(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၂၄
ဖီမော်ဒေသကို KIA ဝင်ရောက်သိမ်းယူ၊ မြေရှား ထုတ်လုပ်တဲ့ ဒေသတွေ သိမ်းယူခဲ့တဲ့ KIA
ဖီမော်၊ ဂေါ်လံ၊ ကန်ဖန် ဆိုတဲ့ ကချင်ပြည်နယ်က ကျေးရွာ ၃ ရွာရဲ့အမည်ဟာ တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးရဲ့ ခေတ်သစ်သမိုင်းမှာ တွေ့မြင်ရလေ့ရှိတဲ့ အမည်နာမတွေ ဖြစ်ပါတယ်။ ဒီ အမည်နာမည်တွေက ဘာအဓိပ္ပါယ် ဆောင်သလဲ၊ တရုတ်-မြန်မာ ဆက်ဆံရေးမှာ ဘယ်လောက်အရေးကြီး သလဲ။ ချစ်ကြည်ရင်းနှီးမှုရဲ့ သာဓက ဖြစ်သလား၊ သံတမန်ရေးအရ အောင်မြင်မှုလား စသဖြင့် ရှုထောင့်မတူခဲ့ရင် အဓိပ္ပာယ်ဖွင့်ဆိုပုံလည်း မတူကြတဲ့ သမိုင်းဖြစ်ရပ်ဖြစ်ပါတယ်။
အခု ရက်ပိုင်းအတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ကချင်ပြည်နယ်ရဲ့ အရှေ့ဘက်ခြမ်း တရုတ်နိုင်ငံနယ်စပ်အနီးမှာ ရှိတဲ့ ဖီမော်ဒေသကို ဝင်ရောက် သိမ်းပိုက်လိုက်တယ် ဆိုတဲ့ သတင်းတွေဖေါ်ပြ လာကြတာတွေ့ရမှာ ဖြစ်ပါတယ်။ အခုလို KIA တပ်တွေ ဝင်ရောက်သိမ်းပိုက်ခြင်း မပြုမီအထိ ဒီဒေသကို ထိန်းချုပ်ထားတာက ဗကပ တပ်မှူးဟောင်း ဦးဇခုန်တိန်ယိမ်း ဦးဆောင်တဲ့ ကချင်လက်နက်ကိုင် အဖွဲ့ခွဲ NDAK လက်နက်ကိုင် တပ်နဲ့ ပြည်သူ့စစ်တွေလို့ သတင်းတွေထဲမှာ ဖေါ်ပြထားကြပါတယ်။ ၂၀၀၉ ခုနှစ် နယ်ခြားစောင့်တပ် အဖြစ်အသွင် မပြောင်းမီအထိ National Democratic Army Kachin ဆိုတဲ့ အမည်နဲ့ ဗကပ ပြိုကွဲစဥ်က ထူထောင်ခဲ့တဲ့ လက်နက်ကိုင်တပ်က ၁၉၉၀ အစပိုင်းတွေမှာ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲပြီး ကချင်အထူးဒေသ ၁ အဖြစ် အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ ဗကပရဲ့ တပ်မှူးဟောင်းဖြစ်သူ ဦးဇခုန်တိန်ယိမ်းက နယ်ခြားစောင့်တပ် အဖြစ်နဲ့ အုပ်ချုပ်ခဲ့တဲ့ ကာလတွေမှာ နိုင်ငံရေးထက် စီးပွားရေးကိုသာ အဓိကထား လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ သယံဇာတ တူးဖော်ရောင်းချတာနဲ့ အခြားသော အသေးစိတ်မသိရှိကြတဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေခဲ့တာ ဖြစ်ပြီး ကချင်ပြည်နယ် တရုတ်နိုင်ငံနယ်စပ်ဒေသတွေမှာ မြေရှားသယံဇာတ ထွက်ရှိတဲ့ နေရာတွေမှာ မြေရှားထုတ်ယူကာ တရုတ်နိုင်ငံကို တင်ပို့ခြင်းဖြင့် လက်နက်ကိုင်အဖွဲ့ရဲ့ စီးပွားရေး အဖြစ်သော်လည်းကောင်း တဦးချင်း အကျိုးစီးပွားသော်လည်းကောင်း အဓိကထားလုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။
အခု ရက်ပိုင်း သိမ်းယူလိုက်တဲ့ ဖီမော်ဒေသနဲ့ ဆက်စပ်နေတဲ့ ဖီမော်၊ ဂေါ်လန်၊ ကန်ဖန် ဆိုတဲ့ ကျေးရွာ ၃ ရွာ တည်ရှိတဲ့နယ်မြေကို တရုတ်နိုင်ငံ နယ်နိမိတ်ထဲ ပေးအပ်ဖို့ ၁၉၆၀ ပြည့်နှစ် တရုတ်မြန်မာနယ်နိမိတ် သဘောတူစာချုပ်မှာထည့်သွင်း သဘောတူခဲ့တာ ဖြစ်ပါတယ်။ ဒီစာချုပ်ကို ထိုစဥ်က မြန်မာနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ဖြစ်သူ ဦးနေဝင်းက လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၁၉၆၀ မှာ လက်မှတ်ထိုးတဲ့ နယ်နိမိတ် သဘောတူ စာချုပ်မှာ အခုလို ပေးအပ်မှုအတွက် ဝ နယ်ထဲက ပန်ဟန်းနဲ့ ပန်လော နယ်မြေတွေကို တရုတ်ဘက်က မြန်မာနိုင်ငံကို ပေးမယ် ဆိုတဲ့ သဘောတူညီမှု ရယူခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကျေးရွာ ၃ ရွာကို တရုတ်နိုင်ငံကို ပြန်ပေးတာ၊ ဝ နယ်ထဲက နယ် ၂ နယ်ကို မြန်မာပိုင်အဖြစ် တရုတ်နိုင်ငံက အသိအမှတ်ပြုခဲ့တာတွေကို တချို့သော သမိုင်းတွေမှာတော့ ဆွေးနွေး သဘောတူ အောင်မြင်မှုအဖြစ် မှတ်ယူဖော်ပြကြတာ တွေ့ရပါလိမ့်မယ်။
သို့ပေမဲ့ နောက်ကွယ်မှာတော့ အဲဒီလောက် ရှင်းလင်းတဲ့ ကိစ္စတရပ် မဟုတ်ခဲ့ပါဘူး။ မြန်မာနိုင်ငံ ဗြိတိသျှ ကိုလိုနီလက်ထက် ဗြိတိသျှတွေက အထက်ပါ ကျေးရွာ ၃ ရွာကို တရုတ်နိုင်ငံထံက ငှားယူခဲ့တယ်ဆိုတဲ့ သမိုင်းကြောင်းနဲ့ တရုတ်အစိုးရက မြန်မာနိုင်ငံ ကိုလိုနီလက်အောက်က လွတ်မြောက်အပြီး ဆယ်စုနှစ် တခုနီးပါးကာလမှာ တောင်းခံခဲ့တာ ဖြစ်ပါတယ်။ ၁၉၅၆ ခုနှစ်က စတင်တဲ့ အဆိုပါ ဆွေးနွေးညှိနှိုင်းမှုကို ကချင်လူမျိုးခေါင်းဆောင် တချို့က သဘောမတူခဲ့ကြသလို ရန်ကုန်မြို့က တက္ကသိုလ်ကျောင်းသားအချို့က ဖဆပလ အစိုးရကို ဆန္ဒပြတဲ့ အဖြစ်အပျက်တွေအထိ ဖြစ်ပွားခဲ့တာ ပါ။
ယခု KIA သိမ်းယူလိုက်တဲ့ ဖီမော်ဒေသ ဆိုတာဟာ အထက်မှာ ရေးပြခဲ့တဲ့ ၁၉၆၀ ခုနှစ်က နယ်နိမိတ် သဘောတူစာချုပ်မှာ ဖော်ပြခဲ့တဲ့ ဖီမော်၊ ဂေါ်လန်၊ ကန်ဖန် ကျေးရွာတွေနဲ့ ဆက်စပ်နေတဲ့ နယ်မြေဒေသတွေ ဖြစ်တယ်လို့ ယူဆရပါတယ်။ တရုတ်-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး သမိုင်းမှာ မှတ်တမ်းတင်ခြင်း ခံထားရတဲ့ ဒေသတွေထဲက ဖီမော် ဒေသဟာ အခုလို နယ်မြေသိမ်းယူတဲ့ သတင်းတွေအနက် စာမျက်နှာပေါ် လူအများအာရုံစိုက်မှုကို ပြန်လည်ခံရတဲ့ အနေအထားလို့ ဆိုနိုင်ပါတယ်။
KIA သိမ်းယူခဲ့တဲ့ NDAK နယ်ခြားစောင့်တပ်ဖွဲ့ ထိန်းချုပ်ခဲ့တဲ့ ဒေသတွေဟာ ကမ္ဘာမှာ လျှပ်စစ်မော်တော်ကား ထုတ်လုပ်မှုမှာ အရေးပါတဲ့ ကုန်ကြမ်းတမျိုးဖြစ်တဲ့ မြေရှား rare earth သယံဇာတ ထွက်ရှိတဲ့နယ်မြေလည်း ဖြစ်နေပါတယ်။ KIA ထိန်းချုပ်ပြီးသား နယ်မြေဒေသတွေမှာလည်း မြေရှားထွက်ရှိသလို အခု NDAK နယ်ခြားစောင့်တပ်ဖွဲ့တွေ ထိန်းချုပ်ခဲ့ပြီး KIA သိမ်းယူခဲ့တဲ့ ဒေသတွေမှာလည်း အများအပြား ထွက်ရှိတာ ဖြစ်ပါတယ်။ လျှပ်စစ်ကားထုတ်လုပ်တဲ့နိုင်ငံအနေနဲ့ ထင်ရှားနေတဲ့ တရုတ်နိုင်ငံအနေနဲ့ လိုအပ်တဲ့ သယံဇာတ ကုန်ကြမ်းတွေ ကချင်ပြည်နယ် အဆိုပါ ဒေသတွေမှာ ထွက်ရှိနေတာ ဖြစ်ပြီး ထုတ်လုပ်မှုတန်ဖိုးက တနှစ်တာအတွင်း အမေရိကန် ဒေါ်လာ ၃ ဘီလျံကျော်အထိ ရှိတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားကြတာ ဖြစ်ပါတယ်။ သယံဇာတတွေက လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားနေချိန်မှာ လက်နက်ကိုင် တိုက်ပွဲတွေ အတွက် လိုအပ်တဲ့ ငွေကြေးရံပုံငွေ ဖြစ်စေတဲ့ အရာဖြစ်တာကြောင့် သယံဇာတ ထွက်ရှိတဲ့ ဒေသတွေကို လက်နက်ကိုင်အဖွဲ့ အသီးသီးက ထိန်းချုပ်ပိုင်ဆိုင်လိုကြတာသဘာဝ ဖြစ်ပါတယ်။
ဒီဒေသတွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေ အဖို့မှာတော့ သယံဇာတ ထုတ်ယူတဲ့စီးပွားရေးမှာ အလုပ်သမားအဖြစ် သို့မဟုတ် ဒီလုပ်ငန်းရဲ့ အကျိုးဆက် ကုန်သွယ်၊ ဈေးရောင်းလုပ်ငန်းတွေကနေ ဝင်ငွေအချို့ ရရှိနိုင်တဲ့ အခွင့်အရေး နဲ့အတူ လက်နက်ကိုင် တိုက်ပွဲတွေရဲ့ အလယ်မှာလည်း ကျရောက်နိုင်တဲ့ အန္တရာယ်ပါ တပြိုင်နက်တည်း သယ်ဆောင်လာကြတာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar