ချင်းပြည်မြို့တော် ဟားခါးအနီးရှိ ကီယမ်တောင်တပ်စခန်းကို ချင်းအမျိုးသားတပ်မတော်(CNA) ဦးဆောင်တဲ့ ချင်းလဲန်းကောင်စီ(CC)တပ်ပေါင်းစုက ပြီးခဲ့တဲ့အောက်တိုဘာလ ၂၈ ရက်နေ့ မနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၅ ဦးလောက်နဲ့တပ်စွဲထားတဲ့ အဲဒီစခန်းငယ်ကနေ ဗိုလ်မှူးတစ်ဦးအပါအဝင် လေးဦးအရှင်ဖမ်းမိတဲ့အပြင် သေနတ် ၁၅ လက် သိမ်းဆည်းရမိတယ်လို့ ချင်းကာကွယ်ရေးတပ်(ဟားခါး)မှ တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဆယ်ယောက်က တိုက်ပွဲမှာ ကျတယ်။ တစ်ယောက်က လက်နက်ချတယ်။ လေးယောက်ထွက်ပြေးတဲ့အနက် သုံးဦးဖမ်းမိတယ်။ စုစုပေါင်း လေးဦး အရှင်ဖမ်းမိပြီးတော့ တစ်ဦးလွတ်မြောက်သွားတယ်” လို့ သူက ပြောပါတယ်။
တိုက်ပွဲဖြစ်ရာကို ဟားခါးအခြေစိုက် ရုန်းတောင်စခန်းကုန်းကနေ လက်နက်ကြီးကျည်တွေ ပစ်ကူပေးတဲ့အတွက် CC တပ်ပေါင်းစုက ရဲဘော်တချို့ ထိခိုက်ကျဆုံးမှုရှိတယ်လို့ သိရပေမဲ့ စာရင်းအတိအကျကိုတော့ CJ Platform သတင်းဌာနအနေနဲ့ စုံစမ်းနေဆဲဖြစ်ပါတယ်။
ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း ဟားခါးမြို့ အထက-၂ ကျောင်းဘက်မှာ CDF-Hakha နဲ့ စစ်ကောင်စီတပ်တွေကြား မြို့တွင်းတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ အသက် ၃၀ အရွယ်ရှိ အဲဒီမြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။
“ဟားခါးမှာ ပစ်ခတ်သံတွေက နေ့တိုင်းလိုလို ကြားနေရတယ်။ မနေ့ကလည်း အထက ၂ ကျောင်းဘက်မှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲတွေက ဆက်နေတယ်။ စစ်သားတွေကလည်း မြို့ထဲ နေရာတိုင်းမှာ တပ်ဖြန့်ထားတော့ နေရာတိုင်းလိုလိုမှာ နေ့တိုင်းတိုက်ပွဲဖြစ်နေတယ်” လို့ သူက ပြောပါတယ်။
အခုရက်ပိုင်းအတွင်း ဟားခါးရှိ စစ်ကောင်စီတပ်ရဲ့ ရုန်းတောင်စခန်းကုန်းကနေ လက်နက်ကြီးကျည်တွေနဲ့ စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ ပစ်ခတ်တိုက်ခိုက်နေသလို မြို့တွင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကလည်း အင်အားအများအပြားနဲ့ ကင်းလှည့်နေပြီး ခြေရှုပ်နေကြတယ်လို့ ဟားခါးမြို့ခံတွေက ပြောပါတယ်။
ဟားခါးမှာ ရုန်းတောင်စခန်းကုန်း၊ ဟားခါးဗျူဟာကုန်း၊ မြို့မရဲစခန်း၊ ပြည်နယ်ရဲစခန်းအပါအဝင် အစိုးရဌာနအဆောက်အအုံတွေမှာ တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီစခန်းပေါင်း(၁၀)ခု ကျော်ထက်မနည်းရှိတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းနဲ့ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများကို တွေ့မြင်ရစဥ်။