(မိုးမခ) နိုဝင်ဘာ ၄ ၊ ၂၀၂၄
အထီးကျန်ခြင်းဟာ ဒဏ်ရာပဲ
အိမ်ပြန်ချိန် ညနေခင်းများကို
ကြိုလင့်နေသော ကလေးငယ်များ
အိမ်ပြန်ချိန် ညနေခင်းများကို
စောင့်စားနေသော ကလေးမိဘများ
အားလုံးမှာ ဒဏ်ရာတွေရှိတယ် ။
ကျွန်တော့်သမီးငယ်က မေးတယ်
ဖေဖေပြန်မလာသေးဘူးလား
ကျွန်တော့်သားက ပြောတယ်
အဖေ့ဆီ သားတို့ လာခဲ့မယ်
မိသားစု အတူမဆုံနိုင်သော ညနေခင်းများက
ရှည်လျား ထွေပြားတယ် ။
မိသားစုအပေါ်စိုးရိမ်ပူပန်သောကများကလဲ
လေးလံဖိစီးတယ် ။
ဖေဖေ ပြန်မလာသေးဘူးလား… လို့ မမေးလိုက်ရဘဲ
ဆုံးပါးကွယ်လွန်သွားသော ကလေးငယ်များ
အဖေ့ဆီ လာခဲ့မယ်လို့ မပူဆာလိုက်ရမီ
ကြွေလွင့်တိမ်းပါးသွားသောကလေးငယ်များ
အိမ်ပြန်ချိန်လမ်းခုလတ်
အသက်စွန့်ပေးဆပ်သွားရသော မိဘများ ။
အားလုံးမှာ ဒဏ်ရာတွေရှိတယ် ။
ဘယ်လိုဘ၀တွေလဲ
ဘယ်လိုနိုင်ငံတော်လဲ
ဘယ်တော့မှ ဒီနိုင်ငံမှာ
လူမဖြစ်ချင်တော့သော ညနေခင်းစိတ္တဇများ
အို အဖ
အထီးကျန်ဒဏ်ရာဗရပွနဲ့
ညနေခင်းစိတ္တဇများက
ဘယ်တော့မှအတောမသတ်တော့ပြီလား ။ ။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar