ပုံအညွှန်း-စစ်ကောင်စီခေါင်းဆောင်နှင့်ဌာနဆိုင်ရာများ စစ်တွေမြို့တွင် ၂၀၂၃ ခုနှစ်က တွေ့ဆုံစဉ်
ဓါတု
တိုက်ပွဲပြင်းထန်နေသည့် အမ်းမြို့တွင် လူဝင်မှုကြီးကြပ်ရေး(လဝက)နှင့်အထွေထွေအုပ်ချုပ်ရေးဌာနမှ အရာရှိနှင့်ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့အရာရှိနှင့်တပ်ဖွဲ့ဝင်များကို စစ်ကောင်စီက မြို့မှထွက်ခွင့်မပေးကြောင်းနီးစပ်သူများထံကသိရသည်။
တရားရေး၊စားသုံးသူရေးရာ၊အခွန်ဦးစီးဌာန၊စာရင်းစစ်နှင့် ပညာရေးဌာနမှ အရာရှိများနှင့်ဝန်ထမ်းများကို ပြီးခဲ့သည့်အောက်တိုဘာလလယ်တွင် ထွက်ခွာခွင့်ပြုခဲ့သော်လည်း အထက်ပါ ဌာနသုံးခုမှ တာဝန်ရှိသူများကို နေရပ်ပြန်ခွင့်မပြုခြင်းဟု ဆိုသည်။
“သူတို့ကို ထွက်ခွင့်မပေးတဲ့အပြင် ခွင့်တင်လည်းမရဘူး”ဟု အမ်းမြို့မှ ဌာနဆိုင်ရာနှင့်နီးစပ်သူတဦးကမဇ္စျိမကိုပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလလယ်ပိုင်းကလည်း အဆိုပါဌာနများမှ အရာရှိတဦးနှင့်ဝန်ထမ်းအချို့သည် တောလမ်းမှ ထွက်ပြေးတိမ်းရှောင်ရန်ကြိုးပမ်းခဲ့သော်လည်းတိုက်ပွဲပြင်းထန်မှုကြောင့် လှည့်ပြန်ခဲ့ရကြောင်း ဌာနဆိုင်ရာဝန်ထမ်းအချို့၏ မိသားစုဝင်များထံမှသိရသည်။
အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တိုင်းမှူးနှင့်အထွေထွေအုပ်ချုပ်ရေးမှူးသည် လက်ရှိတွင်တပ်မိသားစုဝင်များ၊အထွေထွေအုပ်ချုပ်ရေးမှူးနှင့်နီးစပ်သည့်ဒေသခံများကို မြို့မှထွက်ခွာခွင့်ပေးပြီး သာမာန်အရပ်သားများကိုထွက်ခွင့်မပေးကြောင်း သတင်းရရှိသည်။
“ထွေအုပ်တို့နဲ့ နီးစပ်တဲ့ ပိုက်ဆံချမ်းသာတဲ့သူတွေကျထွက်ခွင့်ရတာကြာလှပြီ။ ထွေအုပ်ဆီခရီးသွားလာခွင့်တင်ထားတာကြာပြီ မကျသေးဘူး။ မေ့မေ့ပျောက်ပျောက်လိုပုံစံလုပ်ပြနေတာ။ အခုကျ AA ကလမ်းပိတ်ဆို့ထားလို့ မသွားခိုင်းတဲ့စကားမျိူးပြောလာတယ်”ဟုအမ်းမြို့သစ်ဒေသခံတဦးကမဇ္စျိမကိုပြောသည်။
လက်ရှိအမ်းမြို့ပေါ်တွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံများအပါအဝင် လူဦးရေ ၅,၀၀၀ နီးပါးမှာပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီသည် အမ်းမြို့ပေါ်ကို လေကြောင်းမှတိုက်ခိုက်မှုများပြုလုပ်နေ၍ ပိတ်မိနေသည့်မြို့ခံများသည် စိုးရိမ်နေကြသည်။အမ်းမြို့လေယာဉ်ကွင်းရပ်ကွက်နှင့် ရပ်ကွက်(၄)ကို အောက်တိုဘာလ၂၉ရက်ကလေကြောင်းမှဗုံးကြဲရာ ဒေသခံ ခုနှစ်ဦးသေဆုံးပြီး ဆယ်ဦးကျော်ဒဏ်ရာရခဲ့သည်ဟု မြို့ခံအချို့ကပြောသည်။ ဒဏ်ရာရသူများအနက် ထပ်မံသေဆုံးသူများရှိကြောင်း သိရသော်လည်း အသေးစိတ်မသိရသေးပေ။
စစ်ကောင်စီသည် အမ်းမြို့သို့ ဆက်သွယ်ထားသည့် ရန်ကုန်-စစ်တွေ ကားလမ်းဖြစ်သည့် အမ်းမြို့အထွက် မြိုင်သာယာကျေးရွာအနီး ကားလမ်းတွင် သုံးနေရာ၊ အမ်း-မအီကားလမ်း တမိုင်ကုန်းအနီးတွင် နှစ်နေရာ၊အမ်း-တပ်တောင်ကားလမ်း၊ လုံးကျေးရွာအနီးတွင် နှစ်နေရာ စုစုပေါင်းကားလမ်းခုနစ်ခု၏ အဝင်အထွက်များကို ပြီးခဲ့သည့်(ဖေဖော်ဝါရီလ ၂၈ ရက်)က မြေတူးစက်ဖြင့်ဖြတ်တောက်ထားသည်ဟု ဒေသခံများကပြောသည်။
မကွေးတိုင်းဘက်သို့ ဆက်သွယ်ထားသည့် အမ်း-ပဒါန်းကားလမ်းတခုသာဖွင့်ထားပြီး အဆိုပါလမ်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် နီးစပ်သူများကိုသာ ထွက်ခွင့်ပြုခြင်းဖြစ်သည်ဟု သိရသည်။
သို့သော်လက်ရှိအနေအထားအရ အမ်းမြို့ပေါ်တွင် တိုက်ပွဲများပိုမိုပြင်းထန်လာခြင်းကြောင့် အာရက္ခတပ်တော်(AA)နနှင့်ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက အမ်း-ပဒါန်းကားလမ်းရှိ အမ်းမြို့မှခြောက်မိုင်အကွာဂိတ်ကို ပိတ်ဆို့ထားကြောင်းဒေသခံများထံသိရသည်။
အမ်းမြို့နယ်မှပြန်လာသည့် စစ်ကောင်စီရိက္ခာပို့ယာဥ်တန်းကို အမ်း – ပဒါန်းကားလမ်းပိုင်းတွင် အရှိုချင်းကာကွယ်ရေးတပ်(ACDF ) နှင့်မင်းဘူးခရိုင် တပ်ရင်း( ၂ )က အောက်တိုဘာလ ( ၂၈ ) ရက်နေ့ကတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှု၌ စစ်ကောင်စီဘက်မှ ဆယ်ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားသည်ဟု ACDFက သတင်းထုတ်ပြန်ထားသည်။
အမ်းမြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နပခအနီးရှိ ခမရ(၃၇၃)၊စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)၊စစ်ဆေးရုံ(တိုင်းဆေးရုံ)များကို AAက သိမ်းပိုက်ထိန်းချုပ်ထားသည်။ လတ်တလောတွင် နပခအနီးရှိအမှတ်(၃၇၄)အမြောက်တပ်၊စစ်လက်နက်ပစ္စည်းသိုလှောင်တပ်(COD)နှင့် စစ်မြေပြင်အင်ဂျင်နီယာတပ်များတွင် ယမန်နေ့ (အောက်တိုဘာလ ၃၁ ရက်)ကတိုက်ပွဲပြင်းထန်ခဲ့သည်။
ယနေ့(နိုဝင်ဘာလ ၁ရက်)တွင် အမ်းမြို့ဂေါက်ကွင်းအနီး ဒိုင်ကြီးကကျေးရွာအနီးနှင့် အမ်းတိုက်/စည်းကျောင်းအနောက်ဘက်တွင် AAနှင့် စစ်ကောင်စီအနီးကပ်တိုက်ပွဲများဖြစ်ပွားနေကြောင်းဒေသခံများကဆိုသည်။ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများလည်းပြုလုပ်နေကြောင်း သိရသည်။
စာတည်း – အေးချမ်း
The post တိုက်ပွဲပြင်းထန်နေသည့်အမ်းမြို့တွင် ဌာန၃ခုမှအရာရှိနှင့်ဝန်ထမ်းများထွက်ခွာခွင့် စစ်ကောင်စီပိတ် appeared first on BUR.MIZZIMA.COM.