ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် “ဝ”ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)အဖွဲ့၏ စစ်သားစုဆောင်းမှုနှင့် အုပ်ချုပ်ရေးဖော်ဆောင်မှုကြောင့် စိုးရိမ် ထိတ်လန့်နေ ကြသည်ဟု ဒေသခံများက ပြောကြသည်။
စစ်ကောင်စီတပ် ရှိနေသည့် တန့်ယန်းမြို့ကို ဒေသငြိမ်းချမ်းရေးအတွက်ဟုဆိုကာ ဇူလိုင် လဆန်းတွင် UWSA တပ်ဖွဲ့က အင်အားအလုံးအရင်းနှင့် ဝင်ရောက် တပ်စွဲကာ ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရား တည်ဆောက်ခဲ့သည်၊ အရွယ်ရောက်ပြီးသူ အမျိုးသားများကို စစ်မှုထမ်းရန် စတင် စာရင်းကောက် ခံနေသည်ဟု ဒေသခံများက ပြောသည်။
စက်တင်ဘာလကုန်မှစတင်ကာ UWSA မှ ဗိုလ်အဆင့်အရာရှိ တစ်ဦး သို့မဟုတ် စစ်ကြောင်းမှူးတစ်ဦး ပါဝင်သည့် အဖွဲ့က ရွာများတွင် စစ်မှုထမ်းရမည့်သူကို တစ်အိမ်တက်ဆင်း မဲနှိုက်သည့် စနစ်ဖြင့် ကောက်ယူခဲ့သည်ဟု တန့်ယန်းမြို့ခံ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
“နည်းနည်းအသက်ရတဲ့သူတွေဆိုရင် တစ်ခါတည်း သင်တန်းတွေဘာတွေတက်ပြီး သုံးလ စစ်သင်တန်း တက်ပြီး အိမ်ကိုပြန်လာလို့ရတယ်ဆိုပြီးပြောတယ်၊ နောက်ပြီး သူတို့လိုအပ်တဲ့အချိန်လာခေါ်မယ်ဆိုပြီး ပြောတယ်” ဟု ထိုအမျိုးသားက ပြောသည်။
သို့သော် စစ်သင်တန်းတက်ပြီး မိမိနေအိမ်သို့ ပြန်မလွှတ်မည်ကို စစ်မှုထမ်းရန် ရွေးချယ်ခံရသူတို့၏ မိသားစုများက စိုးရိမ်နေကြသည်ဟု ဒေသခံတချို့က ဆိုသည်။
အသက် ၆ နှစ်အထက် ကလေးငယ်များကိုပါ စာသင်ပေးမည် ဟုဆိုကာ စာရင်းကောက်ယူသွားကြသည်ဟု အထက်ပါ တန့်ယန်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ကျွန်တော်တို့အုပ်စုဘက်က ရွာက ၂၀ ကျော်ရှိတဲ့ နည်းနည်းကြီးတဲ့ရွာတွေဆိုရင် တစ်ရွာကို အယောက် နှစ်ဆယ်လောက်ကောက်တယ်၊ ကလေးတွေများများရှိတဲ့ရွာဆို ကလေးတွေကြည့်ပြီးမှ ၁၀ ယောက် အထက်တွေကို စာသင်ကျောင်းသွားပေးမယ်ဆိုပြီး ကောက်တာ၊ ၆ နှစ် ၇ နှစ်သားတွေလည်း ပါသွားတယ်” ဟု အဆိုပါ ဒေသခံအမျိုးသားက ဆက်ပြောသည်။
ကလေးငယ်များကို မြို့ပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်းများနှင့် စာသင်ကျောင်းများတွင် အခမဲ့ သင် ကြားပေးပြီး အတန်းပညာတတ်မြောက်ပြီးပါက မိမိနေရပ်သို့ပြန်နိုင်ကြောင်း၊ မိဘများလည်း အချိန် မရွေးလာကြည့်နိုင်ကြောင်း UWSA တပ်က ပြောသည်ဟု သိရသည်။
မန်ကောင်းပူးရွာမှ ကလေးငယ်များအပါအဝင် ၁၇ ယောက်၊ ကောင်းစံရွာမှ ၂၀ ယောက်၊ နောင်ချိုရွာမှ ၂၀ ယောက်၊ ပိန်းကန်းရွာမှ ၁၂ ယောက်၊ လွယ်ကမ့်ရွာမှ ၁၁ ယောက်၊ ဟိုတွမ်းရွာ တောင်/မြောက် မှ ၂၅ ယောက်၊ မန်လွယ်ရွာမှ ၅ ယောက်၊ နားဝေရွာမှ ၁၃ ယောက် မန်းလိုင်းရွာမှ ၁၁ ယောက် စသည့်တို့ကို UWSA တပ်က စာရင်းကောက်ယူသွားသည်ဟု ဒေသခံတို့က ပြောသည်။
အသက် ၃၀ အရွယ် တန့်ယန်းမြို့ခံ အမျိုးသား အခြားတစ်ဦးက ၎င်းတို့ရွာမှ အမျိုးသားတစ်ဦး စစ်မှုထမ်း ကောက်ယူခံရသလို ကလေးငယ် ၃ ဦးလည်း ခေါ်ဆောင်သွားသည်ဟု ဆိုသည်။
ထို့ပြင် ယခင်က တန့်ယန်းမြို့နယ်အခြေစိုက် မန်ပန်ပြည်သူ့စစ်အဖွဲ့ဝင်ဟောင်းများကိုလည်း ရပ်ရွာ လုံခြုံရေးအတွက် ပြန်လည်တာဝန်ထမ်းဆောင်ခိုင်းမည်ဟု ဆိုကာ အချို့ကို စစ်သင်တန်းသို့ ခေါ်ဆောင်သွားသည်ဟု ဆိုသည်။
UWSA ပြောခွင့်ရသူများကမူ တန့်ယန်းတွင် စစ်သား စုဆောင်းသည်ဟူသော သတင်းကို ငြင်းဆိုကြသည်။
UWSA အမှတ် (၁၇၁) စစ်ဒေသမှ ပြန်ကြားရေးတာဝန်ခံ ဦးဆမ်ဘိမ်းက မိမိသဘောအရ စစ်မှုထမ်းလိုသူများကိုသာ လက်ခံသည်ဟု ဆိုသည်။
“ရွာတွေက ပြည်သူလူထုတွေက ဝင်လာတဲ့သူတွေရှိရင်လည်း လာပြီးတော့ သင်တန်းတက်ရင်တက်မှာပေါ့၊ ဒါပဲရှိမှာပါ၊ ကျွန်တော်တို့ သီးသန့် စစ်သားစုဆောင်းတာကတော့ မရှိဘူးဗျ” ဟု ဦးဆမ်ဘိမ်းကပြောသည်။
UWSA ၏ ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရမ်းက ရပ်ရွာ ကာကွယ်ရေးအတွက် အသက် ၁၈ နှစ်အထက်များကို စုဖွဲ့ပေးခြင်းဖြစ်ကြောင်း၊ ကလေးငယ်များကို အခမဲ့ပညာသင်ကြားပေးခြင်းသာ ဖြစ်ကြောင်း ဆိုသည်။
“တန့်ယန်းမြို့ဘက်မှာ စစ်မှုထမ်းအနေနဲ့ ခေါ်တာမရှိပါ၊ မိမိတို့ရဲ့ ရပ်ရွာတွေမှာ လုံခြုံရေးအနေနဲ့ စုဖွဲ့ ပေးတဲ့သဘောပါ” ဟု ဦးညီရမ်းက ပြောသည်။
“ကလေးငယ်တွေကို ကျောင်းပညာတက်ရောက်နိုင်ရေးအတွက် သူတို့မိဘရဲ့ သဘောတူမှုနဲ့ အရာအားလုံး အခမဲ့ပေးထားတာရှိပါတယ်။ သားသမီးတွေကို တစ်ပတ်၊ တစ်လတခါဖြစ်ဖြစ် လာရောက်ကြည့်လို့လည်း ရပါတယ်၊ လာလည်းကြည့်ကြပါတယ်”
တန့်ယန်းမြို့နယ်တွင် ယခင်က တအာင်းတပ်(TNLA)များ လှုပ်ရှားခဲ့သည်။ UWSA တပ်များ ဝင်ရောက်လာပြီးနောက် TNLA တပ်များ နောက်ဆုတ်ပေးခဲ့ခြင်းဖြစ်သည်။
တန့်ယန်းမြို့နယ်တွင်းရှိ ကျေးရွာများမှာ TNLA ထံတွင် စစ်မှုထမ်းကြသူများရှိနေသည့်အတွက် ယခုလို UWSA စစ်မှုထမ်းကောက်ခံရာတွင် ဒေသခံများက ပိုမိုအခက်ကြုံရသည်ဟု ပြောကြသည်။
ထို့ပြင် ကျေးရွာများသို့ ဆန်၊ ဆီ၊ စား စသည့် စားသောက်ကုန်များကိုလည်း UWSA တပ်များက ကန့်သတ် ထားသည့်အတွက် စားသောက်နေထိုင်ရေး အခက်အခဲရှိနေပြီး နေရပ်စွန့်ခွာသူအချို့ပင်ရှိနေသည်ဟု အထက်ပါ အသက် ၂၀ ကျော်အရွယ် တန့်ယန်းဒေသခံ အမျိုးသားက ပြောသည်။
“တောင်ပေါ်ဒေသမှာ ပြောင်းဖူးစိုက်ရင်လည်း ဟိုဘက်ရောင်းမရ ဒီဘက်ရောင်းမရနဲ့ ကြားထဲမှာ ညပ်နေ တယ်။ ဘာလုပ်စားရမှန်းမသိဘူး၊ ပြီးတော့ တောင်ယာစိုက်ရတာက သိတဲ့အတိုင်း လူအင်အား အရမ်း လိုအပ်တယ်” ဟု အဆိုပါ အမျိုးသားက ဆိုသည်။
“အခုလိုမျိုး သားတွေရော အဖေတွေရော ကောက်သွားတော့ အချို့အိမ်တွေဆိုရင် ဘာလုပ်စားရမှန်းမသိဘူး အမေတစ်ယောက်တည်းပဲ ကျန်ခဲ့တယ်”
ဒေသငြိမ်းချမ်းရေးအတွက် ဝင်ရောက်ထိန်းသိမ်းသည်ဆိုသည့် UWSA အနေဖြင့် ဒေသခံများကို အခက် တွေ့ရန် မလုပ်စေလိုကြောင်း ၎င်းက ဆက်ပြောသည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်သည့် တအာင်းတပ်(TNLA)၊ ကိုးကန့်တပ်(MNDAA)နှင့် အာရက္ခတပ်တော် (AA)တို့ ဦးဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အားလုံးနီးပါးကို စစ်ကောင်စီတပ်က လက်လွှတ်ထားရသည်။
ဇွန်လတွင် ၁၀၂၇ ဒုတိယအကြိမ်ထပ်မံဖြစ်ပွားလာပြီး ပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုး အပြင်း အထန် တိုက်ခိုက်ခံရသလို ရှမ်းမြောက်နှင့် ရှမ်းတောင်နယ်စပ် တန့်ယန်းဒေသအတွင်းသို့ TNLA နှင့် MNDAA တို့၏ ထိုးစစ်များ ဝင်ရောက်လာချိန်တွင် UWSA က စစ်တပ်နှင့် ညှိနိုင်းကာ တန့်ယန်းမြို့နယ် အတွင်း ဝင်ရောက်တပ်စွဲခဲ့ခြင်းဖြစ်သည်။
၁၀၂၇ ပထမ အကျော့တွင်လည်း မြောက်ပိုင်းမဟာမိတ်တပ်များ သိမ်းပိုက်ခဲ့သည့် ဟိုပန်နှင့် ပန်လုံမြို့ များကို UWSA အဖွဲ့က သေနတ်တစ်ချက်မဖောက်ရဘဲ အသာတကြည်လွှဲပြောင်းယူနိုင်ခဲ့သည်။
လက်ရှိတွင် ရှမ်းမြောက်ဒေသ၌ စစ်ကောင်စီလက်အောက်တွင် နယ်စပ်မြို့ မူဆယ်၊ “ဝ” ဒေသ ပန်ဆန်း နှင့်ကပ်လျက်ဖြစ်သော တန့်ယန်းနှင့် မိုင်းရယ်မြို့တို့သာ ကျန်တော့ပြီး လက်ရှိတွင် တန့်ယန်းမြို့တွင် စစ်ကောင်စီဩဇာ မရှိသလောက် ဖြစ်နေသည်။
လားရှိုး ကျပြီးနောက် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို မိုင်းရယ်မြို့တွင် ပြောင်းရွှေ့ဖွင့်လှစ်ထားရသည်။