ပုံအညွှန်း − ပဲခူးရိုးမအတွင်း စစ်ဘေးတိမ်းရှောင်နေကြရသည့် ကြို့ပင်ကောက်မြို့နယ်ရှိ ကျေးရွာများမှ စစ်ဘေးရှောင်များ။
ရွှေနွယ်
မဇ္ဈိမ။ ။ ပဲခူးတိုင်းအနောက်ခြမ်း ၊ ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကောင်စီစစ်ကြောင်းသည် အမျိုးသမီး ကိုးဦးအပါအဝင် ဒေသခံအရပ်သား ၂၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်းနှင့် အဆိုပါ စစ်ကြောင်းကြောင့် ကျေးရွာ ရှစ်ရွာထက်မနည်း စစ်ရှောင်နေကြရကြောင်း စစ်ရှောင်များနှင့် ဒေသတွင်း တော်လှန်ရေးအင်အားစုများက မဇ္ဈိမကိုပြောသည်။
အင်အား ၁၅၀ ကျော်ပါသည့် စစ်ကောင်စီ၏ စစ်ကြောင်းသည် အောက်တိုဘာ ၂၉ ရက်နေ့က ကြို့ပင်ကောက်မြို့ သင်္ခရိုင်ကျေးရွာသို့ ဝင်ရောက်ကာ၊ ရွာရှိ ပရဟိတမိဘမဲ့ကလေးကျောင်းသို့ ဝင်ရောက်အထိုင်ချခဲ့ကြောင်း အဆိုပါကျောင်းမှ ကျောင်းသားတဦးနှင့် သင်္ခရိုင်ရွာသားတဦးတို့က မဇ္ဈိမကိုပြောသည်။
“ရွာထဲကသူတွေ သူတို့ကိုတွေ့လို့ ထွက်ပြေးတဲ့သူတွေကို ဖမ်းသွားတယ်။ အယောက် ၂၀ ကျော်လောက်ပါသွားတယ်။ မျက်စိကို အုပ်သွားတာ၊ ကျွန်တော်တို့ မြင်လိုက်ရတယ်” ဟု သင်္ခရိုင်ကျေးရွာ မိဘမဲ့ပရဟိတကျောင်းမှ ကျောင်းသားတဦးက ပြောသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသူ ၂၀ ကျော်အနက် အမျိုးသမီး ကိုးဦးပါဝင်ကြောင်း၊ အဆိုပါ မိဘမဲ့ပရဟိတကျောင်းတွင် ကျောင်းသား ၃၀၀ ခန့် ကျောင်းအိပ်ကျောင်းစားနေထိုင်ကာ ဆရာ၊ ဆရာမ ၂၀ ခန့်ရှိကြောင်း ၎င်းကျောင်းသားက ပြောသည်။
စစ်ကောင်စီ၏ စစ်ကြောင်းရန်ကြောင့် ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူအချို့ကို ကြို့ပင်ကောက်မြို့ပေါ်သို့ ပို့ဆောင်ထားပြီး အချို့မှာ ပဲခူးရိုးမ တောတောင်များအတွင်း ရောက်ရှိနေကြောင်း ပြောသည်။
သင်္ခရိုင်ကျေးရွာသည် အိမ်ခြေ ၁၀၀ ကျော်ရှိသည့် ကျေးရွာဖြစ်ပြီး စစ်ကောင်စီစစ်ကြောင်း ထိုရွာသို့မရောက်မီ ရက်ပိုင်းအလိုကပင် ရွာသူရွာသားအချို့မှာ ကြို့ပင်ကောက်မြို့ပေါ်နှင့် ပဲခူးရိုးမတောတောင်များသို့ စစ်ရှောင်ခဲ့ကြသူများရှိခဲ့သည်။
စစ်ကြောင်းရွာသို့ ဝင်ရောက်လာစဉ်တွင် သင်္ခရိုင် မိဘမဲ့ ပရဟိတကျောင်းမှ ကျောင်းသူ၊ ကျောင်းသူများနှင့်အတူ ရွာအတွင်းကျန်ရစ်နေသူများလည်းရှိကြောင်း သိရသည်။
“အခု စစ်ရှောင်နေရတာ ရှစ်ရက်လောက်ရှိပြီ။ ရွာကိုမဝင်ခင် အနားက ရွာတွေကို ရောက်ပါပြီဆိုတည်းက ပြေးကြတာ။ အခုတော့ ရွာမှာ တယောက်မှ မကျန်ဘူး။ သူတို့က ထွက်သွားလည်း ရွာနားမှာ မိုင်းတွေထောင်ခဲ့တာ။ ဘယ်သူမှ ပြန်မဝင်ရဲဘူး။ အခု တောထဲတောင်ထဲမှာ ပါလာတဲ့ဆန်လေးတွေကို ပြုတ်သောက်နေရတယ်။ အဓိကတော့ ကလေးတွေကိုကျွေးရတာပေါ့။ လူကြီးတွေကတော့ မစားရဘူး” ဟု သင်္ခရိုင်ကျေးရွာမှ ပဲခူးရိုးမ တောတောင်များအတွင်း စစ်ဘေးတိမ်းရှောင်နေရသူက ပြောသည်။
စစ်ကောင်စီ၏ စစ်ကြောင်းသည် ကြို့ပင်ကောက်နှင့် ကပ်လျက်တည်ရှိသည့် ဇီးကုန်းမြို့နယ် ဘော်ဘင်ကျေးရွာမှ အောက်တိုဘာ ၂၄ ရက်နေ့မှ စတင်ကာ ထွက်ခွာလာခြင်းဖြစ်သည်။ စတင်ထွက်ခွာလာချိန်က အင်အား ၁၂၀ ခန့်ပါကြောင်း ကြို့ပင်ကောက်မှ ပဲခူးရိုးမအခြေပြုတပ်ခွဲ BTZM GBK PDF ၏ တပ်ခွဲမှူး ကိုတေဇာမင်းက ပြောသည်။
ဘော်ဘင်ကျေးရွာမှ တဆင့် သခွပ်ပင်ရွာ၊ အင်တိုင်းရွာ၊ ရုံးချောင်းရွာ၊ ဥယာဉ်ကြီးရွာ၊ အေးရွာ စသဖြင့် ရွာအစဉ်လိုက် စစ်ကြောင်းထိုးလာကာ ဥယာဉ်ကြီးကျေးရွာရှိ စစ်ကောင်စီတပ်သား ၆၀ ခန့်ဖြင့် ပူးပေါင်းခဲ့ကြောင်းသိရသည်။
“ကြို့ပင်ကောက်နဲ့ ဇီးကုန်းပေါင်းပြီး အင်အား ၂၀၀ လောက်နဲ့ ကျစွာဘုရားမှာ အထိုင်ချပြီးတဲ့နောက် သင်္ခရိုင်ပရဟိကျောင်းကို အလုံးအရင်းနဲ့ဝင်စီးတာပေါ့။ အခုလက်ရှိ စစ်ရှောင်တွေက ရိုးမထဲမှာ ရာဂဏန်းရှိနေတယ်။ ကျန်တာတွေတော့ နီးစပ်ရာရွာတွေနဲ့ မြို့ပေါ်ကို ပြေးသွားကြသူတွေလည်းရှိတယ်။ သင်္ခရိုင်ကျောင်းမှာ ကျောင်းသူတွေကို လိင်ပိုင်းဆိုင်ရာ ထိကပါး ရိကပါးနှောက်ယှက်မှုတွေရှိခဲ့တယ်” ဟု ကိုတေဇာမင်းက ပြောသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ၎င်းတို့ စစ်ကြောင်းထိုးရာလမ်းတလျောက် အောက်တိုဘာ ၂၅ ရက်နေ့က ဥယျာဉ်ကြီးကျေးရွာ၊ အောက်တိုဘာ ၂၆ ရက်တွင် အေးရွာ၊ အောက်တိုဘာ ၂၉ ရက်တွင် သင်္ခရိုင်ကျေးရွာတို့၌ ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ရင်း တပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။
ထို့နောက် ၎င်းတို့ အောက်တိုဘာ ၂၈ ရက် အေးရွာသို့ ရောက်ရှိနေစဉ်ကလည်း အေးရွာရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ခုနစ်လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ယနေ့ (အောက်တိုဘာ ၃၁ ရက်)တွင် အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ၎င်းတို့ စတင်ထွက်ခွာခဲ့ရာ ဇီးကုန်းမြို့နယ် ဘော်ဘင်ရွာသို့ ပြန်သွားပြီဖြစ်ကြောင်းနှင့် ဒေသတွင်းစစ်ရေးတင်းမာနေဆဲဖြစ်ပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်သေးကြောင်း ပဲခူးရိုးမအခြေပြုတပ်ခွဲ BTZM GBK PDF ၏ တပ်ခွဲမှူး ကိုတေဇာမင်းက ပြောသည်။
စာတည်း – သန့်ဇော်(သန်လျင်)