လက်ရှိအချိန်အထိ ကလေးငယ်ကို ပြန်ရှာမတွေ့သေးဘဲ လိုက်လံရှာဖွေနေတယ်လို့ ကလေးငယ်ရဲ့ မိသားစုဝင်တွေပြော
၃ဝ.၁ဝ.၂ဝ၂၄
Written by K Pyay Thein
ဒီကနေ့ နံနက်အစောပိုင်းအချိန်က ရန်ကုန်မြို့၊ ဗဟိုအမျိုးသမီးဆေးရုံကနေ ခိုးယူခံခဲ့ရတဲ့ ကလေးကို ညောင်ခါးရှည်မှာပြန်တွေ့တယ်ဆိုပြီး လိမ်လည်ပြောဆိုကာ ကလေးမိဘတွေထံကနေ ငွေလိမ်တောင်းခံလို့ ကျပ်သုံးသောင်းပါသွားခဲ့တယ်လို့ ကလေးငယ်ရဲ့မိဘတွေထံကနေ သိရပြီး လက်ရှိအချိန်အထိ ကလေးငယ်ကို ပြန်ရှာမတွေ့သေးဘဲ လိုက်လံရှာဖွေနေတယ်လို့ ကလေးငယ်ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
“အခုရေးနေကြတာ ကလေးကိုပြန်တွေ့တယ်ဆိုတာမဟုတ်ပါဘူး။ သူတို့ရေးနေတာတွေက မဟုတ်ပါဘူး။ကလေးကိုရှာတုန်းပါ။ အစတုန်းက သူတို့က ကလေးကို ညောင်ခါးရှည်မှာတွေ့တယ်ဆိုပြီး ဖုန်းဆက်လာလို့ အဲ့ဒီကိုလိုက်မလို့မေးကြည့်တုန်း တစ်ဖက်ကလူတွေက သူတို့ကို ငွေတစ်သိန်းအရင်လွှဲပေးပါဆိုလို့ ကျွန်တော်တို့လည်းထူပူပြီး ငွေသုံးသောင်းပဲ သူ့ဆီအရင်လွှဲလိုက်ပါတယ်။ ဖုန်းဆက်ပြီးငွေလိမ်တာပါ။ ကလေးကိုတွေ့လို့မဟုတ်ပါဘူး။ အဲ့ဒီ လွှဲလိုက်တဲ့သုံးသောင်းကတော့ သူတို့ဆီပါသွားပါတယ်။ အခုကျွန်တော်တို့ သတင်းရလို့ အောင်မင်္ဂလာက ကားဝင်းထဲမှာကလေးကို ဆက်ရှာနေပါတယ်”လို့ အခိုးခံခဲ့ရတဲ့ ကလေးငယ်ရဲ့ မိသားစုဝင်တစ်ဦးက MT News သို့ ပြောပြပါတယ်။
အခု ခိုးယူသွားခံရတယ်လို့ဆိုတဲ့ ကလေးငယ်ဟာ ၅ ရက်သားလောက်သာရှိသေးတဲ့မွေးကင်းစ ကလေးငယ်တစ်ဦးဖြစ်ပြီး ဗဟိုအမျိုးသမီးဆေးရုံမှာမိခင်နဲ့အတူဆေးရုံတက်နေစဉ်မှာ ယနေ့ မနက် ၄ နာရီကျော်လောက်က ခိုးယူခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကလေးခိုးယူသူလို့ယူဆရတဲ့သူတွေကို Taxi အငှားယာဉ်တစ်စီးနဲ့ ထွက်သွားတာကိုမြင်လိုက်တယ်လို့ ဆေးရုံဂိတ်စောင့် လုံခြုံရေးတစ်ဦးက ပြောပြလာတဲ့အတွက် လက်ရှိမှာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ အတူ မိသားစုဝင်တွေက ကလေးငယ်ရဲ့တည်နေရာကိုလိုက်လံရှာဖွေနေသော်လည်း ဒီကနေ့ ညပိုင်းအချိန်အထိ ကလေးငယ်ကိုပြန်လည်တွေ့ရှိတာမျိုးမရှိသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
“ဆေးရုံမှာက အားလုံးပြီးနေပြီ။ ဒီနေ့မနက်မှာ ကလေးကို လူနာစောင့်လိုလို၊ ဘာလိုလိုနဲ့ ခိုးယူသွားတာပါ”လို့ ပျောက်ဆုံးနေသူ ကလေးငယ်ရဲ့ မိသားစုဝင်တစ်ဦးက ဆက်ပြီး ပြောပြခဲ့ပါတယ်။
Photo – CJ