ylliX - Online Advertising Network
 ကလေးက ချင်းရပ်ကွက်တွေမှာ သန်းခေါင်စာရင်း ဆက်ကောက

 ကလေးက ချင်းရပ်ကွက်တွေမှာ သန်းခေါင်စာရင်း ဆက်ကောက





စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ သန်ခေါင်းစာရင်း မကောက်နိုင်သေးတဲ့ ချင်းလူမျိုးတွေ နေထိုင်တဲ့ ရပ်ကွက်တွေမှာ ဆက်လက်ကောက်ယူနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

စစ်ကောင်စီက အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်နေ့အထိ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်မယ်လို့ ကြေညာထားခဲ့ပေမဲ့ အောက်တိုဘာ လကုန်အထိ ထပ်တိုးကောက်ခဲ့ပါတယ်။

သတ်မှတ် ၁၅ ရက်အတွင်း ကလေးမြို့မှာလည်း ကောက်ယူခဲ့ပေမဲ့ ချင်းလူမျိုးတွေနေထိုင်ကြတဲ့ တာဟန်း၊ တောင်ဖီလာ၊ တောင်ဇလပ် စတဲ့ရပ်ကွက်တွေမှာတော့ အဲဒီရက်ပိုင်းထဲ သန်းခေါင်စာရင်း မကောက်နိုင်ခဲ့ပါဘူး။

 

အဲဒီမှာ အောက်တိုဘာ ၂၉ ရက်ကနေ ၃၁ ရက်နေ့အထိ ပြန်လည်ကောက်ယူခဲ့တယ်လို့ တာဟန်းရပ်ကွက်မှ အသက် ၂၈ နှစ်ဝန်းကျင်ရှိ ချင်းအမျိုးသားတစ်ယောက်က CJ Platform ကို ပြောပါတယ်။

 

“ပထမအခေါက်လို့ ပြောရမလား။ အဲဒီတုန်းက ကျွန်တော်တို့ ရပ်ကွက်ဘက် သန်းခေါင်စာရင်း ကောက်ယူတာမရှိဘူး။ အခု ဒုတိယအကြိမ် ထပ်ကောက်မှ ဒီဘက်ရပ်ကွက်မှာ ရောက်လာနိုင်တယ်။ ထွေထွေထူးထူး ကောက်ယူတာ မရှိပါဘူး။ ကောက်တယ်ဆိုတဲ့ နာမည်တစ်ခုရရုံနဲ့ ကောက်ကြတာပါ” လို့ သူက ပြောပါတယ်။

 

အဲဒီလို သန်းခေါင်စာရင်း ကောက်ယူရာမှာ Non-CDM ဝန်ထမ်းတွေဖြစ်တဲ့ ထွေ/အုပ်နဲ့ ကျောင်းဆရာ/မတွေလည်း အများအပြား ပါဝင်ကြပြီး ရပ်ကွက်တွင်း တပ်နဲ့ ရဲတပ်ဖွဲ့တွေ လုံခြုံရေးအပြည့်နဲ့ ကောက်ယူသွားတာလို့ သိရပါတယ်။

 

စစ်ကောင်စီတပ်ရဲ့ သန်းခေါင်စာရင်း ကောက်ယူမှုဟာ သန်းခေါင်စာရင်းကောက်ယူတာနဲ့မတူဘဲ အိမ်ထောင်စုစာရင်း ကောက်ယူသလိုဖြစ်နေတယ်လို့ တောင်ဖီလာရပ်ကွက်နေ အသက် ၃၀ နှစ်အရွယ် ချင်းအမျိုးသမီးတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“အိမ်ထောင်စုစာရင်း ပြခိုင်းတယ်။ မိသားစုဝင်တွေက စုံစုံလင်လင်ရှိကြလားပေါ့။ အဲဒါပဲ အဓိက မေးတာပါ။ ကျန်တာက ဘာမှမမေးဘူး။ သန်းခေါင်စာရင်း ကောက်ယူတာနဲ့မတူဘဲ အိမ်ထောင်စုစာရင်း ကောက်ယူနေတာနဲ့တူနေတယ်။ သန်းခေါင်စာရင်း ကောက်တယ်ဆိုတဲ့ နာမည်နဲ့ ကောက်နေကြတာပါ။ အသေးစိတ်ကောက်တာမှမဟုတ်တာ” လို့ သူက ပြောဆိုပါတယ်။

 

ဒါ့အပြင် တခြားရပ်ကွက်တွေဖြစ်တဲ့ မြို့အရှေ့ပိုင်း မင်္ဂလာဥယျာဉ်၊ ညောင်ပင်သာ၊ ပင်လုံ၊ အောင်သစ္စာ၊ အောင်ဇေယျ၊ မြို့သာ စတဲ့နေရာမှာလည်း မကောက်ယူရသေးတဲ့ နေအိမ်တွေ ကောက်ယူသွားကြတယ်လို့ သိရပါတယ်။

အဲဒီရပ်ကွက်က နေအိမ်အများစုကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၁၅ ရက်နေ့အထိ ပထမတစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူပြီးဖြစ်တယ်လို့ သိရပါတယ်။

 

ကလေးမြို့ပေါ် ရပ်ကွက်တွေမှာ သန်းခေါင်စာရင်း ကောက်ယူနိုင်ပေမဲ့ ကျေးရွာတွေဘက်မှာတော့ မကောက်နိုင်သေးဘူးလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

 

အရင်က ကလေးမြို့ ရပ်ကွက်တချို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားပြီး စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ မဝင်လာရဲပေမဲ့ အခုအခါ ကလေးမြို့ အားလုံးကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပြန်လည်နေရာယူထားကြသလို ပေါ်ပေါ်ထင်ထင် သွားလာနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

အဲဒီလိုပဲ ကလေးမြို့နဲ့ တဆက်တည်းရှိနေတဲ့ တမူးမြို့မှာလည်း အောက်တိုဘာလ နောက်ဆုံးအပတ်အတွင်း စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေက သန်းခေါင်စာရင်း ကောက်ယူသွားတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – Pro-SAC

 

ပုံစာ – အောက်တိုဘာ ၁ ရက်နေ့က ကလေးမြို့အတွင်း စစ်ကောင်စီလက်အောက်ခံတွေ သန်းခေါင်းစာရင်းလိုက်ကောက်နေတာကို တွေ့မြင်ရစဥ်

 

 

 





Source link

Leave a Reply

Your email address will not be published. Required fields are marked *