ylliX - Online Advertising Network
လင်းလက်နွေဦး - ပြည်တန်ပတ္တမြားမုဆိုး

လင်းလက်နွေဦး – ပြည်တန်ပတ္တမြားမုဆိုး


(မိုးမခ) နိုဝင်ဘာ ၃ ၊ ၂၀၂၄

မဖတ်ချင်ပေမယ့် ဖတ်စရာမရှိတဲ့အဆုံး၊ ဘူရိဒတ်ပျို့ကြီး ကောက်ဖတ်လိုက်ရတယ်။ ကာတွန်းဆရာ တစ်ယောက် ရေးထားသလိုပေါ့၊ ‘အကြံကုန်တော့ အကုန်ကြံတဲ့သူတွေချည်းပဲ’ မဟုတ်လား။ ဒီတော့ အချိန်တွေ အလကားဖြုန်းမပစ်နိုင်မယ့်အတူတူ ဘူရိဒတ် လိုက်ရပါတယ်။ လင်္ကာရှည်ကြီး၊ အဲဒီ အလင်္ကာနဲ့ လင်္ကာ ဆိုတာလည်း ခွဲမသိဘူးရယ်။ ‘အ’ဆိုတာ ‘မ’ပဲ၊ မကောင်းတာဘဲလို့ ကြားဖူးထားတော့၊ လင်္ကာ ဆိုတာကို ‘အ’ထည့်လိုက် တာ ကောင်းလား မကောင်းလား မသိပါဘူး။ သူ့ခေါင်းစဉ်အတိုင်း ‘လင်္ကာရှည်ကြီး’လို့ပဲ ပြောပါရစေ။ ငယ်ဆရာ တစ်ယောက်ကတော့ ‘လင်္ကာဆိုတာ အဆင်တန်ဆာပဲ’လို့ အမြဲပြောလေတော့၊ စကားလုံးတွေ ကဗျာတွေမှာ လှလှ ပပလေးဖြစ်အောင်၊ အဆင်ချောအောင် ပြင်ဆင်ရေးဖွဲ့တာမျိုးလို့ မှတ်ထားဖူးပါတယ်။ ခုခေတ်ကဗျာတွေမှာတော့ ‘နိမိတ်ပုံ’လို့ ပြောကြတယ်နော်။ ရှေးတုန်းကတော့ စာသံပေသံ ကာရန်နဘေတွေနဲ့ ရေးသားတာကိုး။ အဲတော့ ဗိုလ်ကြီးဇင်ရော်ရဲ့ ပို့စ်တွေလို ဖတ်ရတာမျိုး ထောက်တောက်တောက်ကြီးပေမယ့် ဖတ်ပါများတော့ ချောသွားပါတယ်။

တကယ်ဆို ‘သာကီယဟု၊ တေဇကျော်ဟိုး၊ မင်းရိုးအပေါင်း၊ ရှစ်သောင်းမျိုးနွယ်’… ဆိုတာက စဖတ်ရမှာ မဟုတ်လား။ ဒါပေမယ့် မဖတ်ချင် ဖတ်ချင်ရယ်၊ အစ်ကိုတစ်ယောက်ရဲ့ ‘မာတိကာက စဖတ်ရတယ်၊ နိဒါန်းတွေ စကားချီးတွေလည်း ချန်မထားနဲ့’ဆိုတဲ့ မူအရ၊ ‘ဟံသာဝတီပုံနှိပ်တိုက် ပဌမအကြိမ် -၁၉၀၈ ခု၊ ဒုတိယအကြိမ် – ၁၉၆၄ ခု’ဆိုတာတွေကနေ စဖတ်လာလိုက်တယ်။ ဒီဝတ္ထုဇာတ်တော်ကြီးက မြတ်ဗုဒ္ဓရဲ့ ‘ရင့်မှာ တစ်ကျိပ်’ထဲက (၆)ခုမြောက် ဘဝဖြစ်တော်စဉ်တစ်ခုဗျ။ ‘နဂရခန်း၊ ဥပုသ်ခန်း၊ အိပ်မက်ခန်း၊ အလမ္ပာယ်ခန်း၊ ဗြဟ္မဏခန်း၊ နဂရပဝေခန်း’ဆိုပြီး အခန်း(၆)ခန်းနဲ့ ရေးသားဖွဲ့ဆိုထားပါတယ်။ ကျန်တရားတော်တွေနဲ့ ဇာတ်ပေါင်းခန်းကို ‘ဘူရိဒတ်ဇာတ်ပေါင်းခန်းပျို့’ဆိုပြီး သီးခြားအမည်တပ် ရေးဖွဲ့ထားတော့ စာနှစ်ဆူ၊ နှစ်စောင် ရေးသားထားတယ် ပေါ့။ ရေးသားစီရင်သူကတော့ အင်းဝခေတ် ကဗျာစာဆို ‘အရှင်မဟာရဋ္ဌသာရ’ပဲ ဖြစ်ပါတယ်။ ‘တောင်ကို မဖောက်၊ တောင်းကို ဖောက်သည်၊ စူးဆောက်ပမာ၊ ရဋ္ဌသာ’ပါပဲ။

အစကတော့ မစဉ်းစားမိပါဘူး။ ဒီစကားလေး ‘တောင်ကို မဖောက်…’ ဆိုတာလေး။ သာမာန်ကြည့်လိုက် ရင် စိန်ကျောက်အသွင် သီလဝံနဲ့ နှိုင်းယှဉ်ကြည့်ရင် ‘စူးဆောက်’ဆိုတာ သိပ်ဟန်မကျဘူး၊ ဒီလို မဟုတ်လား။ ဒါပေသိ၊ သူ့ဘဝဇာတ်ကြောင်းလေးနဲ့ ချိန်ထိုးကြည့်ရင်ဖြင့် ဒီစာသားရဲ့ အဓိပ္ပါယ်ကို ဒီလို မှန်းဆ ကြည့်နိုင်ပါတယ်။ သူ့က မင်းမျိုးမင်းနွယ်၊ နန်းတော်ထဲ ကြီးပြင်းခဲ့ရသူ။ အသက်အငယ်ဆုံး စာဆိုတော်လေး မောင်မောက်ဘဝနဲ့ ‘ဝဏ္ဏပဘာ’ မင်းသမီးလေးကို ချစ်မြတ်နိုးရသူ။ အဲ… တဖက်ကလည်း မိဘဆွေမျိုးတို့ရဲ့ တိုက်တွန်းချက်လား၊ ပါရမီ တော် နှိုးပင့်ဆော်တာလား သာသနာ့ဘောင်ဝင် ရှင်ရဟန်းပြုရမှာက တဖက်။ ဆိုတော့ကား ချစ်တဲ့စိတ်ကို မြိုသိပ်၊ သာသနာ့ရိပ်မှာ ချွေးသိပ်ရတာကိုး။ ဒီလို ရှင်ကွဲ ကွဲရလေတော့ နှလုံးသားနုနယ်သူ ကဗျာဆရာလေးခမျာ၊ ဝေဒနာ သက်သာလို သက်သာငြား သွားလိုက်ရတဲ့ ခရီးတွေ။ ရခိုင်ထိတောင် ရောက်သတဲ့။ နောက်၊ ‘မျောက်က ကြိုးခွေ၊ ဒေါင်းအိုးဝေနှင့်၊ သံခြေကြွေးကြော်၊ ဖိုမခေါ်လျက်’ ဆိုတဲ့ ရွှေစက်တော်သွားတောလားတွေ ဖြစ်ကုန်တော့တာပေါ့။

ပြောချင်တာက၊ ဘာသာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ‘တောင်’ဆိုတဲ့ မြင့်မိုရ်တောင်မင်းမက ကျေးဇူးကြီးမားတဲ့ မိဘကျေးဇူးကို မဖောက်ဖျက်ပါဘူး။ ‘တောင်း’ဆိုလို့ တောင်းတမှု လောဘတွေကို ဖြိုခွင်း ဖောက်ထွင်းပစ်မယ့် စူးဆောက်လို အသွားထက်တဲ့ သူပါလို့ ဆိုလိုချင်ဟန် တူပါတယ်။ တခြား တခြားသော အဓိပ္ပာယ်တွေလည်း ရှိနိုင်ပါသေးတယ်။

အဲလို ဆရာတော်။ ကဗျာဆရာ။ သာသနာ့နွယ်ဝင် ရှင်ရဟန်း ကဗျာဆရာ။ ဒီပျို့ကဗျာကြီးကို လူဝတ်ကြောင်ဘဝ အသက်(၁၆)နှစ်က စရေးတယ်၊ ဒါပေမယ့် ရဟန်းဘဝ အသက်(၂၀)ကျမှ အဆုံးသတ်နိုင်ခဲ့ တယ်။ သူမို့ ပြီးအောင် ရေးနိုင်တာ၊ ကျနော်ဆိုရင် နိဒါန်းကနေ ရှေ့ရောက်မှာ မဟုတ်ဘူး။ အဲ ခုလည်း နိဒါန်းပဲ ဖတ်ရပါသေးတယ်။ နိဒါန်းရေးတဲ့ ဟံသာဝတီအဖွဲ့သားတွေကလည်း ဆက်ဖတ်ချင်လာအောင် ရှင်းလင်းနှိုင်းချိန် ရေးပြလေတော့ ဒါနဲ့ကို အတော်ပြည့်စုံနေပြီကိုး။ တစ်နေရာရောက်တော့ အတော်အံ့ဩသွားတယ်။ ဒီလိုဗျ

‘ပုဏ္ဏား စကား၊ တိုင်ပင်ကြားသော်၊ ချစ်သားသူမြတ်၊ သောမဒတ်လည်း၊ ဆိုလတ်တုံခြင်း၊ ဆွေရင်းခင်ပွန်း၊ မှန်းသည်သူအား၊ ကံသုံးပါးဖြင့်၊ ပြစ်မှားသောထွေ၊ ကျေးဇူးချေမူ၊ ရေသို့လည်းခန်း၊ ပန်းသို့လည်းညှိုး၊ မိုးသို့လည်းခေါင်၊ မီးသို့လောင်၍၊ အိမ်ထောင်ခမ်းနား၊ စီးပွားမရှိ၊ တိလိတင်းလင်း၊ သီရိကင်းစင်၊ မသေခင်လျှင်၊ စားချင်သောက်ချင်၊ တလျက်ပင်တည့်၊ ကျင်ကျင်နာနာ၊ လူပြိတ္တာလျှင်၊ မှန်စွာစစ်စစ်၊ ဖြစ်တုံပြီးမှ၊ မြေကြီးမျက်ပါ၊ မျိုလေရာဟု၊ မြစ်ထာအရေး၊ ဆုံးမပေးသည်၊ နက်လေးတရား၊ နည်းဆောင်တည်း- 

‘နေသာဒ’ပုဏ္ဏား၊ တောမုဆိုးတစ်ဦး သားဖြစ်သူ ‘သောမဒတ္ထ’လုလင်နဲ့အတူ တောတိုး၊ သားကောင်လိုက်။ အဲဒီအခါ လူ့ပြည်တက် ဥပုသ်စောင့်နေတဲ့ နဂါးမင်းသား ‘ဘူရိဒတ်’နဲ့တွေ့၊ ဘူရိဒတ်က နှုတ်ပိတ်တဲ့အနေနဲ့ မုဆိုး သားအဖကို နဂါးပြည်ခေါ် နတ်စည်းစိမ်လောက်ရှိတဲ့ စည်းစိမ်မျိုးနဲ့ ခံစားစေတယ်။ အပြန်မှာ ရတနာတွေ ပေးပေ မယ့်မယူဘဲ၊ လူ့ပြည်ပြန်ရောက်တော့မှ အလမ္ပာယ်ဆရာတစ်ဦးရဲ့ ပတ္တမြားကို လိုချင်သွားသတဲ့၊ ဖအေလုပ်သူက။ အဲတော့ သားလုပ်သူနဲ့ တိုင်ပင်တယ်၊ အလမ္ပာယ်ဆရာရဲ့ ပတ္တမြားကို နဂါးနေရာပြပြီး အလဲအထပ် လုပ်မယ်ပေါ့။ ဖအေထပ် တစ်လကြီးတဲ့ သားက အထက်ပါအတိုင်း တရားပြတယ်။ မရတဲ့အဆုံး၊ သားဖြစ်သူက တောထွက်ပြီး ရသေ့ဝတ်သွားတော့တယ်။

ဟ၊ ဒီမှာလည်း လူကြီးက ယုတ်မာတာပဲ။ လူငယ်က မြင့်မြတ်တဲ့ နှလုံးသားနဲ့ ကြီးကျယ်တဲ့ ဦးနှောက် ပိုင်တာပဲ။ အဲလူကြီး မုဆိုးလုပ်တယ်နော်၊ အပြစ်မပြောသာဘူး။ အသက်မွေးဝမ်းကျောင်းတစ်ခုပေါ့၊ တခြား ရွေးချယ်စရာမရှိရင် ငါလည်း အကောင်ငယ်လေးတွေ သတ်ရဖြတ်ရမှာပဲလို့ ကူစဉ်းစားပေးလို့ရတယ်။ မုဆိုးစည်း မုဆိုးစောင့်မယ်ပေါ့၊ မိတ်လိုက်ရာသီ သားပေါက်ရာသီဆိုရင် ရှောင်မယ်၊ မျိုးတုန်းခါနီးတွေဆို ရှောင်မယ်၊ တစ်နေ့ တစ်ကောင်ပဲ လိုက်မယ်… စသဖြင့်ပေါ့လေ၊ အဲလိုဆို မုဆိုးလူကောင်းပေါ့။ လူဆိုရင်တော့ ကျေးဇူးမကန်းရင် လူကောင်းပေါ့။ တချို့ကျ သူ့ကျေးဇူးတောင် မသိတတ်ဘူး။ ကိုယ့်အပေါ် တင်ရှိနေပါလားတောင် မသိဘူး။ ဘယ်လို ပြောရမလဲဆိုရင် ‘တပြားလို နှစ်ပြားလို ဆယ်ပြားလို တမတ်လို ငါးမူးလို’ ကျပ်မပြည့်တဲ့သူတွေပေါ့။ အဲလို ကျပ်မပြည့်သူတွေ ကြီးလာတော့ ကမ္ဘာ့ဝန်ပိုကြီးတွေ ဖြစ်လာတာပေါ့။ ကျေးဇူးတင်ရမှန်းမသိလို့ ကျေးဇူး မဆပ်တာ ဖြေသာပါသေးတယ်။

တချို့က သိတယ်၊ သိ သိကြီးနဲ့ ယုတ်မာတာ။ အဲလိုလူတွေ အများကြီးပဲနော်။ မျက်စိလည် လမ်းမှားပြီး ချောက်ကြီးထဲ ကျ၊ အငတ်ငတ်အပြတ်ပြတ်ဖြစ်နေတဲ့ လူအိုကြီး၊ သူ့ကို ချောက်ထဲက ခဲရာခဲဆစ် ထမ်းခေါ် ကယ်မ လာခဲ့တဲ့ မျောက်ကြီး၊ မောမောနဲ့အိပ်နေတုန်း မျောက်သွေးသောက်ပြီး အားဖြည့်ချင်တဲ့ဇောနဲ့ ခေါင်းထု သတ်ခဲ့ဖူးတယ်နော်။ အဲလို အဲလို။ ခုလည်း တိုင်းပြည်က ရောဂန္တရကပ်ဆိုက်နေပါတယ်ဆိုမှ ‘ပြည်သူ့အခက် မအလအချက်’ ဆိုပြီး အာဏာတက်သိမ်းတယ်။ ပြည်သူတွေကို ကပ်မျိုးစုံ ဆိုက်စေတယ်။ ငါတို့လည်ချောင်းသွေးကို သူတို့ကလေး တွေ အားပြည့်အောင် ‌ဖောက်တိုက်သတဲ့။ အလမ္ပာယ်ဆရာတွေ ခေါ်ချလာပါပြီ။ ဈေးအများဆုံးပေးမယ့်လူကို ‘နဂါး’ ကို ထိုးပေးလိမ့်မယ်။

‘ဟိုမှာ နဂါး ပေး ပတ္တမြား’ ဆိုပြီးတော့ပေါ့။

‘အသေဝနာစ ဗာလာနံ လူဆိုးလူမိုက်ရန်မှ ကင်းလွတ်ကြပါစေ။’

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *