(မိုးမခ) နိုဝင်ဘာ ၁ ၊ ၂၀၂၄
ဂန္ဓာလရာဇ်၊ စိနရဌ၊ စိန့်တိုင်း၊ ချိုင်းနား စသည်ဖြင့် နာမည်အမျိုးမျိုးနဲ့ ကျနော်တို့ သိကြတဲ့ တရုတ်ပြည်ကြီးဟာ မြန်မာပြည်နဲ့ပတ်သက်ရင် မဟာဗျူဟာအဆင့်မှာ မာယာမများလှပေမဲ့၊ နည်းဗျူဟာအဆင့်မှာတော့ မာယာများလှပါတယ်။
သမိုင်းအဆက်ဆက် တရုတ်ပြည်မှာ ကြီးစိုးခဲ့ကြတဲ့ မင်းတွေဟာ မွန်ဂို၊ မန်ချူး၊ ဟန် စသဖြင့် ဘယ်မျိုးနွယ်ကပဲ ဖြစ်စေ၊ မြန်မာပြည်အပေါ် ထားတဲ့ မဟာဗျူဟာကတော့ တခုတည်းသာ ရှိပါတယ်။ အဲဒါကတော့ မြန်မာပြည်ကို အင်အားချည့်နဲ့စေပြီး၊ သူ့ရဲ့ သြဇာခံနိုင်ငံအဖြစ် ထားရှိရေး ဖြစ်ပါတယ်။ အဲဒီ မဟာဗျူဟာရည်မှန်းချက် အောင်မြင်စေဖို့အတွက် သုံးစွဲတဲ့ နည်းဗျူဟာကတော့ အသွေးအရောင် စုံလင်လှတဲ့ မြန်မာအင်အားစုတွေအပေါ် မာယာပေါင်းစုံ သုံးပြီး ကစားခြင်းပဲ ဖြစ်ပါတယ်။ ဒီအချက်ကို သက်သေပြနိုင်ဖို့အတွက် သမိုင်းဘက်ကို တချက် လှည့်ကြည့်ကြရအောင်ပါ။
အေဒီ ၁၀၅၀ နဲ့ ၁၀၆၀ ကြားမှာ မြန်မာပြည်ရဲ့ ပထမဆုံး လက်နက်နိုင်ငံတော် (အင်ပါယာ) ဖြစ်လာခဲ့တဲ့ ပုဂံပြည်ဟာ ၁၂ ရာစုနှောင်းပိုင်းနဲ့ ၁၃ ရာစု တ၀က်လောက်မှာ ဘုန်းမီးနေလ အတောက်ပဆုံး ဖြစ်လာခဲ့တယ်။ တရုတ်ပြည်ရဲ့ ယွမ်မင်းဆက်ကို ၁၂၇၇ ခုနှစ်မှာ ထူထောင်ခဲ့တဲ့ မွန်ဂိုဧကရာဇ်ဘုရင် ကူဗလိုင်ခန်ဟာ ပုဂံပြည်ကို ပထမဆုံးအကြိမ် ကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။ ကျူးကျော်ရခြင်းရဲ့ ပင်မအကြောင်းတရားကတော့ တရုတ်ပြည်ရဲ့ လက်အောက်ခံ ပဏ္ဏာဆက်ဘုရင်ငယ်အဖြစ်ကို ပုဂံမင်း နရသီဟပတေ့က လက်မခံခဲ့လို့ ဖြစ်ပါတယ်။ ပထမ တရုတ်-မြန်မာ စစ်ပွဲကာလ အေဒီ ၁၂၇၇ ခုနှစ်နဲ့ ၁၂၈၇ ခုနှစ်အတွင်း ဖြစ်ခဲ့တဲ့ တရုတ်-မြန်မာ တိုက်ပွဲတွေအတွင်းမှာ ပုဂံအင်ပါယာထဲက ရှမ်းနဲ့ ကချင်ဒေသတွေအပြင် အညာဒေသက တကောင်းနဲ့ ဟန်လင်းဒေသတွေကိုပါ တရုတ်တွေက သိမ်းပိုက်ခဲ့ပါတယ်။ ပုဂံနေပြည်တော်ကိုလည်း ဖျက်ဆီးခဲ့ပါတယ်။ ဒါဟာ တရုတ်ပြည်က မြန်မာပြည်အပေါ် အကြမ်းဖက်စစ်တိုက်တဲ့ နည်းဗျူဟာကို သုံးပြီး ချေမှုန်းခဲ့တဲ့ သာဓကပါ။
စစ်ရှုံးချိန်မှာ အောက်မြန်မာပြည်ကို တိမ်းရှောင်သွားခဲ့တဲ့ နရသီဟပတေ့ဟာ ရွေးစရာလမ်း မရှိတော့တဲ့ အဆုံး၊ ပုဂံပြည်ကို တရုတ်ပြည်ရဲ့ လက်အောက်ခံ ပဏ္ဏာဆက်နိုင်ငံဘ၀အဖြစ် ခံယူဖို့ ၁၂၈၇ ခုနှစ်မှာ သဘောတူလိုက်ပါတယ်။ သျှင်ဒိသာပါမောက်ရဲ့ သံတမန်ရေးအရ ညှိနှိုင်းပေးမှုကြောင့် အဲဒီလို သဘောတူခဲ့တာပါ။ အဲဒီအစီအစဉ်အရဆိုရင် တရုတ်တွေ သိမ်းပိုက်ထားတဲ့ မြန်မာပြည်မြောက်ပိုင်းဒေသကို ချင်းမျန် (Cheng-Mien) နဲ့ မြန်မာပြည်အလယ်ပိုင်းဒေသကို မျန်ချွန်း (Mien-Chung) ဆိုတဲ့ နာမည်တွေနဲ့ တရုတ်နိုင်ငံရဲ့ အစောင့်ရှောက်ခံ ပြည်နယ်တွေအဖြစ် ဖန်တီးအုပ်ချုပ်ဖို့ ဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့်တော့ တရုတ်တပ်တွေကို မြန်မာပြည်ကနေ ရုပ်သိမ်းပေးမှာ ဖြစ်ပါတယ်။ ပုဂံအင်ပါယာကြီး ဖရိုဖရဲ ဖြစ်လာပြီးတဲ့နောက် ပဲခူးနဲ့ မုတ္တမဒေသတွေမှာ ပုန်ကန်ထကြွမှုတွေ ဖြစ်နေတဲ့ အောက်မြန်မာပြည်ကိုတော့ တရုတ်တွေက သူတို့ရဲ့ အုပ်ချုပ်ရေးကို တည်ဆောက်ဖို့ စိတ်မကူးဘဲ ပေယျာလကန်သဘောနဲ့ ပစ်ထားလိုက်ပါတယ်။ ဒါဟာ စစ်နိုင်မင်းတွေရဲ့ အစဉ်အလာကို ဆန့်ကျင်ပြီး၊ သူတို့ ဖြိုခွဲလိုက်တဲ့ မြန်မာပြည်ကို တလူတမင်းနဲ့ အစိုးမရတဲ့ဒေသ ဖြစ်သွားအောင် လုပ်ဖို့ ရည်ရွယ်ခဲ့တဲ့ နည်းဗျူဟာ ဖြစ်ပါတယ်။
ဒီအစီအစဉ်တွေ အထမမြောက်ခင် အဲဒီနှစ်မှာပဲ သားဖြစ်တဲ့ ပြည်စားသီဟသူက လုပ်ကြံတာကြောင့် နရသီဟပတေ့ ကွယ်လွန်ခဲ့ပါတယ်။ ဒီအခါမှာ တရုတ်တွေက နရသီဟပတေ့ရဲ့ သားတော် နောက်တပါးဖြစ်တဲ့ ကျော်စွာမင်းသားကို သူတို့ရဲ့ ရုပ်သေးဘုရင်အဖြစ် နန်းတင်ပြီး ပုဂံမြို့ အနီးတဝိုက်ကိုသာ အုပ်ချုပ်စေပါတယ်။ ဒါဟာ အားနည်းတဲ့ အုပ်ချုပ်သူကို ရုပ်သေးဘုရင်အဖြစ် မွေးစားလိုက်တဲ့ နည်းဗျူဟာနဲ့ မြန်မာပြည်ကို နာလန်မထူနိုင်အောင် လုပ်လိုက်တာပါ။
ကျော်စွာမင်း နန်းတက်ပြီး လပိုင်းအကြာမှာပဲ အသင်္ခယာ၊ ရာဇသင်္ကြန်နဲ့ သီဟသူ ဆိုတဲ့ မြင်စိုင်းဒေသအခြေစိုက် ရှမ်းညီနောင်သုံးယောက်က တော်လှန်ပုန်ကန်ပါတယ်။ သူ နန်းကျမှာကို စိုးရိမ်တဲ့ ကျော်စွာမင်းဟာ သားကြီးဖြစ်တဲ့ သိင်္ဃပတိကို တကောင်းမြို့မှာ တပ်ချထားတဲ့ တရုတ်တပ်တွေဆီ ပို့လွှတ်ပြီး စစ်ကူတောင်းပါတယ်။ ဒါ့အပြင် ဒုတိယသားဖြစ်တဲ့ ကုမာရကဿပကို တရုတ်ပြည်အထိ စေလွှတ်ပြီး၊ ပုဂံပြည်ကို တရုတ်ရဲ့ အစောင့်အရှောက်ခံနိုင်ငံအဖြစ် ကာကွယ်စောင့်ရှောက်ပေးဖို့ မွန်ဂို-တရုတ်ဧကရာဇ် တီမူးခန် (Temür Khan) ကို တောင်းပန်ခဲ့ပါတယ်။ တရုတ်ဘုရင်ကလည်း ကုမာရကဿပကို ပုဂံထီးနန်းဆက်ခံသူအဖြစ် အသိအမှတ်ပြုပြီး၊ ယူနန်တရုတ်တပ်တွေကို စေလွှတ်ပြန်ပါတယ်။ (ဒီဖြစ်ရပ်ကို သမိုင်းမှာ ဒုတိယ တရုတ်-မြန်မာစစ်ပွဲလို့ သတ်မှတ်ထားပါတယ်။) အဲဒီတပ်တွေက မြင်စိုင်းက ရှမ်းတပ်တွေကို ခဏတာ ဝန်းရံပိတ်ဆို့ခဲ့ပေမဲ့ မြင်စိုင်းမင်းသားတွေက တံစိုးလက်ဆောင်တွေ မတန်တဆပေးပြီး ညှိနှိုင်းခဲ့တာကြောင့် ပြန်လည်ဆုတ်ခွာသွားခဲ့ကြပါတယ်။ ဒီနောက်မှာတော့ မြင်စိုင်းမင်းသားတွေက ကျော်စွာမင်းရဲ့ သားငယ် စောနစ် (မင်းလုလင်) ကို သူတို့ရဲ့ ဩဇာလွှမ်းမိုးနိုင်မယ့် ဘုရင်ခံအဖြစ် ပုဂံကို အုပ်ချုပ်စေပါတယ်။ စောနစ်ကို ဘုရင်ခံရာထူး ခန့်အပ်ပြီးတာနဲ့ ကျော်စွာမင်းနဲ့တကွ တရုတ်တွေက လွှဲပေးလိုက်လို့ သူတို့လက်ထဲကို ရောက်လာတဲ့ ကျော်စွာမင်းရဲ့ သားကြီး သိင်္ဃပတိကို မြင်စိုင်းမင်းသားတွေက ကွပ်မျက်လိုက်ပါတယ်။ စောနစ်ရဲ့ ဘုရင်ခံသက် ကုန်ဆုံးပြီးတဲ့နောက် သူ့ရဲ့သား စောမွန်နစ်လက်ထက် အရောက်မှာတော့ ပုဂံပြည်ကြီးဟာ ပုဂံမင်းဆက်နဲ့အတူ ချုပ်ငြိမ်းသွားခဲ့ပါတော့တယ်။
ဒီဖြစ်ရပ်က ဘာကို သက်သေပြခဲ့သလဲဆိုရင် – တရုတ်တွေရဲ့ ကျူးကျော် တိုက်ခိုက်မှုကြောင့် အင်အားချည့်နဲ့သွားတဲ့ ပုဂံဘုရင်ဟာ သူ့ထီးနန်းကို ကာကွယ်ဖို့အတွက် ပင်မရန်သူဖြစ်တဲ့ တရုတ်ဘုရင်ရဲ့ လက်ထဲ တိုင်းပြည်ကို ထိုးအပ်ဖို့ ၀န်မလေးခဲ့သလို၊ တရုတ်ဘုရင်ကလည်း သူတို့အတွက် အကျိုးလာဘ်လာဘ ပိုရှိမယ်ဆိုရင် သူတို့ တင်ထားခဲ့တဲ့ ရုပ်သေးဘုရင်ကိုပါ သစ္စာဖောက်ပြီး စတေးပစ်လိုက်ဖို့ ၀န်မလေးကြောင်းကို သက်သေပြခဲ့တာပါ။
အေဒီ ၁၂၉၇ ခုနှစ်မှာ ပုဂံပြည် ပျက်သွားပြီးတဲ့နောက် နှစ်ပေါင်း ၂၅၀ လောက် ဖရိုဖရဲဖြစ်သွားခဲ့တဲ့ မြန်မာပြည်ရဲ့ အထက်ပိုင်းမှာ မြင်စိုင်းရှမ်းမင်းတွေနဲ့ သူတို့ရဲ့ အနွယ်ဝင်တွေက ဆက်ပြီး ထူထောင်ကြတဲ့ ပင်းယ၊ စစ်ကိုင်း၊ အင်း၀ စတဲ့ နိုင်ငံငယ်လေးတွေ ပေါ်လာသလို၊ အောက်ပိုင်းမှာလည်း ဟံသာ၀တီ၊ မြောက်ဦး၊ ပြည်၊ တောင်ငူ စတဲ့ နိုင်ငံငယ်လေးတွေ ထွန်းကားလာပါတယ်။ အဲဒီနိုင်ငံငယ်တွေ အချင်းချင်းကြားမှာလည်း (အင်းဝနဲ့ ဟံသာဝတီ ကြားမှာ ဖြစ်တဲ့) နှစ်လေးဆယ်စစ်ပွဲအပါအ၀င် စစ်ပွဲကြီးငယ်ပေါင်းများစွာ ပေါ်ပေါက်ခဲ့လို့ စစ်မက်ဒဏ်ကို တိုင်းသူပြည်သားတွေ ခံစားကြရပါတယ်။ အဲဒီကာလတွေအတွင်း အေဒီ ၁၄၁၂ ခုနှစ်ကနေ ၁၆၆၂ ခုနှစ်အထိ နယ်စပ်ဒေသတွေမှာ တရုတ်-မြန်မာ စစ်ပွဲပေါင်း လေးကြိမ် ဖြစ်ခဲ့ပါတယ်။
ဒီနောက် တပင်ရွှေထီးနဲ့ ဘုရင့်နောင်တို့ တိုက်ခိုက် တည်ထောင်ခဲ့တဲ့ တောင်ငူခေတ်မှာ မြောက်ဦးကလွဲလို့ အင်း၀၊ ပြည်၊ ဟံသာဝတီ၊ မဏိပူရ၊ လင်ချန်း (လာအို)၊ ဇင်းမယ်၊ အယုဒ္ဓယ၊ မြန်မာပြည်ထဲက ရှမ်းဒေသတွေအပြင် တရုတ်ပြည်ထဲက တိုင်ရှမ်း (Tai Shan) ဒေသတွေကိုပါ သိမ်းပိုက်နိုင်ခဲ့တာကြောင့် မြန်မာပြည်ဟာ အရှေ့တောင်အာရှမှာ အင်အားအကြီးဆုံး တိုင်းပြည်တခု ဖြစ်လာပြန်ပါတယ်။ ဒီအခါမှာလည်း တရုတ်မင်းတွေရဲ့ နှိပ်ကွပ်မှုကို ရင်ဆိုင်ရပြန်ပါတယ်။
တောင်ငူခေတ်အပြီး ပေါ်ပေါက်လာတဲ့ ကုန်းဘောင်ခေတ်ရဲ့ ဆင်ဖြူရှင်မင်းလက်ထက်၊ အေဒီ ၁၇၆၅ နဲ့ ၁၇၆၉ ခုနှစ်ကြား၊ လေးနှစ်တာ ကာလအတွင်းမှာ တရုတ်တပ်တွေက မြန်မာပြည်ကို လေးကြိမ်တိုင်တိုင် ကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီအချိန်က တရုတ်ပြည်မှာ ချင်မင်းဆက် (Qing dynasty) ရဲ့ ချန်းလုံ ဧကရာဇ်ဘုရင် (Qianlong Emperor) က စိုးစံနေပါတယ်။ ကုန်းဘောင်ခေတ် တရုတ်-မြန်မာ ပထမစစ်ပွဲက နယ်စပ်ဒေသမှာ စဖြစ်တဲ့ တိုက်ပွဲပါ။ အဲဒီခေတ် တရုတ်-မြန်မာ နယ်စပ်မျဉ်းဟာ နှစ်နိုင်ငံစာချုပ်နဲ့ အတိအကျ သတ်မှတ်ထားတာမျိုး မဟုတ်တာကြောင့်၊ မြန်မာဖက်ခြမ်းက ကုန်သည်တွေဟာ နှစ်ဖက်လုံးကို အခွန်ပေးဆောင်ရပါတယ်။ ဒီလိုအနေအထားမှာ တရုတ်ဘက်ကနေ အခွန်ကို တိုးမြှင့်ကောက်ခံခဲ့တာကြောင့် မြန်မာဘက်က ရှမ်းတွေက မကျေမနပ်ဖြစ်ပြီး တော်လှန်ရာက စစ်ပွဲစခဲ့တာပါ။ ဒီဖြစ်ရပ်ကို တရုတ်ဘက်က ပုံကြီးချဲ့ပြီး ကျိုင်းတုံက မြန်မာစစ်စခန်းကို ဝင်တိုက်ရာကနေ စစ်ဖြစ်ခဲ့ပါတယ်။
ပထမနဲ့ ဒုတိယ တရုတ်-မြန်မာ စစ်ပွဲတွေမှာ တရုတ်ဘက်က ယူနန်နယ်ဒေသခံ ဟန်လူမျိုး နယ်ခြားစောင့်တပ်နဲ့အတူ ဒေသခံ တိုင်ရှမ်းလူမျိုးတွေ ပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။ မြန်မာဘက်မှာတော့ ကျိုင်းတုံကို အခြေပြုပြီး အယုဒ္ဓယကို စစ်ထိုးနေတဲ့ မြန်မာဘုရင့်တပ်တွေ၊ သံလျင်စစ်ပွဲမှာ ဖမ်းမိခဲ့တဲ့ ပြင်သစ်အမြောက်တပ်သားတွေနဲ့ မြန်မာဘက်ခြမ်းက ရှမ်းလူမျိုးတွေ ပါဝင်ခဲ့ပါတယ်။ အဲဒီစစ်ပွဲနှစ်ခုစလုံးမှာ တရုတ်ဘက်က ရှုံးနိမ့်ပြီး ဆုတ်ခွာပေးခဲ့ရတဲ့အတွက် ရာဇအိန္ဒြေကို ထိပါးတယ်ဆိုပြီး တရုတ်ဧကရာဇ် ချန်းလုံက အမျက်ဒေါသထွက်ခဲ့ပါတယ်။ ဒါကြောင့် ဘုရင့်စစ်တပ်ဖြစ်တဲ့ မန်ချူးတံခွန်ကိုင်တပ်ကို အင်းဝနေပြည်တော်နားအထိ စေလွှတ်ပြီး ထိုးဖောက်တိုက်ခိုက်ခဲ့ပါတယ်။ ဆင်ဖြူရှင်မင်းကလည်း ယိုးဒယားကို ရောက်နေတဲ့ မြန်မာတပ်တွေကို ခေါ်ယူပြီး တပ်အင်အား ဖြည့်တင်းခဲ့ပါတယ်။ ဒီအခါ မန်ချူးတပ်တွေဟာ စစ်ပွဲနဲ့ ရောဂါဘယဒဏ်တွေကြောင့် အကျအဆုံးများစွာနဲ့ တပ်ပြန်ဆုတ်ခဲ့ရပြန်ပါတယ်။
အရှုံးနဲ့ ထပ်မံရင်ဆိုင်ရလို့ မကျေမချမ်းဖြစ်သွားတဲ့ ချန်းလုံဘုရင်ဟာ ကုန်းဘောင်ခေတ်အတွင်း စတုတ္ထနဲ့ နောက်ဆုံးတိုက်ပွဲအဖြစ် မြန်မာပြည်ကို ထိုးစစ်ဆင်ပြန်ပါတယ်။ ဒီတကြိမ်မှာတော့ တရုတ်ဘုရင်ဟာ သူ့ရဲ့ သြဇာသက်ရောက်တဲ့ လာအိုနဲ့ ယိုးဒယားဘုရင်တွေကိုပါ သံတမန်နည်းအရ ဖိအားပေးပြီး သူ့ဘက်ကနေ ၀င်ရောက်တိုက်ခိုက်စေခဲ့ပါတယ်။ ဒါပေမဲ့ ဒီတကြိမ်မှာတော့ တတိယစစ်ပွဲတုန်းကလို မြေပြန့်ဘက်ကိုတောင် မရောက်တော့ဘဲ မြန်မာဖက်ခြမ်းက ကောင်းတုံဒေသမှာတင် တပ်လန်ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ရပါတယ်။
ပုဂံခေတ်နဲ့ ကုန်းဘောင်ခေတ်မှာ ဖြစ်ပွားခဲ့တဲ့ တရုတ်-မြန်မာစစ်ပွဲတွေအတွင်းမှာ တရုတ်ဘက်က အသုံးပြုသွားခဲ့တဲ့ မာယာတွေကို ကြည့်မယ်ဆိုရင်—
၁။ တရုတ်ပြည်က မြန်မာပြည်အပေါ် အကြမ်းဖက်စစ်တိုက်တဲ့ နည်းဗျူဟာ
၂။ မြန်မာပြည်ကို တလူတမင်းနဲ့ အစိုးမရတဲ့နိုင်ငံ ဖြစ်သွားအောင် ဖြိုခွဲတဲ့ နည်းဗျူဟာ
၃။ အားနည်းတဲ့ အုပ်ချုပ်သူကို ရုပ်သေးဘုရင်အဖြစ် မွေးစားတဲ့ နည်းဗျူဟာ
၄။ သူတို့အတွက် အကျိုးလာဘ်လာဘ ပိုရှိမယ်ဆိုရင် သူတို့တင်ထားခဲ့တဲ့ ရုပ်သေးဘုရင်ကိုပါ သစ္စာဖောက်ပြီး စတေးပစ်တဲ့ နည်းဗျူဟာ
၅။ နယ်စပ်ပဋိပက္ခကို ပုံကြီးချဲ့ပြီး မြန်မာပြည်ကို သူ့ရဲ့ လက်အောက်ခံနိုင်ငံအဖြစ် သိမ်းပိုက်ဖို့ ကြိုးစားတဲ့ နည်းဗျူဟာနဲ့
၆။ မြန်မာနဲ့ ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ သူ့ဖက်ကနေ ပါဝင်လာစေဖို့ ဖိအားပေးတဲ့ နည်းဗျူဟာ – စတဲ့ နည်းဗျူဟာ ၆ ချက်ကို တွေ့ရမှာ ဖြစ်ပါတယ်။
တရုတ်ကွန်မြူနစ်အစိုးရဟာ လွပ်လပ်ရေးရပြီးခါစ မြန်မာနိုင်ငံအပေါ် သူတို့ရဲ့ သြဇာလွှမ်းမိုးနိုင်ဖို့အတွက် ဝါဒရေးရာကို အသုံးချပြီး ကြိုးစားခဲ့ဖူးတဲ့ အပြင်၊ ဗမာပြည်ကွန်မြူနစ်ပါတီကို စစ်ရေးအရ ကူညီရာမှာလည်း စစ်လက်နက်ပစ္စည်းသာမက သောင်းချီတဲ့ တရုတ်စစ်သားတွေကိုပါ ဗကပဘက်ကနေ ဝင်တိုက်ပေးစေခဲ့ဖူးပါတယ်။ ဗကပ ပြိုကွဲသွားပြီးတဲ့နောက်မှာတော့ စီးပွားရေးအကျိုးအမြတ်အတွက် နဝတ-နအဖ စစ်အုပ်စုကို တရုတ်အစိုးရက အားပေးထောက်ခံခဲ့ပြီး သူတို့ရဲ့ သြဇာခံ အစိုးရဖြစ်လာအောင် ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ မြန်မာပြည်သူတရပ်လုံးက အော့နှလုံးနာပြီး ဝိုင်းဝန်းတော်လှန်နေကြတဲ့ စကစ စစ်အုပ်စုကို တရုတ်အစိုးရက ပြောပြောင်တင်းတင်း ထောက်ခံအားပေးနေတဲ့အပြင် မြန်မာ့ပြည်တွင်းရေးကိုပါ လူသိရှင်ကြား ဝင်ရောက်စွက်ဖက်နေပါတယ်။ ဒါဟာ ဘာကြောင့်ပါလဲ။
အဖြေကတော့ – အင်အားချည့်နဲ့ပြီး သူတို့ရဲ့ ဩဇာခံ ရုပ်သေးအစိုးရ ဖြစ်လာနေတဲ့ စစ်ကောင်စီ ပြိုလဲသွားမှာကို တရုတ်အစိုးရက စိုးရိမ်နေလို့ ဖြစ်ပါတယ်။ စစ်ကောင်စီ ပြုတ်ကျသွားပြီးတဲ့နောက် ဖက်ဒရယ်ဒီမိုကရေစီအစိုးရတရပ် မြန်မာပြည်မှာ ပေါ်လာခဲ့ရင် သူတို့ စိတ်တိုင်းကျ ထိန်းချုပ်လို့ မရနိုင်ဘူး ဆိုတာကိုလည်း တရုတ်အစိုးရက ကောင်းကောင်းသဘောပေါက်နေလို့ ဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်ရှိ တရုတ်အစိုးရဟာ သမိုင်းတလျှောက်က တရုတ်ဘုရင်တွေ သုံးခဲ့ကြတဲ့ မဟာဗျူဟာနဲ့ နည်းဗျူဟာတွေကို ဆက်လက် ကျင့်သုံးနေခြင်းပဲ ဖြစ်ပါတယ်။
မြန်မာပြည်က တော်လှန်ရေးအင်အားစုတွေ အနေနဲ့ကတော့ နွေဦးတော်လှန်ရေးကြီး အောင်မြင်အောင် မီးကုန်ယမ်းကုန် တိုက်ပွဲဝင်ခြင်းအားဖြင့် တရုတ်အစိုးရရဲ့ မဟာဗျူဟာ ရည်မှန်းချက်ကြီး ဘယ်နည်းနဲ့မှ အကောင်အထည် ပေါ်မလာစေဖို့အတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြဖို့သာ ရှိပါတော့တယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar