(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၂၄
“မအလက ဖုန်းမီးနေလ တောက်ပတယ်လို့ မုတ္တမတွေပြောတာ သိပ်မှန်တာကွ”
“ငင် ဘာမှန်တာလဲ၊ ဘယ်ဖုန်းမီးနေလက ဘယ်မှာ တောက်ပတာလဲ”
“တောက်ပပြီလားကွာ၊ ဝင်းဝင်းကို တောက်လို့”
“ဟေ့ကောင် မင်းလဲ လောဘ ဒေါသ မောဟ ဘောမဂိုဏ်းဝင်တော့မလို့လား”
“ဟ ဖုန်းမီးနေလတောက်ပတယ်ပြောတာနဲ့ အဲလို ထင်စရာလားကွ၊ မင်းတို့မလဲ စွပ်စွဲမယ်ဆိုတာချည်းဘဲ”
“ထင်ရမယ်လေကွာ မအလကို ဖွဲ့နွဲ့ပြီဆိုမှတော့”
“မင်းသေချာစဉ်းစားကြည့်၊ သူတို့ ပြောတဲ့ ဖုန်းမီးနေလ တောက်ပတယ် ဆိုတာ”
“အင်း လုပ်စမ်းပါအုံး”
“မင်းအောင်လှိုင် စောက်ရူးထကတည်းက အရင်ဆုံးပျက်တာက အင်တာနက်၊ နောက် လျှပ်စစ်မီးလေကွာ၊ ပျက်သာ ပျက်တာ ဈေးက တက်လိုက်သေး၊ နောက်အိမ်တွေ မီးတိုက်ဖျက် ရွာဖျက် မြို့ဖျက်၊ အကုန်ပျက်တော့ လူတွေဟာ မှောင်ပြီဆို ဖုန်းမီးဘဲ အားကိုးရတော့တာလေကွာ”
“အေး ဟုသား”
“ဒီ့ထက် ဖုန်းမီးတောက်ပတာရှိအုံးမလား၊ တတိုင်းပြည်လုံး တောရောမြို့ပါ လှည်းနေလှေထဲ ဝက်တဲကြက်ခြံ ဘယ်မှမကျန်အောင် ဖုန်းမီးတွေမှ ဝင်းဝင်းတောက်လို့”
”အေးပါကွ၊ ငါလဲ အိမ်သာသွားလဲ ဖုန်းမီးသုံးရ၊ မီးဖိုဝင်လဲ ဖုံးမီးသုံးရ၊ အမယ် ဖေ့စဘုတ်ထဲတွေ့တာတော့ လူနာခွဲစိပ်တာတောင် ဖုန်းမီးသုံးရသာဘဲ”
“အေးလေ ဒီထက် မတောက်ပချင်နဲ့တော့၊ အဲဒီဖုန်းမီးရဖို့ကလဲ နေမင်းကြီး တောက်ပနေမှကိုး။ ခု ငါတောင် ဟိုတုန်းက ညမှ မိုးလင်းနီးနီး စာဖတ်တာ။ ခု သောက်ချိုးပြင်ထားရတယ်ဟေ့။ နေ့အလင်းရောင်ရှိတုန်း လုပ်စရာနဲ့ စာအုပ်နဲ့ အချိန်လုနေရတယ်ကွ။ ညဆို မီးကလဲ မထွန်းရဲနဲ့။ မင်းပြောသလို အပေါ့ အလေး သွားတာရော ထမင်း ထချက်ဖို့ရောကစ မှောင်တာနဲ့ ဖုန်းမီးက တောက်ပတော့တာပဲဟေ့။ တခုခုလုပ်ပြီဆို ဖုန်းမီးထိုးဘဲ”
“ဖုန်းက ဒို့ငယ်တုန်းက ရေနံဆီမီးခွက်နဲ့ အဲဗားရယ်ဒီဓာတ်မီးလိုကိုဖြစ်နေတာနော့။ ကမ္ဘာဦးကလူတွေ နေတွေ လတွေမြင်ရင် သိပ်အားရဝမ်းသာ ဖြစ်ကြတယ်လို့စာထဲဖတ်ဖူးတာ ခုမှ သေချာ သဘောပေါက်တော့တာကွ၊ အိပ်ရာထတာနဲ့ နေမျှော်၊ ဆိုလာအားသွင်း၊ နေပြင်းပလားဆို သဘောတွေတောင်ကြလို့၊ ပူတာတောင် သတိမရ၊ လသာရင်လည်း ပျော်ရပြန်တာဘဲကွ၊ ငါ့မြေးတွေလည်း အဲဒီကျမှ ဆော့ရတော့တာပဲကိုး၊ အင်းခုတော့ သူတို့လဲ ဒို့ငယ်ငယ်ကလို လမသာရင် အဘိုးအဖွားနားကပ် ပုံပြင်ပြောခိုင်းတော့တာဘဲ”
“အေး အေး ငါ မအလ ဖုန်းမီးနေလတောက်ပတယ် ဆိုတာ လက်ခံပါပြီလေ”
“ဒါပေါ့ကွာ၊ ဒီစကားက ရှေးပဝေသဏီကတည်းကနေ ဘိုးဘေးစဉ်ဆက် ပြောခဲ့တာဆိုတော့ တဘောင် စကားများလားတောင် ထင်ရတယ်ကွ”
“အဲဒါ တဘောင် ဖြစ်ရင်ကော ဘာဖြစ်လဲ”
“ဟ ဘာဖြစ်ရမလဲ၊ တဘောင်ဆိုတာ သူ့သတ်မှတ်အဓိပ္ပာယ်ဖြစ်ပေါ်လာပြီဆိုရင် လမ်းဆုံးတာပဲကွ၊ ဒီကောင် လစ်ရတော့မှာပေါ့”
“ဪ အဲလိုလား၊ အဲလိုဆို “မဟုတ်တရုတ်” ဆိုတဲ့ ရှေးစကားလဲ ဘယ်တုန်းက ပြောခဲ့ကြမှန်းမသိပေမယ့် ခု သူ့အဓိပ္ပာယ်ပေါ်ပြီလေ၊ အဲဒါ တဘောင်စကားဖြစ်ရင် ကောင်းမယ်”
“အေးဟ ဟုတ်သားပဲ၊ တရုတ် မဟုတ်ပုံများ၊ ရှီကျင့်ဖျင်နဲ့ မင်းအောင်လှိုင်က ဖွားဘက်တော်လားတောင်မှတ်ရ။ ဒို့မြန်မာပြည်ကို ဖျက်ဖို့ နှိပ်စက်ဖို့များ တရုတ်ပြည်ရှိနေသလားဘဲ၊ မဟုတ်တရုတ်စိုက်ပျိုးရေးဆေးတွေနဲ့ နှိပ်စက်၊ တပြည်လုံး အဆိပ်သင့်အောင်လုပ်၊ မကောင်းတကောင်းပစ္စည်းတွေနဲ့နှိပ်စက်၊ သယံဇာတတွေ မတန်တဆဈေးနဲ့ယူ တောင်ကတုံး တောကတုံးတုံးရာကနေ ခု လူကတုံးတုံးဖို့ ဖြတ်ငါးဖြတ်တဲ့၊ တရုတ် မဟုတ်ချက်တော့”
“ဟုတ်ပါ့ဗျာ၊ သူကကျ ကျုပ်တို့ပြည်ကို ဆီဖြတ်သတဲ့၊ သူ့ပြည်ဆီ ရဖို့ကျ ကျုပ်တို့ပြည်ထဲက ပိုက်လိုင်းကနေ ဖြတ်သယ်တယ်၊ တော်တော့်ကို မဟုတ်တရုတ်နိုင်တဲ့ သတ္တဝါနော်”
“အင်း မဟုတ်တရုတ်ဆိုတဲ့စကားလဲ တဘောင်ဆိုရင်တော့ ခု သူ့အဓိပ္ပာယ်ပေါ်ပြီလေ၊ အာ့ဆို တရုတ်ကြီးရော လစ်မလား”
“ဟ သူလည်း သိကြားသားမို့လား၊ လစ်နိုင်တဲ့ အခြေအနေတွေ အများကြီးရှိနေတာဘဲ၊ ဒို့ဘုရားဟောတဲ့ အနိစ္စနဲ့တွေ့ပြီး ဒုက္ခရောက်ရအုံးမှာပေါ့၊ မဟုတ်တာ များရင် တရုတ် နာသွားမှာပဲလေ၊ တကမ္ဘာလုံးက သူ့ကို စိတ်ချရတဲ့သူလို့ ဘယ်သူက ထင်တော့မှာလဲ၊ ခုကို ဟိုကျယ်ဒီကျယ်နဲ့”
“အဲလိုဖြစ်ရင်တော့ ကောင်းပါလေ့”
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar