(မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၂၄
ကုန်ပစ္စည်းပိတ်ဆို့မှုတွေရဲ့ သက်ရောက်မှုက ဘယ်သူတွေကို အထိခိုက်ဆုံးဖြစ်မလဲ
တရုတ်နိုင်ငံက သူ့နဲ့ ထိစပ်နေတဲ့ ရှမ်းမြောက်ဒေသတလျှောက်၊ ရှမ်းအရှေ့နဲ့ ကချင်ပြည်နယ်တွေမှာ ရှိတဲ့ နယ်စပ်ဂိတ်အချို့မှာ ကုန်ပစ္စည်း အထွက်ရော အဝင်ပါ ပိတ်ပင်လိုက်တယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပြီး အချို့နယ်စပ်ဂိတ်တွေမှာတော့ ရိက္ခာခြောက်၊ လျှပ်စစ်ပစ္စည်း၊ လောင်စာဆီ၊ ဆေးဝါးတွေကို မြန်မာနိုင်ငံဘက် တင်သွင်းခွင့်မပြုပဲ ကန့်သတ်ပိတ်ဆို့တာတွေ တရုတ်နိုင်ငံ အစိုးရက လုပ်ဆောင်လာတာ သီတင်းပတ် နှစ်ပတ်ထဲဝင်ရောက်လာပြီဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို တရုတ်နိုင်ငံက ကုန်ပစ္စည်းအမျိုးအမည်နဲ့ သတ်မှတ်ကန့်သတ်တာ၊ သို့မဟုတ် အချို့သော ဂိတ်တွေကို လုံးဝ တင်သွင်းတာ၊ တင်ပို့တာတွေ ပိတ်ပင်လိုက်တာဟာ မြန်မာနိုင်ငံတွင်းမှာ စစ်ကောင်စီ တပ်စခန်းတွေ မြို့တွေကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ဖြစ်တဲ့ KIA, MNDAA, TNLA တို့ကို ဖိအားပေးချင်တာကြောင့် ဒါ့အပြင် စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခြင်း မရှိပေမယ့် အထက်က လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်ဆံမှုရှိနေတဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်နဲ့ မိုင်းလား NDAA လက်နက်ကိုင် တပ်တို့ကိုလည်း တဆင့်ခံ ကုန်သွယ်မှုတွေ မတင်ပို့နိုင်အောင် ကန့်သတ်ပိတ်ဆို့ တာလို့ အများစုက အဓိပ္ပါယ် ဖွင့်ဆိုလျှက်ရှိတာတွေ့ရပါတယ်။
လောင်စာဆီ၊ ဆန်တို့လို တာရှည်ထားခံတဲ့ ရိက္ခာ၊ ဆေးဝါး နဲ့ လျှပ်စစ်ပစ္စည်းတွေက လက်နက်ကိုင် တပ်ဖွဲ့တွေသာ အသုံးပြုကြတာမဟုတ်ပဲ ရှမ်းမြောက်ဒေသနဲ့ ကချင်ပြည်နယ် နေရာအတော်များများမှာ နေထိုင်ကြတဲ့ ပြည်သူလူထုတွေပါ လက်ရှိ ဖြစ်ပွားနေတဲ့ နယ်မြေလုံခြုံရေး နဲ့ လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေအရ တရုတ်နိုင်ငံဘက်က ကုန်ပစ္စည်းတွေကို သုံးစွဲနေကြရတာ ဖြစ်ပါတယ်။
ကုန်သွယ်မှု ဒဏ်ခတ်တာ၊ ပိတ်ဆို့တာမျိုးကို တရုတ်နိုင်ငံအနေနဲ့ ယေဘုယျအားဖြင့် ရွေးချယ်ခြင်းပြုလေ့ မရှိသလို ကမ္ဘာပေါ်မှာ ဖြစ်ပွားနေတဲ့ ယူကရိန်း၊ အရှေ့အလယ်ပိုင်းတို့လို ပြဿနာတွေမှာ ကုန်သွယ်မှု ပိတ်ဆို့ခြင်း ဒဏ်ခတ်ခြင်းတွေကို တရုတ်နိုင်ငံက ထောက်ခံခြင်း မပြုဘဲ ဝေဖန်ပြောဆိုလေ့ရှိတာတွေ့ရပါတယ်။ ယူကရိန်း-ရုရှား စစ်ပွဲမှာ စတင်ကျူးကျော် တိုက်ခိုက်တဲ့ ရုရှားကို အနောက်နိုင်ငံတွေက ကြီးမားတဲ့ ကုန်သွယ်ရေး ဒဏ်ခတ်မှု၊ ပိတ်ဆို့ကန့်သတ်မှုတွေ လုပ်ဆောင်တာကို တရုတ်နိုင်ငံက သဘောမတူကြောင်း ဒီလိုလုပ်ဆောင်မှုတွေက ရည်ရွယ်တဲ့ ပစ်မှတ်ကိုသာမက သာမန်ပြည်သူလူထုတွေကိုပါ ထိခိုက်မှုတွေ ရှိစေတယ်လို့ ယူဆပြီး ဝေဖန်ပြောဆိုလေ့ရှိတာပါ။
သို့ပေမဲ့ အခု မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ ကချင်ပြည်နယ်တို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံက ကုန်သွယ်ရေး ပိတ်ဆို့၊ ကန့်သတ်မှုတွေက သာမန် လူထုအပေါ်ပါ သက်ရောက်မှုတွေ ရှိလာစေတာ ဖြစ်ပါတယ်။
အခုလို တရုတ်ဘက်က ကန့်သတ်ပိတ်ဆို့မှုတွေ စတင်ပြီး သီတင်း ၂ ပတ်လောက်အတွင်းမှာပဲ လောင်စာဆီ စျေးနှုန်းတွေ၊ ဆန်စျေးနှုန်းတွေနဲ့ ဆေးဝါး ပစ္စည်းစျေးနှုန်းတွေက ခေါက်ချိုးမက ၃ ဆကနေ ၅ ဆအထိ မြင့်တက်လာနေတာ ဖြစ်ပါတယ်။ ဆန်၊ လောင်စာဆီနဲ့ ဆေးဝါးတို့လို အဓိကကျတဲ့ ကုန်ပစ္စည်းတွေ မရှိရင်၊ ရှားပါးရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့ရာမှာ နှောင့်နှေးမှု နဲ့ အကန့်အသတ်တွေ ရှိလာမှာဖြစ်ပြီး အဲဒီအချက်ကို တရုတ်နိုင်ငံ အနေနဲ့ တွက်ဆမျှော်လင့်ထားတယ်လို့ မှန်းဆရပါတယ်။ နောက်တချက် အနေနဲ့ အဆိုပါ ထိန်းချုပ်ဒေသတွေက စစ်ရေးအပြင် ထိန်းချုပ်ဒေသတွေမှာ အုပ်ချုပ်ရေး ဖေါ်ဆောင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ လူထုကို စားဝတ်နေရေး၊ အသက်မွေးဝမ်းကျောင်းတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖော်ဆောင် မပေးနိုင်တဲ့ အနေအထား၊ ဒီဒေသတွေ အဖို့ ပုံမှန် အခြေအနေကို မရောက်ရှိနိုင်တော့ အနေအထားနဲ့ သိမ်းယူထားတဲ့ နယ်မြေတွေ စခန်းတွေကို ပြန်လက်လွှတ်ဖို့ ဖြစ်နိုင်ခြေကို ရည်ရွယ် လုပ်ဆောင်တာလို့လည်း ကောက်ချက်ချနိုင်ပါတယ်။
သို့ပေမယ့် အခုလို ကုန်ပစ္စည်းကန့်သတ်ပိတ်ဆို့မှုက အဲဒီဒေသမှာနေထိုင်နေကြတဲ့ လူထုအဖို့ ကြပ်တည်း ခက်ခဲတယ်ဆိုတဲ့ အဆင့်ထက်ကျော်လွန်ပြီး အလုပ်အကိုင် အခွင့်အလမ်း ရှားပါးချိန်မှာ ကြီးမြင့်လွန်းတဲ့ ကုန်စျေးနှုန်းတွေနဲ့ ရိက္ခာ၊ ဆေးဝါးတွေကို ဝယ်ယူ သုံးစွဲဖို့ မလွယ်ကူပါဘူး။ လောင်စာဆီ ပိတ်ပင်ခြင်းကလည်း စိုက်ပျိုးရေး အဓိကထားလုပ်ကိုင်နေကြတဲ့ လူထုအဖို့ အသက်မွေးဝမ်းကျောင်း လုပ်ကိုင်လို့ မဖြစ်နိုင်တဲ့ အနေအထားကို ရောက်ရှိစေပြီး မကြုံဖူးအောင် မြင့်မားတဲ့ လောင်စာဆီစျေးနှုန်းကြောင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ ရပ်ဆိုင်းရုံတင်မက၊ နာရေး ကိစ္စလိုအရေးပေါ် အခြေအနေ၊ စစ်ဘေးကနေ တိမ်းရှောင်ဖို့ အချိန်အခါတွေမှာ သုံးစွဲဖို့ လောင်စာဆီ မရှိတဲ့ အဖြစ်နဲ့ ထပ်မံကြုံတွေ့ကြရ ဥိးမယ့် သဘောဖြစ်ပါတယ်။
အခု ဒေသတွေကို ကုန်ပစ္စည်းတွေ ကုန်သွယ်မှုတွေ ကန့်သတ်တာ တရုတ်နိုင်ငံဘက်က တင်မဟုတ်ပဲ မြန်မာနိုင်ငံ အလယ်ပိုင်း နဲ့ တောင်ပိုင်းဒေသတွေက သယ်ယူရောင်းဝယ်မယ့် ဆန်၊ လောင်စာဆီ နဲ့ ဆေးဝါးတွေကို စစ်ကောင်စီတပ်ကလည်း တားမြစ် ကန့်သတ်နေတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကရင်နီပြည်၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ် တို့မှာလည်း စစ်ကောင်စီဘက်က ပိတ်ဆို့ ကန့်သတ်မှုတွေ ရှိနေပြီး ရခိုင်ပြည်နယ်က အဆိုးရွားဆုံး ခံစားနေရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေအောက်မှာ နေထိုင်နေရတဲ့ ပြည်သူလူထု အနေနဲ့ နောက်ဘယ်လောက်ကြာတဲ့ အထိ ခံနိုင်မလဲဆိုတဲ့ မေးခွန်းလည်း ပေါ်ထွက်လာနေတာ ဖြစ်ပြီး လက်နက်ကိုင် အဖွဲ့တွေအနေနဲ့တော့ ပြည်သူလူထုခံစားနေကြရတဲ့ ဆင်းရဲကြပ်တည်းမှု၊ အသက်အန္တရာယ် ကျရောက်မှု အနေအထားတွေကို ဘယ်လောက်နားလည် ပေးနိုင်မလဲဆိုတဲ့ မေးခွန်းလည်း ရှိနေတာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar