(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၂၄
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် စစ်ကောင်စီဥက္ကဋ္ဌနဲ့ တွေ့ဆုံခဲ့
ယခုလ ၂၉ ရက်နေ့က နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခ၊ လူသားချင်းစာနာမှုအကျပ်အတည်း နဲ့ပတ်သက်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂျူလီဘစ်ရှော့က မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အစီရင်ခံ ပြောကြားရာမှာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး စစ်ကောင်စီ ခေါင်းဆောင်၊ NLD နဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီ ကိုယ်စားလှယ်အချို့နဲ့ တွေ့ဆုံခဲ့တဲ့အကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ယခုနှစ် ဧပြီလမှာ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်ခံရတဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဖြစ်သူ Julie Bishop အနေနဲ့ ဒီတာဝန်ကို စတင်ဆောင်ရွက်ပြီး ၇ လ ဝန်းကျင်ကာလအတွင်းမှာ မြန်မာနိုင်ငံကို သွားရောက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်၊ NLD ပါတီ အပါအဝင် အခြားတိုင်းရင်းသားပါတီတွေက နိုင်ငံရေးသမားတွေနဲ့လည်း သီးခြားစီ တွေ့ဆုံခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
မြန်မာနိုင်ငံ ကို သွားရောက်ခဲ့တဲ့ ခရီးစဥ်နဲ့ ပတ်သက်လို့ ယခုလို ကုလအထွေထွေ ညီလာခံမှာ အစီရင်ခံ တင်ပြချိန်မှသာ အများသိရှိကြရတဲ့ သဘောဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ နိုင်ငံရေး အကျပ်အတည်း၊ ပြည်တွင်းစစ်နဲ့ ပတ်သက်လို့ အထူးသံတမန်ရဲ့ ချဥ်းကပ်မှု၊ သုံးသပ်မှုကတော့ လက်နက်ကိုင် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေရင် လူထုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူးလို့ ဆိုပြီး၊ မြန်မာ့အရေးမှာ ပါဝင်ပတ်သက်နေတဲ့ Stakeholders တွေအနေနဲ့ အပြီးသတ် အပြတ်ချေမှုန်းရေး၊ အနိုင်ယူရေး ဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်နေတာတွေကို စွန့်လွှတ်ပြီး လက်ရှိအခြေအနေကို ကျော်လွှားဖို့ လိုအပ်တယ်လို့ ပြောဆိုသွားပါတယ်။
အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ တခုထည်းသောနည်းလမ်းက ပြန်လည်သင့်မြတ်ရေး အတွက် လမ်းဖွင့်ပေးဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကုလသမဂ္ဂ အနေနဲ့ အဓိကကိုင်စွဲတဲ့ ရည်မှန်းချက်နဲ့ ရည်ရွယ်ချက်က လူသားချင်းစာနာမှုအကူအညီပေးရေး ဖြစ်တာကြောင့်လည်း နိုင်ငံရေးရပ်တည်ချက် တခုခုကို ထောက်ခံတာ အားပေးရပ်တည်တာထက် ပြန်လည်သင့်မြတ်ရေး စေ့စပ်ဆွေးနွေး အဖြေရှာရေးကို တိုက်တွန်းပြောဆိုတာ သဘာဝပဲ လို့နားလည်နိုင်ပါတယ်။
မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေ အနေနဲ့တော့ မိမိတို့ အနိုင်ရရေး၊ ရှိနေတဲ့ ရပ်တည်မှု မလျော့ပါးသွားရေး အတွက်သာ ဦးတည်လုပ်ဆောင်ကြတာ သဘာဝဖြစ်သလို အလုံးစုံ အနိုင်ရလိမ့်မယ်လို့ ယူဆ မျှော်လင့်နေချိန်မျိုးမှာ ဘယ်လို ဆွေးနွေးအဖြေရှာမှုမျိုးကိုမှ လက်ခံချင်ကြတာ မဟုတ်ပါဘူး။
ကုလသမဂ္ဂရဲ့ ရည်ရွယ်ချက်နဲ့ တာဝန်ကိုယ်၌က လူသားချင်းစာနာမှု အကူအညီပေးရေးက အဓိကဖြစ်ပြီး ငြိမ်းချမ်းရေး ထိန်းသိမ်းရေးလို တာဝန် ဝတ္တရားတွေကိုတော့ ကမ္ဘာပေါ်မှာ ဖြစ်ပွားနေတဲ့ အချို့သော ပြဿနာ အဖြစ်အပျက်တွေမှာသာ ထမ်းဆောင်နိုင်တာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် အရှေ့အလယ်ပိုင်း လက်ဘနွန်နိုင်ငံလို မျိုးဖြစ်ပါတယ်။
မြန်မာနိုင်ငံလို ပြည်တွင်းစစ်ဖြစ်ပွားနေတဲ့ နိုင်ငံမျိုးမှာတော့ အဲဒီအနေအထားထိ ပါဝင်ပတ်သက်ဖို့ အလားအလာ မရှိသလို လူသားချင်းစာနာမှု အကူအညီပေးအပ်နိုင်ရေး၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုတွေကို စောင့်ကြည့် ထုတ်ပြန်တာမျိုးတွေသာ လုပ်ဆောင်နိုင်တဲ့ အနေအထားလည်း ဖြစ်ပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်လာရင် ကုလသမဂ္ဂ အနေနဲ့ လူသားချင်းစာနာမှု အကူအညီပေးအပ်မှုကိုတောင် ပဋိပက္ခဖြစ်ပွားနေတဲ့ နယ်မြေတိုင်း၊ လိုအပ်နေတဲ့ ဒေသ၊ လိုအပ်နေသူတိုင်းကို ပေးအပ်နိုင်ခြင်း မရှိသေးပါဘူး။ သက်ဆိုင်ရာဒေသတွေကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင် အဖွဲ့ (အထူးသဖြင့် စစ်ကောင်စီတပ်) တွေရဲ့ တားဆီး ကန့်သတ်မှုတွေနဲ့ အကူအညီကို လွတ်လွတ်လပ်လပ် ပေးအပ်နိုင်ခြင်း မရှိတာတွေ့ရပါလိမ့်မယ်။
စစ်အာဏာသိမ်းမှု ဖြစ်ပွားစဥ် ကုလသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ခရစ်တင်း ဘာဂူနာ တာဝန်ယူခဲ့ပြီး အဲဒီနောက်မှာ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် နိုလင်းဟေဇာကို ခန့်အပ်ခဲ့ပြီး ယခု Julie Bishopက တတိယမြောက် တာဝန်ယူသူလို့ ဆိုနိုင်ပါတယ်။
မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရသူ အရေအတွက်ဟာ အာဏာမသိမ်းမီက သန်းဂဏန်း မပြည့်ဘဲ သိန်းဂဏန်းသာရှိခဲ့ရာက စစ်အာဏာသိမ်းပြီးနောက် တနိုင်ငံလုံး စစ်မက်ဖြစ်ပွားလာခဲ့ရာက အခုလက်ရှိမှာ ၃ သန်း ၂ သိန်းကျော် ရှိလာတဲ့ အနေအထားဖြစ်ပါတယ်။ ဒီကိန်းဂဏန်းဟာ ကမ္ဘာမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေအနက် ပထမ အများဆုံးမဟုတ်ပေမယ့် ဒုတိယ၊ တတိယနေရာမျိုးမှာ ရောက်ရှိနေတဲ့ သဘောလည်း ဖြစ်ပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေရဲ့ အနေအထားက အဆင့်တခု၊ အခြေအနေတခုမှာ အရှုံးအနိုင် အဆုံးအဖြတ်တခုခု ပေါ်ထွက်နိုင်ရင် ပေါ်ထွက် အဲလိုမပေါ်ထွက်နိုင်ခဲ့ရင် ဆယ်စုနှစ်နဲ့ချီကာ ဘယ်အင်အားစုကမှ အပြီးအပြတ် မနိုင်တဲ့ အနေအထားမျိုးနဲ့ ရေရှည် ပဋိပက္ခ၊ လူထုအနေနဲ့လည်း မိမိတို့ နေရပ်ကို ပြန်လည် အခြေမချနိုင်၊ စိုက်ပျိုးမွေးမြူရေးနဲ့ အခြားသော အသက်မွေးဝမ်းကျောင်းတွေကို အေးအေးချမ်းချမ်း ပြန်လည် လုပ်ကိုင်နိုင်ခြင်း မရှိတဲ့ အနေအထားမျိုးမှာ ရောက်သွားလေ့ ရှိတာလည်း သတိမူမိကြပါလိမ့်မယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar