကမ္ဘာလုံး အတိုင်းအတာနဲ့ တတ်နိုင်လျှင် နောက်ဆုံးမှာ ငွေကြေးသဘောကိုပင် လူ့ဘောင်မှ ပယ်စွန့်ပြီး လူတိုင်း လုပ်အားထည့်ဝေ မျှတမှုနဲ့ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်းကြီး ရည်မှန်းသည့် ဝါဒဖော်ရေး၊ လူမှုရေး အယူအဆစုများ ဖြစ်ပါတယ်။
ခုနက အင်တာဗျူးမှာ ရုပ်ရှင်သရုပ်ဆောင် အမျိုးသားက ကွန်မြူနစ်လူမျိုးတွေဟာ ဘာသာမဲ့ ကိုးကွယ်မှုမဲ့သူတွေသာ ဖြစ်တယ်လို့ ပက်ပက်စက်စက် ဗဟုသုတနည်းပါးလွန်းစွာနဲ့ ပြောသွားပါတယ်။ တကယ်တမ်းက ကွန်မြူနစ်ဟာ ဘာသာမဲ့မဟုတ်ပါ။ ဗုဒ္ဓရဲ့ သံဃာအဖွဲ့အစည်း ‘သံဃိက’ ဆိုတဲ့သဘောပါပဲလို့တောင် ခိုင်းနှိုင်းကြပါတယ်။
‘သမာသမဂ္ဂဝါဒ’ ကျမ်းပြုသူ အရှင်ဥက္ကဋ္ဌ ဆရာတော်က ‘သမာသမဂ္ဂဝါဒ’ လို့ ဘာသာပြန်ထားပါတယ်။ မြေယာနဲ့ အရင်းအနှီး ပစ္စည်းဥစ္စာတွေကို ဘုံပစ္စည်းအဖြစ်ထား စုပေါင်းလုပ်ကိုင်၊ ထိုမှ ဖြစ်ထွန်းလာတဲ့ အကျိုးကျေးဇူးများကို မျှတစွာ ဝေငှစားသုံးသည့် နေထိုင်မှုစနစ်မှာ ကမ္ဘာဦးလူတို့ လူ့သမဂ္ဂ (ဝါ) အစုအဖွဲနှင့် နေတတ်လာသည့်အခါကပင် ပေါ်ပေါက်လာဟန်တူသည်။ ထိုနောက်မှ ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်ခြင်းနှင့် တဦးချင်းစီ ကိုယ်ကျိုးရှာခြင်းတို့သည် လူတို့၏ လောဘ၊ ဒေါသ၊ မောဟအလျောက် ပေါ်ပေါက်လာဟန် တူသည်။ ထိုဘုံဝါဒမျိုးမှာ လူ့သမိုင်းတလျှောက်တွင် ရံဖန်ရံခါ ပေါ်လာခဲ့၍ လိုက်နာကျင့်သုံးသူ လူစုများလည်း ရှိခဲ့သည်။ ရှေးဦးခရစ်ယာန် အယူဝါဒီတို့တွင် ဘုံဝါဒကို ကျင့်သုံးခဲ့သည်။ ဥရောပ အလယ်ခေတ်တွင် ထွန်းကားခဲ့သည့် ခရစ်ယာန် ဘုန်းကြီးကျောင်းများတွင် ဘုံဝါဒစနစ်အတိုင်း နေထိုင်ကြသည်။ ဗုဒ္ဓအယူဝါဒအရ သံဃာအဖွဲ့အစည်း၌ ‘သံဃိက’ ဟူသော သဘောရှိပုံနှင့် နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။
ဒီလူကြီးတွေ…. ဒီလူကြီးတွေ…
သွားရေတွေ တမြားမြား
လူသားစား ကျားပါးစပ်နဲ့
အရပ်မှာ “ဗျိုး” ဟစ်ပြီး
“ကွန်မြူနစ်ဆန့်ကျင်ရေး” တဲ့
အရေးပါတဲ့ ဒီဆောင်ပုဒ်နဲ့
လုပ်စားပေါင်းများခဲ့ပြီ။
တင်မိုး
ကွန်မြူနစ်ဆန့်ကျင်ရေးလူကြီးမင်းများကဗျာမှ ….
ကွန်မြူနစ်ကြောက်ရောဂါ
ကွန်မြူနစ်ကြောက်ရောဂါဟာ မြန်မာစစ်အာဏာရှင်တွေ ခေါင်းထဲမှာ စွဲနေတဲ့ ရောဂါတခုပေါ့။ စစ်တပ်နဲ့ ပေါင်းစားနေသူတွေ၊ စစ်တပ်ကို အသုံးချပြီး နိုင်ငံရေး စီးပွားရေး လုပ်စားသူတွေမှာလည်း ဒီရောဂါက သားစဉ်မြေးဆက်အထိ စွဲနေပါပြီ။ သမိုင်းသုတေသန ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာထားထားပါ က ၈၈၈၈ သမိုင်းအတွက် စစ်တပ်ဘက်ကို အင်တာဗျူးတွေ သွားလုပ်ခဲ့ဖူးသတဲ့။ ဗိုလ်မှူးကြီးစန်းပွင့် အစရှိတဲ့ စစ်ခေါင်းဆောင်တွေက မင်းကိုနိုင် စတဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ ဖျာပုံနီလုံဦး စတဲ့ NLD ခေါင်းဆောင်တွေဟာ ကွန်မြူနစ်တွေလို့ ပြောသတဲ့။ ကွန်မြူနစ်ကြောက်ရောဂါ စွဲကပ်နေလိုက်ပုံများဗျာ။ တကယ်တော့ စစ်တပ်မှ မဟုတ်ပါဘူး။ စစ်တပ်နဲ့ ပေါင်းစားလိုသူတွေကလည်း (စစ်အာဏာရှင်ထက် ပိုဆိုး ပိုမိုက်စွာ) ကွန်မြူနစ်ကြောက်ရောဂါရှိသူတွေပါပဲ။
ဦးနုရဲ့ ပြည်ချစ်ပါတီ ခေါင်းဆောင်တချို့ဟာလည်း မင်းကိုနိုင် စတဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ ဖျာပုံနီလုံဦး စတဲ့ NLD ခေါင်းဆောင်တွေဟာ ကွန်မြူနစ်တွေလို့ ပြောနေတာကို ကျနော် ကြားခဲ့ဖူးပါတယ်။ ထင်ရှားတဲ့ သက်သေဆိုရင် ဦးသန့်အရေးအခင်း အကြောင်း ဓာတ်ပုံမှတ်တမ်းနဲ့ ဆောင်းပါးများ စာအုပ်မှာ တွေ့နိုင်ပါတယ်။ ဆောင်းပါးရှင် အသီးသီးက ဦးသန့်အရေးအခင်း အတွေ့အကြုံတွေကို ဝေဝေဆာဆာ ရေးခဲ့ကြတာ တွေ့ရပါတယ်။ ဖတ်ရပါတယ်။ ဒါပေမဲ့ ကွန်မြူနစ်ဆန့်ကျင်သူ ဦးကျော်ငြိမ်းမျိုးဆက် ဘိုဘိုကျော်ငြိမ်း၊ ထွန်းကျော်ငြိမ်း တို့ရဲ့ ဆောင်းပါး ၂ ပုဒ်ကတော့ ဦးသန့်အရေးထက် ကွန်မြူနစ် ဆန့်ကျင်ရေးကိုသာ ဇောင်းပေးရေးထားတာပါ။ ပိုဆိုးတာက ကွန်မြူနစ်ဆရာကြီး သခင်ကိုယ်တော်မှိုင်းကြီးရဲ့ တပည့် တင်မိုး၊ မောင်စွမ်းရည်၊ မောင်သာနိုး၊ ကြည်အောင် စတဲ့ မန္တလေးတက္ကသိုလ်ထွက် ကွန်မြူနစ်တွေဆိုပြီး ရေးထားတာပါ။ အခုက မှတ်မိသလောက် ပြန်ရေးတာပါ။ သူ့ဆောင်းပါးထဲမှာ မဆီမဆိုင် ဆိုးဆိုးဝါးဝါး အပုပ်ချထားခဲ့တာပါ။ လတ်တလော ဖေ့စ်ဘုတ်တွေ့ ရုပ်ရှင်သရုပ်ဆောင် အမျိုးသား၊ ပြည်ချစ်ပါတီ ခေါင်းဆောင်တချို့၊ ဦးသန့်အရေးအခင်းစာအုပ်ပါ ကွန်မြူနစ် ဆန့်ကျင်ရေးခဲ့သူတွေဟာ စစ်အာဏာရှင်ထက် ပိုဆိုး ပိုမိုက်သောသူတွေလို့ ကျနော် ယူဆပါတယ်။
ကွန်မြူနစ်တွေဆိုတာ
ဘုရားမရှိ တရားမသိ
အမှားအတိနဲ့
အလကားငတိတွေ ထင်အောင်
တွင်တွင်ကြီး ဝါဒဖြန့်
ကွန်မြူနစ်တစ္ဆေနဲ့လှန့်
ရွာအနှံ့ ရပ်အနှံ့ မောင်းထု
ပြည်သူကိုတော့ ထောင်းထုပြီး
မကောင်းမှုမှာ သရဖူဆောင်း
သူရဲကောင်းကြီး ဟန်ပန်လုပ်
အာဏာကို အချောင်အုပ်ကြတယ်။
ပုပ်လိုက်တဲ့ သမိုင်း
ယုတ်ပတ်တဲ့ အကြံရိုင်းပေပ ။
တင်မိုး
ကွန်မြူနစ်ဆန့်ကျင်ရေးလူကြီးမင်းများကဗျာမှ ….
ဒါက ကွန်မြူနစ်ကို မကောင်းပြောပြီး အပုပ်ချပြီး ဘာသာရေးနဲ့ ဆန့်ကျင်သယောင် လိမ်ညာ ဝါဒဖြန့်ပြီး လုပ်စားနေကြတဲ့ အစိုးရတွေ စစ်အာဏာရှင်တွေနဲ့ လုပ်စား ပေါင်းစားသူတွေကိစ္စ ဖြစ်ပါတယ်။ ကွန်မြူနစ်ဝါဒ၊ ကွန်မြူနစ်အကြောင်း၊ ဗကပ လို့ခေါ်တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ CPB ရဲ့ အကြောင်းတွေကတော့ စာအုပ်စာတမ်းတွေ ထုတ်ဝေပြီး ဖြစ်တာကြောင့် လေ့လာကြည့်ကြနိုင်ပါရဲ့။ အလားတူ အလံနီ ကွန်မြူနစ်ပါတီရဲ့ အကြောင်းတွေကိုလည်း ရှာဖွေ ဖတ်ရှု လေ့လာကြဖို့ ခက်မည်မထင်ပါ။ နောက်ဆက်ပြီး ပြောလိုတာက ဗုဒ္ဓဘာသာ ရဟန်းတချို့ တချို့ အကြောင်းပါ။
ပစ္စည်း၊ မာတု၊ ထိုနှစ်ခု
ဘိက္ခု သေမင်း ဓားနှစ်စင်း။ ။
DVB အသံလွှင့်ရုံး ဗိုလ်တထောင်မှာ ရှိနေစဉ်က ရုံးစောင့်ဝန်ထမ်းတယောက်က ပြောပြခဲ့ဖူးပါတယ်။ သူက ဘုန်းကြီးလူထွက်ပါ။ တွံတေးမြို့နားက ရွာကြီးတရွာက ဘုန်းကြီးကျောင်းမှာ သူနေခဲ့တယ်။ ကျောင်းထိုင်က သိပ်ဆိုးသတဲ့။ ကျောင်းထိုင်ဆရာတော်က စစ်တပ် ကောင်းကြောင်း ကြံ့ဖွတ်ပါတီကို မဲထည့်သင့်ကြောင်းလည်း အမြဲပြောနေတတ်သတဲ့။ အောင်ဆန်းစုကြည်ဘက်ကို မဲထည့်ရင် ဘာသာ သာသနာ ပျောက်ကွယ်မယ်လို့လည်း ပြောသေးသတဲ့။ အလှူ၊ ဆွမ်းကျွေး၊ အသုဘ စသဖြင့် တရားဟောသွားရင် သူချည်းသွားတာ ဆိုပဲ။ တခေါက်သွားရင် တပါးကို အလှူငွေ ၁၀,၀၀၀ ကျပ် ရတာတဲ့။ ၂ ပါး ၃ ပါး ကြွရရင်လည်း နောက်တပါး နှစ်ပါးကို ခေါ်သွားပေမဲ့ ကျောင်းထိုင်က ၅၀၀၀ စီ ဖြတ်ယူတယ်တဲ့။ တကယ်ဆို သူက ငွေပေါပြီးသားပါ။ ကျောင်းထိုင်ဆရာတော်ကို ဗိုလ်ချုပ်တွေ၊ ကြံ့ဖွတ်လူကြီးတွေ၊ ကြံ့ဖွတ် ဝန်ကြီး အမတ်တွေနဲ့ ခရိုနီသူဌေးတွေကလည်း ကျပ် သိန်း ရာ ထောင် သောင်းချီ လာလှူကြသတဲ့။ ကျောင်းထိုင်အခန်းက ကျပ် သိန်း ၅၀၀၀၀ နဲ့ ရွှေတွေကို သူခိုးက ဝင်ခိုးသွားတာတဲ့။ ဒါတောင် ကျောင်းထိုင်ဆရာတော်က မဖြုံဘူးတဲ့။ နောက်ပိုင်း အလှူတွေ ပိုတောင်ရသေးတယ်လို့ ပြောပြပါတယ်။ ပြီးတော့ သူက မဘသ ဆရာတော်တပါးလည်း ဖြစ်ပါသတဲ့။
NLD ဝန်ကြီးကို ရေစက်ပေးမချတဲ့ ဆရာတော်
၂၀၁၈ ခုနှစ်လောက်က ရန်ကုန်က မြို့နယ်တခုမှာ အလှူပွဲကြီးတခု လုပ်ခဲ့တယ်။ အဲဒီမှာ ဆရာတော်ကြီးတွေက NLD ဝန်ကြီးချုပ်ကို ဦးဆောင်ဒကာအဖြစ် ရေစက်ချခွင့် မပြုဘူး။ ယခင်က ကြံ့ဖွတ် ဝန်ကြီးချုပ်ဟောင်းနဲ့ သူ့ကို အလှူတွေ များများ ခဏခဏ လှူခဲ့သူ ကြံဖွတ်ပါတီ ခေါင်းဆောင်တွေနဲ့ ခရိုနီ သူဌေးတွေကိုသာ လာပြီး ဦးဆောင် ရေစက်ချစေချင်သတဲ့။ NLD အစိုးရက ဒီပွဲကို ဦးဆောင်စီစဉ်ခဲ့တာပါ။ ဒါကြောင့် NLD ခေါင်းဆောင်ကပဲ ရေစက်ချမယ်ဆိုပြီး မြို့နယ် NLD ပါတီဝင်တွေကလည်း ပြောသတဲ့။ ငြင်းကြ ခုံကြနဲ့ နောက်ဆုံးတော့ NLD ဝန်ကြီးချုပ်က ဦးဆောင် ရေစက်ချခွင့် ရသွားပါတယ်။ ဆရာတော်ကြီးတွေကတော့ ကြံ့ဖွတ် ဝန်ကြီးချုပ်ဟောင်းနဲ့ သူ့ကို အလှူတွေ များများ ခဏခဏ လှူခဲ့သူ ကြံ့ဖွတ်ပါတီ ခေါင်းဆောင်တွေနဲ့ ခရိုနီ သူဌေးတွေကို မျက်နှာသာ ပေးခွင့်မရလို့ မကျေမနပ်နဲ့ပေါ့။ သူတို့တွေက မဘသ ဆရာတော်ကြီးများပါ။
မိုးပြာဆရာတော်ရဲ့ အမှန်စကား ဗုဒ္ဓဂုဏ်ရည်ရဲ့ ရှက်ဖွယ်စကား
မိုးပြာဂိုဏ်းဆရာတော် ဦးဉာဏနဲ့ ဗုဒ္ဓဂုဏ်ရည် ဆရာတော်တို့ စကားပြောခန်း ယူကျုမှာ တင်ထားတယ်။ ဗုဒ္ဓဂုဏ်ရည်က သူဟာ သာသနာပြုတာနဲ့ အမှန်တရားတွေကိုပဲ လုပ်နေသူပါလို့ ပြောလိုက်တယ်။ အဲသည်အခါ မိုးပြာဆရာတော်က မင်းအောင်လှိုင် အာဏာသိမ်းတာ မှန်သလားလို့ ပြန်မေးတယ်။ ဗုဒ္ဓဂုဏ်ရည်က အာဏာသိမ်းတာ မဟုတ်ဘူး။ အာဏာထိန်းတာလို့ ဆိုပါတယ်။ ဒီတော့ မိုးပြာဆရာတော်ကလည်း အာဏာထိန်းခွင့်ကော ရှိသလားလို့ ပြန်မေးပါတယ်။ ဒီတော့ ဗုဒ္ဓဂုဏ်ရည်က အဲဒါကို မပြောနိုင်ဘူး။ မဖြေချင်ဘူးတဲ့။ မိုးပြာဆရာတော်က အာဏာသိမ်းတာ မှားလား မှန်လားလို့ ဒဲ့မေးတော့။ ဗုဒ္ဓဂုဏ်ရည်က မှားခြင်း မှန်ခြင်းကို ရှောင်နေပါတယ်လို့ ပြန်ပြောတယ်။ ပြီးတော့ မိုးပြာဆရာတော်ရဲ့ သဘောထားကရော အာဏာသိမ်းတာ မှားလား မှန်လား ပြောခိုင်းတယ်။ မိုးပြာဆရာတော်က မင်းအောင်လှိုင် အာဏာသိမ်းတာ မှားတယ်။ ဒီစကားကို တဆင့်စကား တဆင့်ကြားပြီး ဆက်ပြောကြရင် လူ ၁၀၀ ကနေ ၁,၀၀၀ ပြန့်သွားပြီး အားလုံးသိသွားကြမယ်။ ဓမ္မအမှန်ကို တပြည်လုံး သိကုန်မယ်လို့ ဆိုတယ်။ ဗုဒ္ဓဂုဏ်ရည် ဆရာတော်ကတော့ မပြောရဲဘူး။ ဝေ့လည်ကြောင်ပတ် ပြောသွားပါတယ်။ စစ်အာဏာသိမ်းတာ မှား၏။ ပြတ်သားစွာ ပြောရဲတဲ့ ဆရာတော်တွေ လက်ချိုးရေလို့ရတဲ့အထိ နည်းတယ်။ မပြောရဲကြဘူး။ မင်းအောင်လှိုင်ဟာ သာသနာပြုမင်း၊ ဘုရားအလောင်း စသဖြင့် တောလိုက်မုဆိုးကို သောတာပန်အဆင့်လိုမျိုး ပြောဟောနေတဲ့ ဆရာတော်ကြီးတချို့တောင် တွေ့နေရပါပြီကော။
ကျားနှင့် ဆွေးနွေးချင်သော ကျွဲများ
စေ့စပ်ညှိနှိုင်းရေး၊ ရင်ကြားစေ့ရေးကို တပြည်လုံးက ထောက်ခံတဲ့ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုနေခဲ့တာပါ။ နှစ်ပေါင်းများစွာကြာမှ စစ်တပ်က သူတို့ တာလုံပြီ ပိုင်ပြီ နိုင်ပြီထင်မှ ရင်ကြားစေ့ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း ရင်ကြားစေ့ရေးအတွက် အလျှော့ပေးနေခဲ့တာတောင်မှ စစ်အာဏာ ပြန်သိမ်းသွားခဲ့တာပဲလေ။ ကတိကဝတ် အမျိုးမျိုး ပေးခဲ့တာတောင်မှ စစ်တပ်က ကတိပေါင်းစုံ အားလုံးချိုးဖောက်သွားတာပဲ။ အခုလည်း စစ်ရှုံးကောင်စီ ဖြစ်နေတာတောင်မှ အာဏာရှင် အရှင်မထွက် ခေါင်းမာချက်ကြီးတုန်းပါ။ ဒါကို ပြည်တွင်း ပါတီခေါင်းဆောင်တဦးက စစ်တပ်နဲ့ မဆွေးနွေးရင် ဘယ်သူနဲ့ ဆွေးနွေးမလဲ ပြောသွားခဲ့သေးတယ်။ ပြည်သူတရပ်လုံးက နောက်ခံ ဝန်းရံပေးနေတဲ့ ပြည်သူသာအဓိက ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတောင် ကတိကဝတ်တွေ ဖျက်ပစ်ခဲ့သေးတာမို့ စစ်တပ်နဲ့ ဆွေးနွေးလို့ ရဦးမယ်လို့ ပြောနေသူတွေဟာ ကွန်မြူနစ်လူမျိုးတွေလို့ ပြောခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင်လို၊ မင်းကိုနိုင် စတဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ ဖျာပုံနီလုံဦး စတဲ့ NLD ခေါင်းဆောင်တွေဟာ ကွန်မြူနစ်တွေလို့ ပြောခဲ့တဲ့ ပြည်ချစ်ပါတီ ခေါင်းဆောင်တချို့လို၊ ဦးသန့်အရေးအခင်းစာအုပ်ပါ ကွန်မြူနစ် ဆန့်ကျင်ရေးခဲ့သူတွေလို စစ်အာဏာရှင်ထက် ပိုဆိုး ပိုမိုက်တဲ့ သူတွေလို့ ယူဆရမှာ ဖြစ်ကြောင်းပါ။ ။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar