ylliX - Online Advertising Network
အန်ကယ် တူမီး - အမှောင်ထဲက ဒိုင်ယာရီ ( ၁၂၅ )

အန်ကယ် တူမီး – အမှောင်ထဲက ဒိုင်ယာရီ ( ၁၂၅ )


(မိုးမခ) အောက်တိုဘာ ၂၈ ၊ ၂၀၂၄

28/10/24

Diary in the darkness 

မနက်စောစောစီးစီး ဈေးကပြန်လာတဲ့ မိန်းမက အာလူးတစ်ပိဿာ တစ်သောင်းဈေး ခုန်တက်သွားလို့ ပူညံ ပူညံ။ ကုန်တိုက်တွေမှာလည်း ပစ္စည်းတချို့ ပြတ်နေတယ်။ ဆီတွေ ပြတ်တော့မယ်လို့ သတင်းတွေပြန့်နေတယ်။ စစ်တပ်က ကုန်ပစ္စည်းတွေကို လိုက်လံသိမ်းဆည်းနေတယ်ဆိုတဲ့သတင်းတွေ လူမှုကွန်ရက်ပေါ်မှာ အဆက်မပြတ် တက်နေတယ်။ 

တရုတ်နိုင်ငံကလည်း နယ်စပ်ကုန်သွယ်ရေးတွေ ပိတ်လိုက်ပြီတဲ့။ ထိုင်းဘက်ကလည်း မြဝတီကုန်သွယ်ရေးလမ်းကြောင်း ပျက်သလောက် ဖြစ်သွားပြီ။ မဲခေါင်မြစ်ကြောင်းကတော့ ကုန်သွယ်ရေး မပျက်သေးဘူးလို့ သိရတယ်။ MNDAA ကိုလဲ တရုတ်က မီးနဲ့ ရေ ဖြတ်လိုက်ပြီတဲ့။

လူတွေ ထိတ်လန့်နေကြတယ်။ အရာရာကို ထိတ်လန့် စိုးရိမ်နေကြတာ။ စစ်မှုထမ်း ဥပဒေ၊ ဧည့်စာရင်းဥပဒေ၊ ခိုးဆိုးနှိုက်အန္တရာယ်၊ ကုန်ဈေးနှုန်း၊ နေ့စဉ်နဲ့အမျှ သောကတွေနဲ့ မျက်နှာသစ်နေရတယ်။ 

တက္ကသိုလ်က ဆရာမတစ်ယောက်က နယ်စပ်ကို ပြေးတော့မှာမို့ သူ စုထားတဲ့ စာအုပ်တွေ ဝေပေးနေတယ်။ တချို့ အိမ်ရောင်းပြီး နိုင်ငံခြားမှာ လမ်းဘေးဈေးဆိုင်ဖွင့်ဖို့ ပြင်ဆင်နေတယ်။ ပညာတတ် သားသမီးတွေ လမ်းဘေးဈေးမှာ စားပွဲထိုးလုပ်နေတာ အဆင်ပြေနေပါသတဲ့။ ဘာတွေ ဖြစ်ကုန်ပြီလဲ။ 

လားရှိုးက မိတ်ဆွေတစ်ယောက်ကတော့ လားရှိုးမှာ အင်တာနက် လွတ်လွတ်လပ်လပ် သုံးလို့ရတယ်။ ဘိန်းစား သူခိုးတွေ နည်းသွားတယ်။ MNDAA က မြို့သူမြို့သားတွေကို ကူညီတယ်။ ဗုံးထိတဲ့နေရာတွေကိုလည်း သန့်ရှင်းရေးလည်း လုပ်ပေးတယ်။ နေစရာ စားစရာ အခက်အခဲဖြစ်သူတွေကို ကူညီတယ်လို့ ဆိုတယ်။ နေ့စဉ် ဗုံးကြဲနေတာကတော့ မရပ်သေးဘူးလို့ ဆိုတယ်။ 

မေမြို့ကို TNLA နဲ့ PDF တွေ ထိုးစစ်ဆင်တော့မယ်။ အမ်းမြို့ကိုလည်း ရခိုင်တပ်တော်က သိမ်းတော့မယ်။ ကရင်နဲ့ မွန်ဘက်မှာလည်း တော်လှန်ရေးတပ်တွေက မြို့သိမ်းတိုက်ပွဲတွေ စနေပြီ။ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းလညး ရှေ့မတိုးနိုင်။ ကရင်ပြည်နယ်က စစ်ကောင်စီစခန်းတွေ ရိက္ခာပြတ်နေ။ စစ်တပ်ရဲ့ ထောက်ပို့တပ်တွေလည်း ကြားဖြတ်တိုက်ခိုက်ခံနေရ။ တော်လှန်ရေးဘက်က ထောက်ပို့တပ်တွေကတော့ အများအားဖြင့် အဆင်ပြေကြတယ်။ ပဲခူးရိုးမ အရှေ့ခြမ်းဘက်မှာတော့ လမ်းတွေ ပိတ်နေလို့ ပို့ဆောင်ဖို့ ခက်နေတယ်တဲ့။ ဘုန်တော်ကြီးတွေကလည်း ကထိန်ကရတဲ့ ပစ္စည်းတွေကို တော်လှန်ရေးတပ်တွေကို စွန့်ကြသတဲ့။ 

စစ်ကောင်စီဘက်က လက်နက်ချသူတွေ နဲ့ သုံ့ပန်းတွေ၊ ပျူစောထီး တွေ အမြောက်အမြားကို တော်လှန်ရေးတပ်တွေက ဖမ်းမိတဲ့ ဗီဒီယိုဖိုင်တွေက နေ့စဉ်နဲ့အမျှ လူမှုကွန်ရက်ပေါ်မှာ တွေ့နေရတယ်။ 

တရုတ်က စစ်ကောင်စီကို ပေါ်ပေါ်တင်တင် ထောက်ခံကြောင်း ပြသနေတယ်။ ထိုင်ဝမ်ကို အမေရိကန်က စွမ်းအားမြင့်လက်နက်တွေ ရောင်းချတဲ့သတင်း ဒီနေ့မနက် ဖတ်ရတယ်။ 

မြန်မာပြည်တော့ အင်အားကြီးနိုင်ငံနှစ်ခုကြားက မြေစာပင် ဖြစ်တော့မယ့်အရေး စိတ်ပူနေကြတယ်။ 

နိုင်ငံတစ်နိုင်ငံ၊ ကမ္ဘာကြီတခုလုံး တိုးတက်ဖို့ ပညာရှိသူတော်ကောင်း အမြောက်အမြား လိုတယ်။ ဒါပေမဲ့ အားလုံး ပျက်စီးဖို့ကတော့ အရူးလူမိုက်တစ်ယောက်ပဲ လိုတယ်။ 

မယုံမရှိနဲ့ ကိုယ် တွေ့ပါဗျာ။

အန်ကယ် တူမီး

280/10/24

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar





Source link

Leave a Reply

Your email address will not be published. Required fields are marked *