အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အခြေစိုက်ရာ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် အာရက္ခတပ်တော် (AA) က အောက်တိုဘာ ၂၈ တွင် အမ်းမြို့ဟောင်းကို သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်က မကွေးဘက် မှ စစ်ကူပို့ရန် ကြိုးပမ်းနေသည်ဟု သိရသည်။
အမ်းလေယာဉ်ကွင်းအနီးရှိ မြို့ဟောင်းကို ရပြီးနောက် မြို့တောင်ဘက်ရှိ တိုင်းစစ်ဌာနချုပ်ကို ဆက်လက် ထိုးစစ်ဆင်နေသည်ဟု AA နှင့် နီးစပ်သော စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အောက်တိုဘာ ၂၇ တွင် လေတပ်က လက်နက်ခဲယမ်းများကို လေထီးနှင့်ချပေးရသော်လည်း စခန်းထဲသို့ ရောက်မသွားကြောင်း အထက်ပါ သတင်းရင်းမြစ်က ပြောသည်။
“မြို့ဟောင်းကို သိမ်းပြီးပြီ။ လေထီးနဲ့ချတဲ့ ပစ္စည်းတွေက နပခဝန်းထဲ မရောက်ဘူး။ ဖရိုဖရဲပါပဲ” ဟု ၎င်းက ဆိုသည်။
ကျလုနီးပါးဖြစ်နေသော တိုင်းစစ်ဌာနချုပ်ကို စစ်ကူရန် မကွေးတိုင်းဘက်မှ အင်အား ၁၀၀ ကျော် နှင့် ကား ၁၀ စီးပါ ယာဉ်တန်း ယနေ့ (အောက်တိုဘာ ၂၈) တွင် အမ်း-ပဒါန်းလမ်းမှ တဆင့် ထွက်ခွာသွားသည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။
ပိတ်မိနေသည့် ဒေသခံများ
တိုက်ပွဲပြင်းထန်နေသည့် အမ်းမြို့ထဲတွင် စစ်မရှောင်နိုင်သူတချို့လည်း ရှိသေးသည်ဟု အမ်းဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“အမ်းမြို့ကတော့ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ တည်ဆောက်ထားတဲ့မြို့ပေါ့။ နှစ်ဖက်လုံးက လက်နက်ကြီးတွေ သုံးကြတယ်။ စစ်ကောင်စီက လေကြောင်းလည်း သုံးတယ်။ AA နဲ့ ပူးပေါင်းတပ်တွေက မြို့လေးဖက် လေးတန်က ပိတ်ဆို့ပြီး လက်နက်ကြီးနဲ့ပစ်ခတ်တာတွေ ရှိတယ်။ စစ်ကောင်စီက အမ်းမြို့ အနီးအနားကျေးရွာတွေက ဒေသခံတွေကို မြို့ပေါ် ခေါ်ယူသွားတာရှိတယ်” ဟု ၎င်းက ပြောသည်။
“ထမင်းချက်စားဖို့ ဆန်တောင်ဝယ်လို့မရလို့ အသက်ကို စွန့်ပြီး ထွက်ပြေးလာရသူတွေ ရှိတယ်။ ဆန်တစ်ပြည် ကျပ်တစ်သောင်းနဲ့တောင် မရဘူး။ ဆန်ကိုကျိုပြီး စားနေရတာ”
တိုက်ပွဲများအတွင်း ဒေသခံ ထိခိုက်သေဆုံးမှုအခြေအနေကို မသိရသေးပေ။
အမ်းမြို့သိမ်းတိုက်ပွဲများသည် စက်တင်ဘာလ နောက်ဆုံးပတ်တွင် အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာ အနီးမှ စတင်ခဲ့ခြင်းဖြစ်သည်။
ထိုကျေးရွာနှင့်မလှမ်းမကမ်းတွင် တည်ရှိပြီး အမ်းမြို့အနောက်မြောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ စစ်ရေးအရ အရေးပါသော မဲတောင်ဗျူဟာကုန်းစခန်းကို ယင်းနေ့မှာပင် AA က စတင်တိုက်ခိုက်ခဲ့သည်။
အဆိုပါ မဲတောင်ဗျူဟာကုန်းတွင် စစ်ကိုင်းတိုင်း၊ ကလေး၊ မော်လိုက်၊ ဟုမ္မလင်းအခြေစိုက် စကခ (၁၀) လက် အောက်ခံတပ်ရင်းများဖြစ်ကြသော ခမရ (၃၆၂/၃၆၅/၃၆၉) တပ်ရင်းများ၊ အမ်း၊ နပခ ဌာနချုပ် လက်အောက်ခံ တပ်ရင်းအချို့ နှင့်စကခ (၅) လက်အောက်ခံ ခမရ (၃၄၆/ ၃၇၃/ ၃၇၂) တပ်ရင်းများ စုပေါင်းထားသော တပ်များဖြင့် အားဖြည့်ထားသည်။
မဲတောင်ဗျူဟာစခန်းကုန်းနှင့် ၎င်းနှင့်ဆက်စပ်စခန်းကုန်းများကို AA က ကာလအတန်ကြာကတည်းက ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ထားပြီးဖြစ်သည်။ ထို့နောက် စစ်ကောင်စီ၏ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများအကြားမှ အောက်တိုဘာ ၇ ရက်တွင် မဲတောင်စခန်းကုန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများ ရရှိခဲ့သည်။
ထို့နောက် မင်းပြား-အမ်းလမ်းအတိုင်း ဆက်လက်ထိုးစစ်ဆင်လာသော AA သည် မြို့အဝင် ခမရ ၃၇၃၊ စစ်ဆေးရုံ တို့ကို တိုက်ခိုက်ပြီး အမ်းလေယာဉ်ကွင်းအနီး ထိန်းချုပ်လိုက်သည်၊ လေယာဉ်ကွင်း အရှေ့ဘက်ရှိ ခမရ ၃၇၂ ကိုလည်း တိုက်ခိုက်သိမ်းပိုက်ကာ မြို့တောင်ဘက်ရှိ နပခ အနီး ချည်းကပ် တိုက်ခိုက်လာသည်။
အမ်းစစ်ဌာနချုပ်အနီး တိုးကပ်လာသော AA က စစ်ဖက် ရေးရာလုံခြုံရေးတပ်(စရဖ)၊ ဆေးတပ်နှင့် စစ်မြေပြင် အင်ဂျင်နီယာတပ် (B.E) တို့ကို သိမ်းပိုက်ခဲ့ပြန်သည်။
AA သည် မင်းပြား -အမ်းမြို့အဝင် စစ်တွေ – ရန်ကုန် ကားလမ်းမကြီးပေါ် တွင်တည်ရှိသော ခမရ (၃၇၃) ကို အောက်တိုဘာ ၁၆ ရက်ခန့်ကတည်းက ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ရခိုင်နိုင်ငံရေးသမားဖြစ်သော လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းက မောင်တော၊ ဂွနှင့် အမ်း တို့တွင် တိုက်ပွဲများပြင်းထန်နေကြောင်း၊ ထိုမြို့များကို AA က မကြာမီ ထိန်းချုပ်နိုင်ဖွယ်ရှိကြောင်း ပြောသည်။
“အမ်းဆိုရင် မြို့ထဲအထိ သူတို့ (AA တပ်ဖွဲ့တွေ) ရောက်သွားပြီပေါ့” ဟု ဦးဖေသန်းက ဆိုသည်။
“မောင်တော နခခ -၅ က စခန်းတစ်ခုပဲ ကျန်တယ်။ ဒီ ၃ မြို့ကတော့ မကြာခင် တစ်လအတွင်း လောက်ပဲ လို့ ကျွန်တော် မှန်းပါတယ်”
စစ်ဌာနချုပ်သာ ကျပါက စစ်ကောင်စီတပ်ဖွဲ့များ ကစဉ့်ကလျားဖြစ်သွားနိုင်သည်ဟု ၎င်းက မှတ်ချက်ပြု သည်။
“အမ်းက စစ်ဌာနချုပ်ဆိုတော့ ချင်းပြည်နယ်တောင်ပိုင်းတို့၊ အရှေ့ပိုင်းတို့ ကို အဲလောက်ထိ နယ်မြေ ကျယ်ပြန့်ပြီး ညွှန်ကြားနေတဲ့ ဌာနချုပ်ပေါ့။ တစ်နည်းပြောရမယ်ဆိုရင် တိုင်းစစ်ဌာနချုပ်တစ်ခုလုံးရဲ့ ဦးခေါင်းပေါ့။ အဲဒီခေါင်း ဖြတ်ခံရပြီဆိုရင်တော့ တစ်ကိုယ်လုံးက မလှုပ်ရှားနိုင်အောင် ဖြစ်သွားမှာပေါ့။ အဲဒါကြောင့် သူတို့လည်း အသည်းအသန် ခုခံနေတာပေါ့” ဟု ၎င်းက ဆက်ပြောသည်။
“ စစ်ဌာနချုပ်သာ ကျဆုံးသွားမယ်ဆိုရင် လက်နက်ချရင်လည်း ချပေါ့။ ခုခံတိုက်ရင်လည်း တိုက်ပေါ့။ သူတို့မှာ ထွက်ပေါက်မရှိတော့ဘူးလေ”
အမ်းမြို့နယ်သို့ ဝင်ရောက်ရာလမ်းများဖြစ်သည့် အမ်း-မအီကားလမ်း၊ အမ်း-တပ်တောင်လမ်း၊ အမ်း- စစ်တွေ လမ်း၊ အမ်း-ပဒါန်းလမ်း တို့ကို AA နှင့်မဟာမိတ်တပ်များက ဝိုင်းရံပိတ်ဆို့ရန် ကြိုးပမ်းနေပြီး ဩဂုတ်လကုန်ခန့်ကတည်းက တိုက်ပွဲများ ရှိခဲ့သည်။
ရခိုင်ပြည်နယ်သည် မြောက်ဘက်တွင် ချင်းပြည်နယ်၊ အရှေ့ဘက်တွင် မကွေးတိုင်းတို့နှင့် နယ်မြေ ထိစပ် နေရာ နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာသည့် ထိုဒေသအခြေစိုက် တပ်ဖွဲ့များသည် AA နှင့် ကူးလူး ဆက်ဆံမှုများ ရှိကြသည်။
မကွေးတိုင်း၊ ငဖဲမြို့အခြေစိုက် လူထုလွတ်မြောက်ရေး မဟာမိတ်အင်အားစု- မကွေး (PRA-Magway) သည် လည်း AA ၏ မဟာမိတ်ဖြစ်ပြီး အမ်း-ပဒါန်းလမ်း တိုက်ပွဲများတွင် ပါဝင်နေသည်။
အလားတူ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ပြည်သူ့လွတ်လပ်ရေး တပ်တော် (PIA) တို့ အမ်းဒေသ စစ်ဆင်ရေးများတွင် ပါဝင်တိုက်ခိုက်နေကြသည်။
ယမန်နေ့ (အောက်တိုဘာ ၂၈) ရက် မွန်းတည့်အချိန်က အမ်းမြို့နယ်ဘက်မှ ရိက္ခာပို့ပြီး ပြန်လာသော စစ်တပ် ကား ၂ စီး ၊ ဆိုင်ကယ် ၂ စီးကို ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) မင်းဘူးခရိုင် အမှတ်(၂) တပ်ရင်းက ထုတ်ပြန် ထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး သေဆုံးခဲ့သည်ဟု ဆိုသော အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ်(၂) တပ်ရင်းနှင့် မဟာမိတ် အရှိုချင်းကာကွယ်ရေးတပ် (ACDF) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့သည်ဟု သိရသည်။
စစ်တပ်က သတင်းနေ့စဉ် ထုတ်ပြန်နေသော်လည်း ရခိုင်ဒေသ တိုက်ပွဲသတင်းများကို အမှောင်ချထားသည်။
အမ်းတိုက်ပွဲ ပထမ ၆ လ
အမ်းမြို့နယ်အတွင်း တိုက်ပွဲများသည် ယခုနှစ် ဇန်နဝါရီလမှစတင်ဖြစ်ပွားခဲ့ပြီး မတ်လနောက်ဆုံး ပတ် ကလည်း တိုက်ပွဲများရှိခဲ့သည်။
စစ်ရေးအရ အရေးပါသော တောဟိန်းတောင်ဗျူဟာကုန်းကို ဇွန်လတွင် AA အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး နောက် အမ်းတိုက်ပွဲ ရပ်တန့်သွားခဲ့သည်။
ရှေ့တန်းတပ်မ အထိုင်ဗျူဟာစခန်းကြီးဖြစ်သည့် “တောဟိန်းတောင် ဗျူဟာ” ကို ဇွန် ၂၃ ရက် နံနက် ၁၀ နာရီတွင် AA က အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး ထိုဗျူဟာစခန်းကို ရက်ပေါင်း ၇၀ ကျော် (၂ လကျော်ကြာ) ထိုးစစ်ဆင်ခဲ့ရသည်။
ထိုစခန်းသည် အမ်းမြို့နယ် စွေ့ချောင်းရွာနှင့် ကဇုကိုင်းရွာတို့ကို ဆက်သွယ်သော ကဇုကိုင်းဘေလီတံတားအနီးတွင် တည်ရှိသည်။ တံတားတစ်ဖက်ကမ်း စွေ့ချောင်းရွာတွင် အခြေစိုက် ထားသည့် စွေ့ချောင်းဗျူဟာကုန်းကို AA က သိမ်းပိုက်ပြီးဖြစ်သည်။
ထို့နောက် စက်တင်ဘာနောက်ဆုံးပတ်တွင် အမ်း၌ တစ်ကျော့ပြန်တိုက်ပွဲအဖြစ် မဲတောင်ဗျူဟာကုန်း စခန်းသိမ်းပွဲမှစတင်ကာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလာခြင်းဖြစ်သည်။
တရုတ်စီမံကိန်းများရှိရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့သော်လည်း လက်ရှိတွင် စစ်ရေးငြိမ်သက်နေကြောင်း သိရသည်။
စစ်တွေမြို့တွင် အိန္ဒိယ၏ ကုလားတန်စီမံကိန်းရှိသလို ကျောက်ဖြူမြို့နယ်တွင် တရုတ်၏ ရေနက်ဆိပ် ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းများ ရှိနေသည်။
ရခိုင်နှင့်ချင်း မျိုးနွယ်စုအများစုရှိပြီး လူဦးရေ ၁ သိန်း၂ သောင်းကျော်နေထိုင်သည့် အမ်းမြို့သည် ရခိုင် ပြည်နယ်နှင့် မကွေးတိုင်းနယ်စပ်တွင် တည်ရှိသည်၊ စီးပွားရေးမဖွံ့ဖြိုးသော်လည်း ရခိုင်ပြည်နယ် နှင့် ချင်း ပြည်နယ်တောင်ပိုင်း စစ်ဒေသ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ မြို့ဖြစ်သဖြင့် စစ်ရေးအရ အရေးပါသည်။
အမ်းမြို့တွင် တရုတ်သို့ တင်ပို့သည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားသည်၊ တရုတ်နယ်စပ် အထိ အရှည်ကီလိုမီတာ ၇၀၀ ကျော်ရှိ ပိုက်လိုင်းမှာ ၂၀၁၃ ခုနှစ်တည်းက စတင်လည်ပတ်ခဲ့ပြီး တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ နေ့စဉ် တင်ပို့ရောင်းချနေသည်။
ထို့ကြောင့် အမ်းမြို့ကိုရပါက ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်းများ ရှိနေသော ကျောက် ဖြူမြို့နယ်ကိုပါ AA က ထိန်းချုပ်နိုင်မည်ဖြစ်သလို မာန်အောင်ကို သိမ်းပိုက်ရေး မခက်ခဲနိုင်တော့ပေ၊ မလှမ်းမကမ်းရှိ ရမ်းဗြဲမြို့ကလည်း AA က ရရှိထားပြီးဖြစ်သည်။
ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက အမ်းကို တိုက်ခိုက်နေသည့် AA ၏ အောင်မြင်မှုများ ပိုမို ကြီးမားလာနေသည်ဟု ဆိုသည်။
“အမ်းရဲ့မြင်ကွင်း၊ လက်ရှိတိုက်ပွဲဟာ ပြင်းထန်နိုင်တယ်။ အကျိုးရလဒ်လည်း တော်တော်ကို ရှိနိုင်တယ်။ တကယ်တမ်းရှုံးနိမ့်မယ်ဆိုရင်တော့ သူတို့လည်း ခေါင်းမရှိတဲ့ကိုယ် ဖြစ်သွားမှာပေါ့” ဟု ၎င်းက သုံးသပ်သည်။
“ အထူးသဖြင့် အမ်းနှင့်မောင်တောကတော့ ဒီတစ်လအတွင်း အဖြေပေါ်သွားနိုင်ပါတယ်။ ခြုံပြောရရင်တော့ အာရက္ခ တပ်တော်နဲ့ မြန်မာစစ်တပ် တိုက်ပွဲတွေကတော့ ပိုပိုပြီး ပြင်းထန်လာတယ်။ ကျယ်ပြန့်လာတယ်။ အာရက္ခတပ်တော်ရဲ့ အောင်ပွဲက ပိုများလာတယ်။ အုပ်ချုပ်ရေး ဧရိယာတွေလည်း ကျယ်ပြန့်လာတယ်”
လက်ရှိတွင် AA က ရခိုင် ၁၀ မြို့နှင့် ချင်းတစ်မြို့ကိုသိမ်းထားပြီး ပြည်နယ်တောင်ဘက် ဧရာဝတီတိုင်း နှင့် ထိစပ်ရာ နေရာများတွင် တိုက်ပွဲများဖြစ်နေသည်။