ylliX - Online Advertising Network
နိုင်ငံတကာသာဂိ - ကြင်စိုးတိုင်းပြည်က လာတဲ့သူတွေက ထရန့်ကို မဲပေးကြမတဲ့လား

နိုင်ငံတကာသာဂိ – ကြင်စိုးတိုင်းပြည်က လာတဲ့သူတွေက ထရန့်ကို မဲပေးကြမတဲ့လား


(မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၂၅

အမေရိကန် ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာ ၅ ရက် နီးလာတာနဲ့အမျှ အမေရိကန်တပြည်လုံးသာမက တကမ္ဘာလုံး စိတ်နှလုံးတင်းကျပ်ဖိစီးမှုတွေ ဖြစ်နေကြတယ်။ ဖက်ဆစ်ခေါင်းဆောင်လောင်း ထရန့်ပဲ နိုင်မလား၊ ဒီမိုကရေစီကို ထိန်းသိမ်းမယ့် ဟဲရစ်ပဲ အနိုင်ရမလား – လူတွေက စိတ်လှုပ်ရှား ဝေခွဲမရ ဖြစ်ကြပါတယ်။ ဖြစ်ဆို – ထရန့်နဲ့ အပေါင်းအပါတွေက ရန်လိုတဲ့ စကားတွေ အစွန်းရောက်အတွေးအခေါ်တွေနဲ့ မဲဆွယ်စည်းရုံးမှုတွေ တိုးလုပ်လာတဲ့အပြင် သူ့နောက်လိုက်တွေကလည်း အစွယ်တွေ အဖွေးသား၊ ရန်စွယ်နဲ့ ငေါငေါ အူကြ ဟောင်ကြ ဟိန်းကြနဲ့မို့ အမေရိကန်ပြည်ကို ခွေးဝင်ဆွဲနေသလား မှတ်နေရပါတယ်။ ဒီမိုကရက်ပါတီနဲ့ ဟဲရစ်တို့ကတော့ ဒီမိုကရေစီစနစ် အဓွန့်ရှည် ရှင်သန်ဖို့ တိုင်းပြည်ကြီး ချောက်ထဲ မရောက်ဖို့အတွက် မဲဆန္ဒရှင်တွေ လူကုန် အိမ်ကုန်ထွက်ပြီး ခွေးမောင်းကြဖို့ လှုံ့ဆော်နေပါတယ်။

ကြင်စိုးတိုင်းပြည်ကလာတဲ့ အတော်များများသော မြန်မာအမေရိကန်တွေကတော့ ဘယ်လို တလွဲတချော်တွေ အာရုံပြုမိနေတယ်မသိ၊ ဘယ် ဂျင်းတွေမိနေတယ် မသိ။ ထရန့်ကိုမှ ချစ်မိနေတယ် ဖြစ်နေကြတယ် ကြားပါတယ်။ သူတို့ကတော့ ထရန့်ကိုမှ အပြတ်အသတ် မဲပေးမယ် ပြောနေကြတယ်။ ဒီမိုကတွေလုပ်လို့ တိုင်းပြည်မှာ နယ်စပ်ဖြတ်ကျော် တရားမဝင်သူတွေ ဝင်ဖျက်ဆီးခွင့်ရနေတယ်။ ဒီမိုတွေကြောင့် စျေးကြီး အလုပ်ရှား ဝင်ငွေနည်းနေတယ် ပြောကြပါတယ်။ ဒီမိုတွေကြောင့် မျိုးချစ်တွေ ဘာသာရေးကိုင်းရှို့င်းသူတွေ ခွေးနေရာ မရ ဖြစ်နေရတယ်။ ဒါမျိုး သူတို့ ခံစားနေကြတယ် ဆိုပဲ။ 

ဘယ်ကနေ ဘယ်လိုမျိုး တပြည်တရွာက ပြောင်းရွှေ့ခိုလှုံသူ ရွှေမြန်မာတွေက လူဖြူလူမျိုးကြီးဝါဒီ အစွန်းရောက် ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်းကို နောင်ပွင့်မယ့် ဘုရားအလောင်းလိုမျိုး ဇွတ်ကြီး ကြည်ညို ဒူးထောက် ဦးတုတ်နေကြတယ် စဉ်းစားလို့ကို မရပါဘူး။ တနည်းပြောရရင်တော့ အာဏာရှင်တိုင်းပြည်က လာတဲ့ အတော်များများသော ပြည်သူတွေဟာ အာဏာရှင်စိတ်ဓာတ်လေးတွေ စွဲနေကြပုံရပါတယ်။ ကြင်စိုးဆီက ပြေးလာပြီး ထရန့်လို အာဏာရှင်မျိုးကိုမှ အဖေခေါ် မွေးစားချင်စိတ်တွေ ဗူးပေါ်သလို ဖုံးမရ ဖိမရ ပေါ်ကုန်ကြတယ်နဲ့ တူပါတယ်။

တပြည်သားတွေ အမေရိကားမှာ စီတင်ဇင်တွေ ဆီကိုနာရီတွေ ဖြစ်ကုန်ပြီး မဲပေးခွင့်ရကြတဲ့အခါ ကိုယ်လာရာလမ်းကို မေ့ကုန်ကြတယ်။ ရီပတ်ဘလစ်ကန်သမ္မတကြီး ဘွတ်အကြီးကိုယ်တိုင် ၁၉၉၀ ခုနှစ် သူ့လက်ထက်မှာ အမေရိကန်ဒီဗွီ မဲဖောက်ပြည်ဝင်ခွင့် စနစ် (DV Lottery)  ကို အတည်ပြုပေးခဲ့တယ်။ သို့သော် ၁၉၉၅ ခုနှစ် ဒီမိုကရက်သမ္မတကြီး ကလင်တန်လက်ထက်မှာမှ အကောင်အထည်ဖော် လက်တွေ့ဖြစ်လာပြီး လည်ပတ်အောင်မြင်ခဲ့တယ်။ သည်အတွက် အမေရိကန်ကို မြန်မာတွေ ရောက်လာကြတာ အများကြီး။ 

ပြီးတော့ မြန်မာဒုက္ခသည်တွေကို အမေရိကန်အစိုးရတွေအဆက်ဆက် ခေါ်ယူစောင့်ရှောက်ပေးတဲ့ဆီမှာလည်း ဒီမိုကရက်လက်ထက်မှာ အများဆုံး ဦးရေတိုးမြှင့်ခေါ်ယူလေ့ရှိပါတယ်။ ပြီးတော့ ရောက်ပြီးသားလူတွေကို ဂရင်းကတ်တွေ နိုင်ငံသားဖြစ်ခွင့် လျောက်ကြပြီဆိုရင် အချိန်တိုတိုနဲ့ အမြန်ဆုံးရအောင် လုပ်ဆောင်ပေးနိုင်တာ ဒီမိုကရက်လက်ထက်တွေမှာချည်း ဖြစ်တယ်ဆိုတာ သတိချပ်သင့်ပါတယ်။

နောက်တချက် သည်ကို အကြောင်းအမျိုးမျိုးနဲ့ ရောက်လာပြီးတော့ နိုင်ငံရေးခိုလှုံကြ၊ အလုပ်လုပ်ခွင့် လျောက်ကြတဲ့ဆီမှာလည်း ဒီမိုကရက်တွေခေတ်၊ ဒီမိုကရက်တွေရဲ့ ပြည်နယ်၊ ဒီမိုကရက်သမ္မတတို့ လွှတ်တော်တို့ အားကောင်းတဲ့အချိန်မှာ ခိုလှုံခွင့်တွေ နေထိုင်ခွင့်တွေ အလုပ်လုပ်ခွင့်တွေ လျောလျောလျူလျူ ရကြတာ အများဆုံးပါ။ ရီပတ်ဘလစ်လက်အောင်မှာဆိုလို့ကတော့ စောင့်ပေတော့ ကမ္ဘာပျက်တဲ့အချိန်ထိဆိုတာမျိုး ခံစားဖူးသူတိုင်း သိကြပါလိမ့်မယ်။

အခုလက်ရှိ immigration ပြဿနာ ဘာလို့ ဖြစ်နေတာလဲ။ ဒီမိုကရက်တွေက အစိုးရကို အားပေးတယ်၊ ဝန်ထမ်းတွေခန့်ပြီး ဝန်ဆောင်မှုကို ပေးတယ်။ ရီပတ်ဘလစ်ကန်တွေက အစိုးရကို အားမပေးဘူး၊ ဝန်ထမ်းတွေ တိုးခန့်မယ့်အစား လျော့ချတာ၊ ကန့်သတ်တာ လုပ်ကြတယ်။ ဘတ်ဂျက်တွေ ဖြတ်တောက်တယ်။ သဘောကတော့ အားနည်းသူ ပြည်သူတွေ လိုအပ်တဲ့ဝန်ဆောင်မှုမျိုး ပေးမယ့်အစား သူတို့လုပ်ငန်းရှင်ကြီးတွေအကျိုးစီးပွားကို ဦးစားပေးတာပဲ လိုချင်တယ်။ ထရန့်တို့လို လူတွေက အခွန်မပေးဘူး၊ လာဘ်ပဲ ပေးမယ်၊ ဘတ်စကားမစီးနိုင်ရင် ကားဝယ်စီးကြပါလား ဆိုတာမျိုး။ 

ကြင်စိုးတိုင်းပြည်ကလူတွေဟာ အာဏာရှင်အကျင့်စရိုက်တွေကို မသိစိတ်က စွဲလန်းနေတော့ အခုလို စိတ်ကြမ်း လူကြမ်း အာကြမ်း ရုပ်ကြမ်းကြီးကို တွေ့ကြတော့ လွှတ်ကြည်ညိုထောက်ခံကြတာ မဆန်းပါဘူး။ ဘာကြောင့် သည်လောက်တောင် ထောက်ခံချင်တာလဲ မေးကြည့်မိရင် ဟိုတဖက်က အပင်းသွင်းထားတဲ့ ဂျင်းတွေ အတောင့်လိုက် ပြန်လွှတ်ပြီး ဝေဖန်ချင်သူတွေကို ပြန်ရန်လုပ်ကြပေဦးမယ်။

ဥပမာ – ဟိုတပတ်က အလှမယ်ရွေးပွဲမှာ အားပေးကြမ်းတဲ့ မြန်မာပရိသတ်တွေ ရိုင်းလွန်း ရမ်းလွန်းတော့ ဝင်ပြိုင်တဲ့ မြန်မာအလှမယ်နဲ့ အဖွဲ့ခေါင်းဆောင်ဟာ သွေးနထင်ရောက်ပြီး သူတို့ချည်း နိုင်မယ် အထင်ရောက်ရာက ပထမဆု မချိတ်လို့ ဝုန်ဒိုင်းကြဲ လိုက်တာ ရထားတဲ့ ဇကာတင်ဆုလေးတောင် ပြုတ်သွားတဲ့အဖြစ်နဲ့ တိုးရတယ် မလား။ ဘယ်သူသေသေ ငတေမာရင် ပြီးရော ငါမနိုင်ရင် ရှုံးမည်းမည်းပြီး ပတ်မကြီးထိုးဖောက်ချင်တဲ့ ဒေါ်နယ်ထရန့်ဟာ ၂၀၂၁ ဇန်နဝါရီ ၆ မှာ နောက်လိုက် လူပြိန်းတွေ ဆင့်ခေါ်ပြီး လွှတ်တော်ကို ဝင်စီးပြီး အာဏာသိမ်းဖို့ ကြံစည်ခဲ့တယ် မဟုတ်လား။ အဲသည်တုန်းက မြန်မာတွေသာ ထရန့်က လှမ်းခေါ်မိရင် ငါတို့ မြန်မာတွေလည်း ရှေ့ဆုံးက ဆဲဆိုကြိမ်းမောင်း ချီတက်နေကြမှာ မြင်ယောင်မိပါရဲ့။

ပြောချင်တာ နောက်တခုက ၂၀၂၁ ဖေဖော်ဝါရီမှာ ကြင်စိုး အာဏာသိမ်းတော့ မြန်မာတွေ လွတ်မြောက်ရာဒေသတွေ ထွက်ခွာကြ၊ တတိယနိုင်ငံခိုလှုံကြတဲ့ ခြေလှမ်းတွေ ပြင်ခဲ့ကြပါတယ်။ အဲသည်တုန်း ဘိုင်ဒင်တို့ ဒီမိုကရက်အစိုးရက ကြင်စိုးတို့ကို ပိတ်ဆို့တာ၊ ငွေကြေးတွေ ထိန်းသိမ်းတာအပြင် မြန်မာတွေကို အမြန်ဆုံး အမေရိကန် ဥရောပ ဩဇီ စတဲ့တိုင်းပြည်တွေကို အရေးပေါ်အကာအကွယ်ဗီဇာတွေနဲ့ ခေါ်ထုတ်ပေးတာမျိုး လုပ်ခဲ့တာပါ။ ထရန့်လိုမျိုး မဘသ အစွန်းရောက် အာဏာရှင်လက်အောက်မှာ ဆိုလို့ကတော့ သောင်ပြင်လွှတ်တဲ့ ရွှေဟင်္သာတွေ ပစ္စဖိတ်တို့ အတ္တလန်တိတ်တို့လို့ ရွှေပင်လယ်ကြီး ကျော်ခွ ပျံသန်းလာနိုင်ဖို့ လွယ်မယ် မဟုတ်ပေဘူး။

ကျနော်တို့က တရုတ်ကြောက်ရတယ်ဆိုသလို ဒီက အမေရိကန်က သားတို့ သမီးတို့ကလည်း ထရန့်ကြောက်ကြတာ အများကြီးပါ။ အမေရိကန်၏ သတင်းမီဒီယာဆိုတာ အလွတ်လပ်ဆုံး အကြောက်တရားအမဲ့ဆုံး သတ္တိအရှိဆုံးလို့ ဆိုကြတယ်။ သို့သော် သတင်းစာတိုက်ပိုင်ရှင်တွေဟာ ထရန့်သာ အာဏာရလို့ သူတို့ကို လက်စားချေခဲ့မယ်ဆိုရင် ဆိုပြီး ကြိုတွေး ကြိုကြောက် ဖြစ်နေကြတာ မြင်လို့တောင် မကောင်းပါဘူး အမေဇုံအွန်လိုင်းကုမ္မဏီပိုင်ရှင်ကြီး ဘီလျံနာ ဘေဇီုဟာ နာမည်ကြီး Washington Post သတင်းစာကို ပိုင်ပါတယ်။ ဝါရှင်တန်ပို့စ်က သတင်းစာတို့ထုံးစံ ဒီရွေးကောက်ပွဲမှာ သူတို့စီတ်ကြိုက်သမ္မတအဖြစ် ဒီမိုကရက် ဟဲရစ်ကို သဘောထားပေးကြောင်း အယ်ဒီတာအာဘော် ရေးကြပါတယ်။ သို့သော် သတင်းစာပိုင်ရှင် သဌေးကြီး ဘေဇီုက တားမြစ်တော်မူပါတယ်။ သည်တခါ ဘယ် သမ္မတလောင်းကိုမှ ထောက်ခံကြောင်း သဘောထားမပေးဘူး ဆိုပဲ။ ဘေဇိုဟာ ကျားမြင်တဲ့ခွေး ဖင် တရွတ်ဆွဲသလို ထရန့်ကို ကြောက်ရှာပါတယ်။ ထရန့်နိုင်သွားလို့ သူ့ကို အရေးယူမှာကို စိုးရိမ် ရပါသတဲ့။ သတင်းစာလောကမှာ ရှက်ဖွယ်လိလိ အုတ်အော်သောင်းနင်း။ သူ့သတင်းစာဝယ်ဖတ်နေသူ လူ ၂သိန်း က ချက်ခြင်း သူ့သတင်းစာကို နှစ်စဉ်ကြေးမပေးတော့ဘူးလို့ ရုတ်သိမ်းပြီး သူ့ကို ကန့်ကွက်ရှုတ်ချကြတယ်။ မြန်မာတွေက အမေရိကန်ကြင်စိုးကို ကြိုက်ကြပြီး အမေရိကန်တွေထဲက အချို့ကိုယ်ကျိုးကြည့်သူတွေက အမေရိကန်ကြင်စိုး ခေါ် ထရန့်ကို ကြောက်ကြတာ ရှက်စရာကြီး၊ ထွီချင်စရာကြီးပါ။

နိုဝင်ဘာ ၅ ရက်က အမေရိကန် ကံကြမ္မာကို ဆုံးဖြတ်မယ့် နေ့ပါ။ အမေရိကန်ပြည်သူတွေက ဒီမိုကရေစီကို ရွေးမလား၊ ကြင်စိုးကို ရွေးမလား။ ရွေးချယ် ကြတော့မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီကို ရွေးကြတယ်ဆိုရင်ဖြင့် တကမ္ဘာလုံး သက်မကြီး ချနိုင်ကြပါလိမ့်မယ်။ အမေရိကန်ကြင်စိုးကို ရွေးလိုက်ကြရင်တော့ – မြန်မာတွေ မြန်မာပြည်ပြန်စရာ မလိုတော့ဘူး။ ကြင်စိုးကိုယ်တိုင် အမေရိကန်ကို ရောက်လာနေပြီမို့ နွေဦးတော်လှန်ရေးကိုယ်တိုင်လည်း အမိန့်ပြန်တမ်းဖတ်ပြီး သင် သွားလိုရာ သွားနိုင်ပြီဆိုပြီး ရေစက်ချကြရုံသာ ရှိပါတော့တယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *